ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် သြဂုတ်လ (၉)ရက်နေ့က ချင်းပြည်နယ် ထန်တလန်မြို့ အစိုးရ အထက်တန်းကျောင်း ဆရာမကြီး မိုင်ဌေးဌေး ( Mai Thim Dik) အား အမှတ်(၂) ပညာဦးစီးဌာန၊ အထက်ဗမာပြည်၊ မန္တလေး က ၀န်ထမ်းအဖြစ်မှ ရပ်စဲသည့် ကိစ္စကို သက်ဆိုင်ရာ ပြည်နယ်လွှတ်တော် ဂတိကဝတ်များ၊ တိုင်စာများ၊ အသနားခံစာများ စီစစ်ရေး ကော်မီတီက ယခုနှစ် ပညာသင်နှစ်၊ ဇွန်လကတည်း က ပြန်လည် စီစစ်ပြီး အရေးယူဆောင်ရွက်သည်ဟုသိရသည်။
ကျောင်းအုပ်ဆရာမကြီးသည် ၂၀၀၉ – ၂၀၁၀ ခုနှစ် မင်းတပ်မြို့နယ် ရိုရွာ အစိုးရအလယ်တန်း ကျောင်းအုပ် ဆရာမကြီး အဖြစ် တာဝန် ထမ်းဆောင်စဉ်က ၀န်ထမ်း အဖြစ်မှ ရပ်စဲခံရသည်ကို ပြည်ထောင်စု လွှတ်တော်သို့ ပြန်လည် တင်ပြရာမှ ချင်းပြည်နယ် လွှတ်တော် ဂတိ ကဝတ်များ၊ တိုင်စာများ၊ အသနားခံစာများ စီစစ်ရေး ကော်မီတီထံ ဆက်လက်ဆောင်ရွက်ရန် တာဝန်ပေးအပ်ခြင်းဖြစ်သည်။
ပြည်နယ်လွှတ်တော်၊ ဂတိကဝတ်များ၊ တိုင်စာများ၊ အသနားခံစာများ စီစစ်ရေး ကော်မီတီက မိုင်ဌေးဌေး အား အစိုးရ ၀န်ထမ်းအဖြစ်မှ ရပ်စဲခြင်းသည် မမှန်ကန်ကြောင်း ၎င်းတို့၏ တွေ့ရှိချက်များကို ပြည်နယ်၊ ပြည်သူ့လွှတ်တော် ဥက္ကဌထံ တင်ပြပြီး ၎င်းမှ တဆင့် ပြည်ထောင်စု လွှတ်တော်သို့ ပြီးခဲ့တဲ့ ၂၀၁၄
ဇွန်လ ၅ ရက်နေ့ က ပေးပို့ ခဲ့ကြသည်။
မိုင်ဌေးဌေး အား ၀န်ထမ်းအဖြစ်မှ ရပ်စဲသင့်ကြောင်း တရားဝင်ဆုံးဖြတ်သည်မှာ သြဂုတ်လ ၁၅ ရက်နေ့ဖြစ်ပြီး နောက်ဆုံး စီစစ်မှုပြုလုပ် သည်မှာ သြဂုတ်လ ၁၇ ရက်နေ့ဖြစ်နေသည်။ သို့သော် ၀န်ထမ်းအဖြစ်မှ ရပ်စဲသည်မှာ သြဂုတ်လ (၉) ရက် နေ့ဖြစ်နေပြန်သဖြင့် အမှု ကိုင်တွယ်ပုံ ရက်စွဲ ရှေ့နောက်မညီကြောင်း၊ ဂတိက ၀တ်များ၊ တိုင်စာများ၊ အသနား ခံစာများ စီစစ်ရေး ကော်မီတီက လေ့လာတွေ့ ရှိထားသည်ဟု ဒေသထုတ် The Chinland Post က ရေးသား ဖော်ပြထား သည်။
မိုင်ဌေးဌေးအား အလုပ်ရပ်စဲသည့် အကြောင်းရင်းမှာ မင်းတပ်မြို့နယ်၊ ရိုကျေးရွာ အစိုးရအလယ်တန်း ကျောင်းအုပ်ဆရာမအဖြစ် တာဝန် ထမ်းဆောင်စဉ် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကာလက မဲရုံမှူးတာဝန် ထမ်းဆောင်မှု၊ ဗုဒ္ဒဘုန်းကြီးကျောင်းတွင် ကျောင်း ဆရာမများ နေရာချ ထားခြင်း၊ ကျောင်းချိန်တာဝန် ပျက်ကွက်ခြင်း၊ စာမေးပွဲ မဖြေဆိုသူ ကျောင်းသား အအောင်ပေးခြင်း ကိစ္စများနှင့် ပါတ် သက်ပြီး တိုင်းကြားခံ ရခြင်းဖြစ်သည်။
” ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ကျောင်းပိတ်ရက် ကျမ ခရီးလွန်ခိုက်၊ ချင်းပြည်နယ်စည်ပင်ဝန်ကြီး ဦး Ning Nai ဟာ Ro ရွာကို ရောက် လာခဲ့ပါ တယ်၊ အဲဒီမှာ ကျမကို တိုင်ကြားတဲ့ ဆရာမ ဇင်မာမျိုး က မဟုတ်မမှန်တာတွေ
ပြောခဲ့တယ်၊ ဒါနဲ့ မြို့နယ်ပ ညာရေးမှူး၊ အထက (၁) ကျောင်းအုပ် U Sein Lwin နဲ့ U Ki Hung တို့က ကျမကို စစ်ဆေးမေးမြန်းခဲ့ကြတယ်၊ နောက်ပြီး ဗိုလ်မှူး Aung Shwe Oo, ဦး Awn Tual , ခရိုင်မှူး ဦး Zar Nyi တို့ ကျမကို ပြန်လည် စစ်ဆေး မေးမြန်းခဲ့ကြတယ်၊ ကျမ အဖြစ်မှန်ကို တင်ပြပေမယ့် ရပ်စဲခံရတယ်” ဟု မိုင်ဌေးဌေးက ပြောသည်။
ထန်တလန်မြို့၊ အထက (၁) ကျောင်းအုပ်ဆရာမကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဆရာမကြီး မိုင်ဌေးဌေးအား သုံးကြိမ် တိုင်တိုင် မေးမြန်စုံစမ်းပြီးမှ ချင်းပြည်နယ်ဝန်ကြီး ချုပ်က အမှတ်(၂) ပညာဦးစီးဌာန၊ မန္တလေး၊ အထက် ဗမာပြည် သို့ တင်ပြခဲ့ရာမှ သက်ဆိုင်ရာက ၀န်ထမ်းအဖြစ်မှ ရပ်စဲခဲ့ခြင်းဖြစ်ပြီး ၀န်ထမ်းမှ ရပ်စဲ ခံရစဉ် ၀န်ထမ်းသက်တမ်း ၃၂ နှစ် ပြည့်ပြီး ဖြစ်သည်။