အပစ်အခတ်ရပ်ပြီး တိုင်းရင်းသားများ၏ ပြဿနာများ ဖြေရှင်းရန် သမ္မတ ဦးသိန်းစိန်၏ သဘောထားကို MPC တင်ပြ

အပစ်အခတ်ရပ်ပြီး တိုင်းရင်းသားများ၏ ပြဿနာများ ဖြေရှင်းရန် သမ္မတ ဦးသိန်းစိန်၏ သဘောထားကို MPC တင်ပြ
by -
ကေအဲန်ဂျီ

တိုင်းရင်းသားများ၏ အခြေခံ ပြဿနာအား အကောင်းဆုံး ဖြေရှင်းရန် သမ္မတ ဦးသိန်းစိန်က ဆန္ဒရှိနေကြောင်း မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာန (MPC) က တစ်နိုင်ငံလုံး အပစ်အခတ်
ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) နှင့် ဇူလိုင်လ ၁၃ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တွေ့ဆုံစဉ် တင်ပြခဲ့သည်ဟု NCCT ၏ ဒုတိယခေါင်းဆောင် ပဒိုကွယ်ထူးဝင်းက ပြောသည်။

သမ္မတ  ဦးသိန်းစိန်နှင့် MPC အဖွဲ့ဝင်တို့ ရန်ကုန်မြို့တွင် ဇူလိုင် ၁၂ရက်နေ့က တွေ့ဆုံခဲ့ပြီး သမ္မတ ဦးသိန်းစိန် က တစ်နိုင်ငံလုံး အတိုင်းအတာအပစ်အခတ် ရပ်စဲနိုင်ရေး လက်မှတ်ထိုးပြီးနောက် တိုင်းရင်းသားများ၏ အခြေခံပြဿနာကို ဖြေရှင်ရန် ဆန္ဒရှိနေသည်ဟု MPC က လာရောက် ရှင်းပြခဲ့ခြင်းဖြစ်သည်။

July-13-2014-MPC-and-NCCT-meeting-in-Chiangmai

“တိုင်းရင်းသားတွေရဲ့ ပြဿနာကို အပစ်အခတ် ရပ်စဲရေး တစ်ခုတည်းလုပ်တာနဲ့မပြီးဘူး။ အခြေခံပြဿနာကို ရှင်းရမယ်ဆိုတာကိုလည်း သူကလက်ခံတယ်။ သူတာဝန်ရှိတဲ့အချိန်မှာလည်း အကောင်းဆုံး လုပ်ပေးနိုင်တဲ့ အနေအထား တခုကို လုပ်ပေးချင်တဲ့ဆန္ဒလည်း ရှိတယ် ဒါတွေပေါ့” ဟု MPC ၏ ရှင်းပြမှုကိုပဒိုကွယ်ထူးဝင်း က ပြောသည်။

သမ္မတ ဦးသိန်းစိန်သည် ၂၀၁၁ ခုနှစ်က ပြည်တွင်းငြိမ်းချမ်းရေးရရှိရေး လုပ်ဆောင်နေသည်ဟု ပြောဆိုနေသော်လည်း ယခုထိ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းများနှင့်အစိုးရစစ်တပ်တို့ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်နေသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(UPWC)နှင့် NCCT တို့ ပြန်လည် တွေ့ဆုံဆွေးနွေး နိုင်ရေးအတွက် ပြင်ဆင်ရန် ဝန်ကြီး ဦးအောင်မင်း၏ အဆိုပြုချက်များကို လာရောက် တင်ပြခဲ့သည်ဟု MPC မှ ဦးလှမောင်ရွှေက ပြောသည်။

“ကျနော်တို့ မနေ့က သမ္မတနဲ့တွေ့တာ ငြိမ်းချမ်းရေးက အကောင်းဘက် အပြုသဘောဆောင်ပါတယ်။ ဝန်ကြီး ဦးအောင်မင်းဘက်ကနေ မှာလိုက်တာတွေကိုလည်း ကျနော်တို့ ဒီမှာလာရှင်းပြတယ်။ တစ်ပြည်လုံး အပစ်အခတ် ရပ်စဲရေး ထိုးနိုင်ဖို့ ထပ်ညှိနှိုင်းဖို့ လိုပါတယ်။ ထပ်ညှိနှိုင်းတဲ့အချိန်မှာ လွယ်ကူအောင် တချို့အချက်တွေ လာတင်ပြတယ်”ဟု သူက ပြောသည်။

