တောင်ကုတ် လယ်တက်ထွန်သူ မူလပိုင်ရှင်လယ်သမားများ တရားစွဲဆိုခံရ

တောင်ကုတ် လယ်တက်ထွန်သူ မူလပိုင်ရှင်လယ်သမားများ တရားစွဲဆိုခံရ
by -
နိရဥ္စရာ

အငြင်းပွားနေသော လယ်မြေများပေါ်တွင် လယ်တက်ထွန်သူ ရခိုင်ပြည်နယ်တောင်ကုတ်မြို့မှ မူလပိုင်ရှင် လယ်သမားများမှာ တရားစွဲဆိုခံနေကြရကြောင်း သတင်း ရရှိသည်။

“ ပထမ တစ်ယောက် တရားစွဲဆိုခံရတာက မောင်မြင့်နိုင်ဖြစ်ပါတယ်။ သူက သူပိုင်တဲ့ လယ်မှာ လယ်တက်ထွန်တဲ့ အတွက် အဲဒီမြေမှာ ပုံစံ (၁၀၅)၊ လနဖေါက်ထားတဲ့  ဒေါ်ပုမြိုင်ရဲ့တူက တရားစွဲတာ ဖြစ်ပါတယ်” ဟု လယ်သိမ်းခံရသူ လယ်သမားများထဲမှ တစ်ဦးဖြစ်သူ ဦးသောင်းဖေက ပြောသည်။

တောင်ကုတ်မြို့ ကိုင်းရှည်ကျေးရွာအနီးရှိ ဦးသောင်းဖေနှင့် ဦးမောင်မြင့်နိုင်တို့ အပါအဝင် လယ်သမား (၃) ဦးပိုင်ဆိုင်သော လယ်မြေ ရ ဒသမ ၉ ဧကကို မြေစာရင်း ဦးစီးဌာနမှ လျှော်ကြေး တစ်စုံတစ်ရာ မပေးဘဲ ၁၉၉၄- ၁၉၉၅ ခုနှစ်က သိမ်းယူသွားခဲ့သည်ဟု ဆိုသည်။

“ ဦးက သူတို့သိမ်းသွားပေမယ့် စိုက်ပျိုးရေးဌာနနဲ့ ပူးပေါင်းပြီး၂၀၁၂ ထိ စံပြတောင် စိုက်ပျိုးခဲ့တယ်။ အဲဒီမြေမှာ ၂၀၁၃ ခုနှစ်မှာ လာပြီး သူတို့က ခြံထိုးတယ်။ အဲဒီမြေတွေအတွက် လျှော်ကြေးလည်း တစ်စုံတစ်ရာ မပေးဘူး။ သိမ်းတာက မြေစာရင်းလို့ဘဲ ပြောရမှာပေါ့။ အဲဒီသိမ်းသွားတဲ့ လယ် ရဧကကျော်မှ ဦးဆီက သက်သက် ၄ ဧကကျော် ပါသွားခဲ့ပါတယ်။ ဦးအနေနဲ့ တအားနစ်နာတယ်” ဟု သူက ဆက်ဆိုသည်။

ထိုသို့ ခြံလာထိုးသဖြင့် မူလ လယ်ပိုင်ရှင် တစ်ဦးဖြစ်သူ မောင်မြင့်နိုင်မှ ၎င်း၏ အသိမ်းခံရသော မြေပေါ်တွင် နွားတစ်ရှဉ်းနှင့် အတူ ၂၀၁၄ ခုနှစ် ဇွန်လ (၁၆)  ရက်နေ့က လယ်တက်ထွန်ခဲ့သည်။

“ လယ်ထွန်နေတဲ့ အချိန်မှာ ရဲက တာဝန်ရှိသူတွေ ရောက်ရှိလာပြီး လယ်ထွန်တာကို ရပ်ဖို့ ပြောတယ်။ ပီးတော့ သူတို့ က ဘာပြောသလဲဆိုရင် ဒီမြေပေါ်မှာ ခြံလည်းမထိုးနဲ့၊ လယ်လည်း မထွန်နဲ့ဆိုပီး တားပစ်ခဲ့တယ်။ အဲသလို နောက်ပိုင်းမှာ အဲဒီမြေကို ရရှိထားတဲ့ ဒေါ်ပုမြိုင်ရဲ့ တူကနေ မောင်မြင့်နိုင်ကို တရားစွဲတယ်” ဟု ဦးသောင်းဖေက ဆက်ဆိုသည်။

၎င်းတရားစွဲဆိုမူကို တောင်ကုတ်မြို့နယ် တရားရုံးက လက်ခံပြီး လာမည့် ဇူလိူင်လ (၂၃) ရက်နေ့တွင် အမူကို စတင်ကြားနာစစ်ဆေးမည်ဟု သိရသည်။

“ ဒီမြေတွေက နိုင်ငံတော်စီမံကိန်းအတွက်လည်း သိမ်းတာ မဟုတ်ဘူး။ နိုင်ငံတော်အတွက်ဆိုရင်လည်း တစ်မျိုးပေါ့။ အခု မြေစာရင်းက သိမ်းပြီး အကွက်လိုက် ရောင်းချထားတယ်။ ဦးတို့ကိုလည်း တန်ရာတန်ကြေး တစ်ပြားမှ မပေးဘူး။ ဦးတို့လိုချင်တာက ဦးတို့ရဲ့ လယ်မြေတွေကို ထိုက်တန်တဲ့ လျှော်ကြေးပေး၊ မပေးရင် ဦးတို့လယ်ကို ဦးတို့ကို ပြန်ပေးစေချင်တယ်”  ဟု ဆိုသည်။

