အမျိုးသားလွှတ်တော်တွင် ဗိုလ်ချုပ် မိန့်ခွန်းနှင့် မှတ်တမ်းရုပ်ရှင် ပြသ

အမျိုးသားလွှတ်တော်တွင် ဗိုလ်ချုပ် မိန့်ခွန်းနှင့် မှတ်တမ်းရုပ်ရှင် ပြသ
by -
မဇ္စျိမ

ဇူလိုင်လ ၁၉ ရက်တွင် ကျရောက်မည့် ၆၇ နှစ်မြောက်အာဇာနည်နေ့မတိုင်မီ နှစ်ရက်အလို၌ လွှတ်တော် သက်တမ်း သုံးနှစ်ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းနှင့် ရုပ်သံမှတ် တမ်းများကို အမျိုးသားလွှတ်တော် ခေတ္တနားချိန်တွင် ထုတ်လွင့်ပြသခဲ့သည်။

အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်းအဝေး ၂၉ ရက်မြောက်နေ့တွင် မေးခွန်းများမေးမြန်းပြီး ၁၅ မိနစ် ခေတ္တနားချိန်တွင် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၃ ရက်က မြို့တော်ခန်းမ(ရန်ကုန်)တွင် ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သော မိန့်ခွန်းကို အသံလွင့်ပေးခဲ့သည်။

ယင်းမိန့်ခွန်းတွင် တိုင်းပြု ပြည်ပြု လွှတ်တော်အကြောင်းအရာများ ပါဝင်ခဲ့သည့်အပြင် “အချုပ်အခြာ လွှတ်တော်ရဲ့ အဆင့်အတန်းမှာက တိုင်းပြု ပြည်ပြုလွှတ်တော် လုပ်ကြတယ်ဆိုရင် ဒီလွှတ်တော်ကို ဘုရင်ခံ လာပြီးတော့ကာ ရိုးရိုးဥပဒေပြုလွှတ်တော်သားမျိုး လာပြီးတော့ စကားမပြောနိုင်ဘူး၊ သူလာပြီးတော့ကာ တိုင်းပြု ပြည်ပြု လွှတ်တော်ကို နားထောင်ချင်တယ် ဆိုရင် ဧည့်သည်အဖြစ်နဲ့ လာနားထောင်နိုင်တယ်၊ ဘုရင်ခံအဖြစ်နဲ့ လာပြီးတော့ကာ ကျွန်တော်တို့ကို ဘာလုပ်ပါ၊ ဘာလုပ်ပါ မပြောနဲ့၊ ရိုးရိုးဥပဒေပြု လွှတ်တော်ဆိုရင်တော့ ဘုရင်ခံက အဲ့ဒီလွှတ်တော်ကို လာပြီးတော့ကာ စကားပြောနိုင်တယ်” စသည့်အကြောင်းအရာများလည်း ပါဝင်ခဲ့သည်။

ထို့အပြင် အမျိုးသားလွှတ်တော် နေ့လည်စာသုံးဆောင်ရန် တစ်နာရီကြာ နားချိန်တွင် ထပ်မံထုတ်လွင့် ပေးခဲ့ပြီး မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုနှင့် ဗိုလ်ချုပ်အောင်ဆန်း၏ ဘဝတစ်စိတ်တစ်ဒေသ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်များလုပ်ကြံခံရသည့် ရုပ်သံမှတ်တမ်းများကို ဆယ်မိနစ်ခန့် ပြသခဲ့သေးသည်။

ဒုတိယပိုင်း မိန့်ခွန်းထဲတွင် လွတ်လပ်ရေးနှင့် ပတ်သက်ပြီး “လွတ်လပ်ရေးဆိုတာက ကိုယ်တစ်ဦးတစ် ယောက် ကောင်းစားဖို့ဖြစ်စေ၊ တမျိုးလုံးကောင်းစားဖို့ဖြစ်စေ၊ လုပ်တဲ့နေရာမယ် တခြား တစ်ဦးတစ်ယောက်ရဲ့ အကျိုးကိုမထိခိုက်ဘဲနဲ့ တခြားလူတွေရဲ့ အကျိုးကို မထိခိုက်ဘဲနဲ့ လွတ်လွတ်လပ်လပ် ကိုယ့်တိုးတက်မှုအတွက် လုပ်နိုင်တာ လွတ်လပ်ရေးပဲ” ဟူသည့် မိန်းခွန်းများလည်း ထုတ်လွင့်ပေးခဲ့သည်။

မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၂)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ပြည်ခိုင်ဖြိုးပါတီ အမတ် ဦးလှဆွေကလည်း “ကြက်သီးထလောက်အောင် ခံစားရတယ်၊ ကျွန်တော်တို့ကလည်း ကြားချင်တယ်လေ၊ ၂ဝဝ၆ ခုနှစ်ကစပြီး နှစ်စဉ်နှစ်တိုင်း အလေးပြုခဲ့တယ်၊ ကျွန်တော်တို့ အပတ်စဉ် (၈) မှာ ကျွန်တော် တစ်ယောက်ပဲ သွားရောက်အလေးပြုဖူးတာ၊ သူများနိုင်ငံက လူတွေလာရင် အလေးပြုကျသေးတာ၊ ကိုယ့်အာဇာနည်ခေါင်းဆောင်တွေကို အလေးပြုတာ ဂုဏ်တောင်ရှိ သေးတယ်၊ ဒီနှစ်လည်း အလေးသွားပြုမယ်” ဟု မဇ္စျိမကို ပြောသည်။

Most read this week