MPC ၏ တင်ပြချက်များကို တိုင်းရင်းသားခေါင်းဆောင်များက သက်ဆိုင်ရာ ဌာနချုပ်များသို့ ပြန်လည် တင်ပြ၍ လိုင်ဇာ ထိပ်သီးအစည်းအဝေးသို့ အကြံဉာဏ်များ ရယူမည်ဟု ပြောဆိုခဲ့သည်ဟု သူက ဆိုသည်။

တွေ့ဆုံဆွေးနွေးမှုတွင် MPC ဘက်မှ ဦးလှမောင်ရွှေ၊ ဦးတင်မောင်သန်း၊ ဦးညိုအုန်းမြင့်၊ ဒေါက်တာမင်းဇော်ဦး၊ ဦးအောင်နိုင်ဦး တို့ ၅ ဦးနှင့် NCCT ဘက်မှ ဒုတိယခေါင်းဆောင် ပဒိုကွယ်ထူးဝင်း၊ ဗိုလ်ချုပ် ဂွမ်မော်၊
ဗိုလ်မှူးကြီး ခွန်ဥက္ကာတို့ အပါအဝင် ကိုယ်စားလှယ် ၅ ဦးတို့ တက်ရောက်ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

အစိုးရဘက်မှ လာမည့် ဇူလိုင်လကုန်မှာ ထပ်မံ တွေ့ဆုံရန် လိုလားနေပြီး တိုင်းရင်းသားများဘက်ကမူ လာမည့် ဇူလိုင်လ ၂၄ မှ ၂၆ ရက်နေ့ထိ လိုင်ဇာ ထိပ်သီးအစည်းအဝေး ကျင်းပပြီးနောက်ပိုင်း တွေ့ဆုံမည်ဟုဆို သော်လည်း ရက်သတ်မှတ်ခြင်း မရှိသေးပေ။ လိုင်ဇာ ထိပ်သီးအစည်းအဝေးသို့ တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး သဘောထားများဆုံးဖြတ်ချက်များ ရယူသွားမည် ဖြစ်ကြောင်းပဒိုကွယ်ထူးဝင်းက ပြောသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA)နှင့် MPC တို့ ယနေ့ ဇူလိုင်လ ၁၄ ရက်နေ့တွင် ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

MPC အဖွဲ့ဝင်များသည် RCSS/SSA မှ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဘောင်ခေး၊ ပြောရေးဆို ခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလ၊ အတိုင်ပင်ခံ ဦးခွန်ဆိုင်း၊ ဗိုလ်မှူးကြီး စိုင်းငေလ်တို့ ၄ ဦးနှင့်ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) ဒုဥက္ကဌ ဝန်ကြီး ဦးအောင်မင်း၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ သဘောထားများကို (MPC) က RCSS/SSA ထံ လာရောက် တင်ပြခဲ့ခြင်း ဖြစ်သည်။

“အဓိကတော့ RCSS နဲ့ ယုံကြည်မှု ပိုတည်ဆောက်ပြီးတော့ တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးပြီးတော့ နိုင်ငံရေးဆွေးနွေးရေးကိုမြန်မြန်သွားနိုင်ဖို့ ကိစ္စရပ်တွေပါဘဲ၊ ကျနော်တို့
အမြန်ဆုံးလက်မှတ်ထိုးနိုင်ဖို့ ညှိနှိုင်းဆောင်ရွက်ရမဲ့ ကိစ္စတွေကိုကျနော်တို့အလုပ်အဖွဲ့က လာပြီးရှင်းပြတယ်” ဟု MPC မှ ဦးလှမောင်ရွှေကပြောသည်။

ဇူလိုင် ၁၄ရက်နေ့ နံနက်ပိုင်းက ၂ နာရီခန့်ကြာ တွေ့ဆုံခဲ့ပြီးနောက်RCSS/SSA ၏ အတိုင်ပင်ခံ ဦးခွန်ဆိုင်း သည် ပြည်ထောင်စုအင်စတီကျူ (Pyidaungsu Institute) ၏ တာဝန်ခံအနေဖြင့် တစ်ချိန်တည်း တွေ့ဆုံဆွေး နွေးခဲ့သည်ဟု သိရသည်။

Most read this week