အလားတူ တောင်ကုတ်မြို့ ဂေါက်ကွင်းတွင် လယ်တက်ထွန်သူ မူလပိုင်ရှင် လယ်သမား (၆) ဦးကိုလည်း ဂေါက်ကွင်း အတွင်းရေးမှူး ဦးဌေးဝင်းက တရားစွဲဆိုခဲ့သည်ဟု သိရသည်။

တောင်ကုတ်မြို့တွင်ကိုင်းရှည်ရွာ အနီးတွင် တည်ရှိသော လယ်သမား ၉ ဦးပိုင် လယ်ဧက အကျယ်အဝန်း ရ၀ ဒဿမ ၄၈ ဧကကို စစ်တပ်မှ ၂၀၀၁ ခုနှစ်တွင် လျော်ကြေး တစ်စုံတစ်ရာ မပေးဘဲ သိမ်းယူသွားခဲ့သည်။

လွန်ခဲ့သောနှစ် နို်ဝင်္ဘာလ ၁၇ ရက်နေ့တွင်  တောင်ကုတ်မြို့ စကခ (၅) ဋ္ဌာနချုပ်မှ ဗိုလ်မှုး သက်နိုင်ဦးက လယ်သမားများကို စစ်တပ်သို့ ဖိတ်ခေါ်ပြီး ဂေါက်ကွင်းမြေကို စစ်တပ်က သိမ်းယူထားခြင်း မဟုတ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်ဟု ပြောသည်။

ယင်းနောက်ပိုင်း ဇွန်လ (၂၄) ရက်နေ့တွင် လယ်သမား (၆) ဦးက ဂေါက်ကွင်းတွင် လယ်တက်ထွန်ခဲ့ကြသည်။ ထိုသို့ လယ်ထွန်နေစဉ်  ရဲတပ်ဖွဲ့ဝင်များနှင့် အတူ မြို့နယ် ထွေအုပ်အပါအဝင် သက်ဆိုင်ရာမှ လူကြီးများ၊ မြေစာရင်းဦးစီးမှုး၊ စည်ပင်သာယာရေးကော်မီတီဥက္ကဋ္ဌ တို့မှ ရောက်လာပြီး ပြဿနာကို အေးချမ်းစွာ ဖြေရှင်းကြရန် မေတ္တာရပ်ခံသဖြင့် လယ်သမားများမှ လယ်ထွန်ခြင်းကို ရပ်တန့်လိုက်သည်ဟု သူက ဆိုသည်။

ယင်းနောက်ပိုင်းတွင် လယ်သမားများမှာ တရားစွဲဆိုခံရခြင်း ဖြစ်သည်။ သို့သော်လည်း ဥပဒေရုံးမှ တရားစွဲဆိုရန်မှာ ဥပဒေကြောင်းအရ ခိုင်လုံ မရှိကြောင်း ပြောဆိုသဖြင့် ဂေါက်ကွင်းကော်မီတီမှ တရားစွဲမူမှာ အထမမြှောက်ခဲ့ဟု တောင်ကုတ်မြို့မှ လယ်သမားအရေး ဆောင်ရွက်နေသူ တစ်ဦးက နိရဥ္စရာသို့ ပြောသည်။

ယခုအခါ လယ်သမားများက ယင်းလယ်မြေများ သိမ်းယူခံရသဖြင့် နှစ်ပေါင်း (၁၅) နှစ်အတွင်း သိန်းပေါင်း (၅၀၀၀) နီးပါး နစ်နာဆုံးရှံုးမူ ရှိခဲ့သည်ဟု ဆိုကာ လျှော်ကြေး ရလိုကြောင်း ယင်းမြေများအား သိမ်းဆည်းထားသူများကို ပြန်လည် တရားစွဲဆိုရန် စီစဉ်နေကြောင်း သူက ပြောသည်။

“ သိ်န်း တစ်ရာနီးပါးဆိုရင်တော့ တောင်ကုတ်မြို့နယ် တရားရုံးမှာ တရားစွဲလို့ရတယ်။ အခုက သိန်း ၅၀၀၀ ထိဆိုတော့ မြို့နယ်ရုံးနဲ့ မဖြစ်နိုင်တဲ့ အတွက် သံတွဲခရိုင်တရားရုံးမှာ တရားစွဲရပါမယ်” ဟု တရားရေး အကြောင်း နားလည်သူ တစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ် အတွင်း စစ်တပ်နှင့် တစ်ခြား အစိုးရဌာနများက သိမ်းယူထားခဲ့သော လယ်မြေများကို မူလပိုင်ရှင်များသို့ ပြန်ပေးရာတွင် ရှင်းလင်းပြတ်သားမူ မရှိသဖြင့် ဒေသခံပြည်သူများ အကြားတွင် စိတ်ဝမ်းကွဲပြားမူများ ပေါ်ပေါက်နေ၍ သက်ဆိုင်ရာမှ အမြန်ဆုံး ပြန်လည်စိစစ်ပြီး ဖြေရှင်းပေးရန် ရခိုင်ပြည်သူများက လိုလားနေကြသည်ဟု သိရသည်။

Most read this week