ဥပဒေဟောင်းဖြင့် ထောင်ချသည့် ကိစ္စကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မေးမြန်းစုံစမ်း

ဥပဒေဟောင်းဖြင့် ထောင်ချသည့် ကိစ္စကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မေးမြန်းစုံစမ်း
by -
မဇ္စျိမ

အစိုးရက ဥပဒေဟောင်းများဖြင့် ထောင်ဒဏ်များ အပြစ်ပေးနေသည့် ကိစ္စရပ်များအပေါ် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စရန်ဟီလီက စိတ်ဝင်တစားမေးမြန်းခဲ့သည်ဟု ၎င်းနှင့်
တွေ့ဆုံခဲ့သူများက မဇ္ဈိမကို ပြောသည်။

အထူးကိုယ်စားလှယ်နှင့် စာနယ်ဇင်း မီဒီယာအဖွဲ့၊ လူ့အခွင့်အရေးလှုပ်ရှားသူများ၊ တရားရေးဆိုင်ရာ အဖွဲ့အစည်းတို့နှင့် ရန်ကုန်မြို့ရှိ ကုလသမဂ္ဂရုံးတွင် ဇူလိုင် ၂၀ ရက် ညနေပိုင်းက သီးခြားစီ
တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

New-United-Nations-Human-Rights-Special-Envoy-to-Myanmar-Yanghee-Lee

ထိုသို့တွေ့ဆုံစဉ် ကိုလိုနီခေတ် ဥပဒေဖြင့် ယူနတီဂျာနယ် တာဝန်ရှိသူတို့ကို ထောင်ဒဏ် ၁၀ နှစ်စီ အပြစ် ပေးခဲ့သည့်ကိစ္စကို ကုလအထူးကိုယ်စားလှယ်ကအဖွဲ့အားလုံးကို မေးမြန်းသည်ဟု တက်ရောက်ခဲ့ သူတို့က
ပြောသည်။

“တရားဥပဒေစိုးမိုးရေးအတွက် အစိုးရက ဘာလုပ်နေလဲ၊ ဘာတွေ အခက်အခဲရှိတာလဲ၊ တရားစီရင်ရေးက အုပ်ချုပ်ရေးနဲ့ ပေါင်းပြီး အထက်က အမိန့်နဲ့ ပြစ်ဒဏ်ချတာတွေ၊ ဥပဒေဟောင်းတွေကို မပြင်ဘဲနဲ့ အဲဒါတွေ သုံးပြီးအရေးယူတဲ့ အခြေအနေတွေကို မေးတယ်”ဟု ရှေ့နေများကွန်ရက်မှ ဦးကိုနီက ပြောသည်။

ထို့ပြင် ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခြင်း အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြသေးပြီး ယင်းပုဒ်မသည် အခြေခံဥပဒေကပေးထားသည့် အခွင့်အရေးကို ကျော်လွန်ရာ ရောက်နေသည်ဟု ရှေ့နေကွန်ရက် အဖွဲ့ဝင်များက ဆွေးနွေးခဲ့သည်ဟု ပြောသည်။

တွေ့ဆုံစဉ် လူမှုကွန်ရက်မီဒီယာများ ပေါ်၌ အမုန်းတရား ဖြန့်ဖြူးနေသည်များအပေါ် အစိုးရ၏ ဖြေရှင်းမှုကို ကုလကိုယ်စားလှယ်က မေးခွန်းထုတ်ခဲ့သေးသည်ဟု ဆိုကြသည်။

“ဘာသာရေး အခြေခံမုန်းတီးမှုတွေကြားထဲမှာ လူ့အခွင့်အရေး လှုပ်ရှားဆောင်ရွက်နေသူတွေ ခြိမ်းခြောက်ခံနေရ တာတွေ၊ အစိုးရကဘာမှ အရေးယူမှုမရှိတာတွေကို ပြောပြခဲ့တယ်”ဟု Equality Myanmar မှ ဦးအောင်မျိုးမင်း က ပြောသည်။

ကုလလူ့အခွင့်အရေး ကိုယ်စားလှယ်ကမူ ကိစ္စရပ်များအပေါ် မည်သည့်မှတ်ချက်မှ မပေးခဲ့ဟုတက်ရောက်သူများ က ဆိုသည်။ ၎င်း၏ အပြန်ခရီးစဉ်ဖြစ်သည့် ဇူလိုင် ၂၆ ရက်တွင်မူ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရန် စီစဉ်ထားသည်။

၎င်းသည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အင်းစိန်အကျဉ်းထောင်သို့လည်း သွားရောက်ခဲ့သေးသည်။ ထို့ပြင် ရခိုင်ပြည်နယ် သို့ သွားရောက်ခဲ့ပြီး ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်း၊ နယ်စပ်ရှိ ဒုက္ခသည် စခန်းများ၊ ဒေသခံများနှင့်လည်း တွေ့ဆုံခဲ့သေးသည်။ ထို့ပြင် ရခိုင်ပြည်နယ်အတွင်း လုပ်ဆောင်နေသည့် ၁၉၈၂ ဥပဒေဖြင့် နိုင်ငံသားစိစစ်ခြင်း လုပ်ငန်းများကိုလည်း မေးမြန်းခဲ့သည်။

Most read this week