ကြံုတွေ့ရ ပြဿနာများ SSPP/ SSA မှ ငြိမ်းချမ်းစွာ ဖြေရှင်း လိုမှု မရှိဟု ဒု- ကက ဝန်ကြီး ပြော

ကြံုတွေ့ရ ပြဿနာများ SSPP/ SSA မှ ငြိမ်းချမ်းစွာ ဖြေရှင်း လိုမှု မရှိဟု ဒု- ကက ဝန်ကြီး ပြော
by -
သျှမ်းသံတော်ဆင့်

နယ်မြေ စိုးမိုးရေး ဆောင်ရွက်နေသည့် နယ်မြေခံ တပ်မတော် စစ်ကြောင်းများအား SSA (ဝမ်ဟိုင်း) အဖွဲ့က အလစ်ငိုက် တိုက်ခိုက်မှုမှာ SSA (ဝမ်ဟိုင်း) မှ ပြဿနာများအား ငြိမ်းချမ်းစွာ ဖြေရှင်းလိုမှု မရှိဟု နေပြည်တော် အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် ကျော်ညွန့်က လွှတ်တော် အတွင်း ပြောကြား လိုက်သည်။

၂၀၁၄ ဂျူလိုင် ၁၅ ရက်က ဝမ့်ဝပ်ကျေးရွာအုပ်စု စစ်ဘေးရှောင်သူများ အေးချမ်းစွာပြန်လည်နေထိုင်ရေး လုပ်ကိုင်စားသောက်နိုင်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အမြန်ဆုံးကူညီဖြေရှင်း ဆောင် ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရအား လွှတ်တော်အတွင်းအရေးကြီးအဆိုတရပ်ကို  ကျေးသီးမြို့နယ် ပြည်သူ့လွှတ်တော်အမတ် စိုင်းအွမ်ဆိုင်မှိုင်းက တင်သွင်းရာ ပြည်ထောင်စု ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်ကျော်ညွှန့်က - SSA (ဝမ်ဟိုင်း)အဖွဲ့သည် ပြဿနာများအား ငြိမ်းချမ်းစွာ ဖြေရှင်းလိုမှု မရှိဘဲ ဒေသခံတိုင်းရင်းသားအရေးကို ခုတုံးလုပ် အကာအကွယ်ရယူပြီး တစ်ဖက်လှည့် ဆောင်ရွက် လာခြင်း သာဖြစ်သည်  ဟု စွပ်စွဲ ပြောဆိုလိုက်သည်။

“အပစ်ရပ်ပြီး ယုံကြည်မှုတည်ဆောက်နေတဲ့ကာလ၊ နိုင်ငံရေးဆွေးနွေးပွဲဆီကို သွားနေတဲ့ကာလမှာ အစိုးရတပ်မတော်က ကျနော်တို့တွေအပေါ်  ဆီယိုပေါက်ရှာနေသလို အကြောင်းမရှိ အကြောင်းရှာပြီး ကျနော်တို့ တပ်ဖွဲ့ကို တိုက်ခိုက်တဲ့ အကြိမ်ပေါင်းမနည်းတော့ဘူး။ ကျနော်တို့ဘက်ကနေ စ တိုက်တာ ဘယ်တော့မှ မရှိခဲ့ဖူးဘူး။ ကျနော်တို့ နယ်ကျွံတယ်ပြောတယ်။ အပစ်မရပ်ခင်ကတည်းက တာ့ဖါဆောင်မှာ ကျနော်တို့နေတယ်။ လူထုအတွက် တံတားဆောက်ပေးတယ်။ အစိုးရတပ်က ရေနံဆီလောင်းမီးရှို့ ဖျက်ဆီးလိုက်တယ်။ အပစ်ရပ်ပြီးတော့ အဲဒီတံတား ကျနော်တို့ ပြန်ဆောက်ပေးတယ်လူထုအတွက်။ တံတားလုံခြံုရေးအတွက် ကျနော်တို့တပ်စခန်းချထားတယ်။ အဲဒါကို ဖယ်ပေးဖို့ ထပ်လာပြောတယ်။ ဒါကျတော်တို့ မွေးရပ်မြေဗျာ။ စဉ်းစားကြည့်ပေါ့။”ဟု SSPP အထွေထွေ အတွင်းရေးမှူး စဝ်ခွန်ဆိုင် ကပြောသည်။

၂၀၁၂ ဂျန္နဝါရီ ၂၈ ရက်နေ့တွင် သျှမ်းပြည်တိုးတက်ရေးပါတီ နှင့် အစိုးရတို့ ပြည်ထောင်စု အဆင့်ငြိမ်းချမ်း ရေး လက်မှတ်ရေးထိုးစဉ် UPWC ဒုဥက္ကဌ (၂) ဦးသိန်းဇော် မှ ‘ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးပြီး ၅ ရက် အတွင်း သျှမ်းပြည်တပ်မတော်နယ်မြေအတွင်း အစိုးရတပ်များအားလုံး တပ်နှုတ်ဖယ်ရှားပေးပါမည်’ ဟု သျှမ်းပြည်တပ်မတော် အဆင့်မြင့်ကိုယ်စားလှယ်သို့ နှုတ်ကတိပေးခဲ့ဖူးသည်ဟုလည်း စဝ်ခွန်ဆိုင် က ပြောသည်။

Most read this week