သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်း ဖြစ်ပွါးနေသော တိုက်ပွဲကြောင့် အခက်အခဲများစွာ ရင်ဆိုင် နေရသော ဒေသခံ ပြည်သူများ အေးချမ်းစွာ ပြန်လည်နေထိုင် လုပ်ကိုင်စား သောက်နိုင်ရေးအတွက် တိုက်ပွဲများ အမြန်ဆုံး ရပ်တန့်ရန် ကျားဖြူပါတီ၏ လွှတ်တော် ကိုယ်စားလှယ်က လွှတ်တော်တွင် အဆိုတင်သွင်း ခဲ့သည်။
နှစ်ဘက်ဖြစ်ပွားနေသော တိုက်များရပ်တန့်ရေး၊ တပ်အင်အားဖြည့်တင်းမှုလျှော့ချရေးနှင့် စစ်ဘေးရှောင် ဒေသခံများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်း အမြန်ဆုံးကူညီဖြေရှင်းအတွက် ပြည်ထောင်
စုအစိုးရထံ တိုက်တွန်းသည့် အဆိုတရပ်အား ၂၀၁၄ ခု ဂျူလိုင် ၁၅ ရက် နေ့ ကျားဖြူပါတီ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် စိုင်းအွမ်ဆိုင်မှိုင်းက ပြည်သူ့လွှတ်တော်သို့ အဆိုတင်သွင်းခြင်းဖြစ်သည်။
“စစ်ဘေးရှောင်တွေ စားဝတ်နေရေး လိုအပ်ချက်တွေကို သျှမ်းပါတီ ၂ ခုနဲ့ ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီက ကူညီထောက်ပံ့မှုပေးပေမယ့် မလုံလောက်ဘူး ဆိုတဲ့အကြောင်း၊ နိုင်ငံတော်အစိုးရကနေ ရိုးသားဖြောင့်မတ်တဲ့ သဘောထားကို ဖော်ပြတဲ့အနေနဲ့ လူထုထိခိုက်နစ်နာမှုတွေကို ကူညီဖြေရှင်းပေးစေလိုပါတယ် ဆိုတဲ့ ထောက်ခံမှုအဆိုကို ကျမက ထောက်ခံတင်ပြခဲ့ပါတယ်” ဟု ကွန်ဟိန်းမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် နန်းဝါနုက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
ထို့အပြင် ထိုဒေသအတွင်း မြန်မာ့တပ်မတော်စစ်ကြောင်း၏ စစ်ရေးလှုပ်ရှားနေမှုကိုရပ်တန့့်ပေးရန်နှင့် ဝမ့်ဝပ်ဘုန်းကြီးကျောင်းရောက်စစ်ပြေးဒုက္ခသည်များ နေရပ်သို့အမြန်ဆုံးပြန်လည်နေထိုင်နိုင်ရန် အတွက် နိုင်ငံတော်အစိုးရမှ ကူညီဆောင်ရွက်ပေးပါရန် ထောက်ခံဆွေးနွေးခဲ့သည်ဟု လည်း ဆိုသည်။
ဝမ့်ဝပ်ကျေးရွာ တာ့ဖာဆောင်ကျေးရွာ ငူးလိမ်ကျေးရွာ လွယ်ခေါ်ကျေးရွာတို့မှ စစ်ဘေးရှောင်ဒုက္ခသည် ၂၀ဝ ကျော် ၊ သံဃာတော် အပါး ၅၀ကျော် တို့ ရင်ဆိုင်နေရသော စားဝတ်နေရေး အခက်အခဲများ အစိုးရစာသင်ကျောင်းတွင် တပ်မတော်က လာရောက်စခန်းချနေထိုင်သဖြင့် ကျောင်းနေအရွယ် ကလေး များရင်ဆိုင်နေရသောအခက်အခဲများ အပြင် စစ်ရေးလှုပ်ရှားမှုကြောင့် ဝမ့်ဝပ်ကျေးရွာသားများ၏ လယ်ယာမြေဧက ၂၀ဝ ကျော်ပျက်စီးခဲ့ရသည်များကို ကျေးသီးမြို့နယ် ကျားဖြူပါတီ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စိုင်းအွမ်ဆိုင်မှိုင်းက ပြည်သူ့လွှတ်တော် ဒဿမ အကြိမ် ပုံမှန် အစည်းအဝေး ဂျူလိုင်လ ၁၅ ရက်နေ့က တင်ပြခဲ့ခြင်းဖြစ်သည်။
နန်းဝါနုက “တစ်ယောက်ကို တစ်ယောက်အပြစ်ဖို့နေလို့ မဖြစ်တော့ဘူး။ နှစ်ပေါင်း ၆၀ ကျော်မှာ လက်နက်ကိုင်တိုက်လာပြီးပြီ။ အမြစ်ပြတ် ချေမှုန်း နိုင်သလားလို့ ကြည့်ရင်လည်း ဘယ်သူမှ ဘယ်သူ့ကို
အမြစ်ပြတ်မချေမှုန်းနိုင်ပါဘူး။ ပြည်သူလူထုက ငြိမ်းချမ်းရေး ဖွံ့ဖြိုးတိုးတက်ရေး တအားလိုလားနေပြီ။ ဒါကြောင့် ၂ ဘက်စလုံးက နိုင်ငံတော်အတွက် ပြည်သူလူထုအတွက် ဆိုတာကို ကြည့်ပြီးတော့
နိုင်ငံရေးအမြတ်မထုတ်ဘဲ စစ်မှန်တဲ့ငြိမ်းချမ်းရေး အမှန်တကယ်လုပ်ပေးရင် သိပ်ကောင်းတာပေါ့” ဟု သျှမ်းသံတော်ဆင့်သို့ ပြောသည်။
သျှမ်းပြည်တပ်မတော် SSPP/SSA သည် နေပြည်တော်အစိုးရနှင့် ပြည်ထောင်စုအဆင့် သဘောတူ လက်မှတ် ရေးထားသည့် တပ်ဖွဲ့ဖြစ်သည်။ ၂၀၁၂ ခု ဂျန္နဝါရီ ၂၈ ရက် သဘောတူလက်မှတ်ရေးထိုးသည့် နောက်ပိုင်း တိုက်ပွဲပေါင်း ၁၀ဝ ကျော် ဖြစ်ပွားခဲ့သည့်အပြင် ယနေ့တိုင် စစ်ရေးတင်းမာနေဆဲ ဖြစ်သည်။