‘တော်လှန်ရေး’ အသုံးအနှုန်းကြောင့် သျှမ်းအမျိုးသမီးအမတ် သတိပေးခံရ

‘တော်လှန်ရေး’ အသုံးအနှုန်းကြောင့် သျှမ်းအမျိုးသမီးအမတ် သတိပေးခံရ
by -
သျှမ်းသံတော်ဆင့်

ပြည်သူ့လွှတ်တော် ရုံးအတွင်း ‘တိုင်းရင်းသား တော်လှန်ရေး တပ်ဖွဲ့’ဆိုသည့် အသုံးအနှုန်း နောက်နှောင် ပြောဆိုခြင်း မပြုရန် ပြည်ထောင်စု လွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်းက ပြည်သူ့လွှတ်တော် အမတ် နန်းဝါနုအား တိုက်ရိုက် သတိပေး တားမြစ်ခဲ့သည်။

၂၀၁၄ ဂျူလိုင် ၁၅ ရက်နေ့ က သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြိ့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲ ရပ်တန့်ရေးအတွက် စိုင်းအွမ်ဆိုင်မှိုင်းက အရေးကြီးအဆိုတင်သွင်းရာ သျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်း မြို့နယ် ပြည်သူ့လွှတ်တော်အမတ် နန်းဝါနုက ထောက်ခံဆွေးနွေးခဲ့သည်။

SM n WN

ထိုသို့ ထောက်ခံချက်တင်သွင်းရာတွင် တိုင်းရင်းသား တော်လှန်ရေး တပ်ဖွဲ့ဟူသည့် အသုံးအနှုန်းကို သုံးနှုန်းမိသောကြောင့် နန်းဝါနုအား ပြည်ထောင်စုလွှတ်တော် ဥက္ကဌ ဦးရွှေမန်းက နောက်နောင် အဆိုပါစကားလုံးမျိုး မသုံးနှုန်းဖို့ လွှတ်တော်အတွင်း သတိပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုပါသည်။

“တိုက်ပွဲရပ်တန့်ပြီး လူထုအတွက် ပြန်လည် ထူထောင်ရေး လုပ်ပေးဖို့ စိုင်းအွမ်ဆိုင်မိဏ်းရဲ့ အရေးကြီးအဆိုတင်သွင်းတဲ့ဟာကို ကျမက ထောက်ခံဆွေးနွေးရာမှာ ‘တော်လှန်ရေး’ ဆိုတဲ့ စကားလုံး သုံးမိ သွားတာ။ ကျမတို့က အဲဒီစကားလုံးဘဲ နားရည်ဝ နေတာကိုး။ ဆွေးနွေးမှုအပြီးမှာ လွှတ်တော် ဥက္ကဌ ဦးရွှေမန်းက - ဒေါ်နန်းဝါနု တော်လှန်ရေးတပ်ဖွဲ့လို့ မသုံးနှုန်းသင့်ဘူး မသုံးနှုန်းရဘူး နောင်အခါမှာလဲ မသုံးပါနဲ့။ တိုင်းရင်းသားလက်နက်ကိုင်တပ်များ လို့သုံးပါလို့ လွှတ်တော်ထဲမှာ ကျမကို တိုက်ရိုက် သတိပေးတာ။ ကျမလွှတ်တော် သက်တမ်း ၃ နှစ်ကျော်နေပြီ ဒီလိုစကားလုံး မသုံးဖို့ထုတ်ပြန်ထားတာ တခါမှ မကြားမိဘူး။ ကျမကဘဲညံ့လို့လား၊ မကြည့်မိတာလားမသိဘူး၊” - ဟု နန်းဝါနု က ပြောသည်။

သို့သော်လွှတ်တော်အတွင်း  သတိထားရမည့် အသုံးအနှုန်းများမှာ - ရုန့်ရင်းကြမ်းတမ်း သည့်စကား လုံးများ၊ တစ်ဦးပေါ်တစ်ဦး ထိခိုက်စေသည့် စကားလုံးများ၊ သူတပါးအပေါ်  သို့မဟုတ် နာမည်တပ် အပြစ်တင် ပုံချ ခြင်းများ၊ လွှတ်တော်ဥက္ကဌ  သဘောမတူ၊ မနှစ်မြို့သည့်  စကားလုံးများ သုံးနှုန်းပြောဆိုခြင်းမပြုရ စသည့် အချက်များရှိကြောင်း နန်းဝါနုက ပြောပါသည်။

“တော်လှန်ရေးတပ်ဆိုတာကိုဘဲ ကျမတို့က နားရည်ဝ နေတဲ့အတွက် ကျမက သဘောရိုးနဲ့သုံးလိုက် တာဖြစ်ပါတယ်။ ဒီစကားလုံးကို သုံးခြင်းအားဖြင့် ကျမတယောက်ရဲ့အမြင်မှာတော့ ငြိမ်းချမ်းရေး မထိ ခိုက်နိုင်ဘူးလို့ ထင်ပါတယ်။ တိုင်းရင်းသားဘက်ကရော နိုင်ငံတော်ဘက်ကပါ ငြိမ်းချမ်းရေးလုပ်ငန်းမှာ စိတ်ရင်း အမှန်နဲ့ လုပ်သွားမယ်ဆိုရင်တော့ စစ်မှန်တဲ့ငြိမ်းချမ်းရေး မလွဲဧကန်ရရှိမှာပါ။ နိုင်ငံရေး အမြတ် မထုတ်ဘဲ နဲ့ပေါ့” - ဟု နန်းဝါနုက ဆက်ပြောပါသည်။


ပြည်သူ့လွှတ်တော် ဒဿမအကြိမ်ပုံမှန်အစည်းအဝေးမှာ ကျေးသီးမြို့နယ် ပြည်သူ့လွှတ်တော် အမတ် စိုင်းအွမ်ဆိုင်မှိုင်းက  ကျေးသီးမြို့နယ်အတွင်း ဝမ့်ဝပ်ဘုန်းကြီး ကျောင်းရောက်စစ်ပြေး ဒုက္ခဘဝအမြန် ပြန်လည်ထူထောင်ခွင့်ရရေး၊  စစ်ရှိန်မြင့်နေမှု လျှော့ချရေးအတွက် အရေးကြီး အဆိုတင်သွင်းရာမှာ နန်းဝါနုက ထောက်ခံဆွေးနွေးခြင်းဖြစ်သည်။