တရားစွဲခံရသည့် သတင်းထောက်များကို ဥပဒေကြောင်းအရ ကူညီရန် အဖွဲ့ဖွဲ့မည်

တရားစွဲခံရသည့် သတင်းထောက်များကို ဥပဒေကြောင်းအရ ကူညီရန် အဖွဲ့ဖွဲ့မည်
by -
မဇ္စျိမ

တရားစွဲဆိုခံရသည့် သတင်းသမားများအား ဥပဒေကြောင်းအရ အကူအညီပေးနိုင်မည့် မြန်မာမီဒီယာ နက်ဝပ်ကို ဖွဲ့စည်းသွားမည်ဟု ဖြစ်မြောက်ရေးအဖွဲ့ဝင် အထက်တန်းရှေ့နေ ဦးသန်းဇော်အောင်က မဇ္ဈိမကို ဇူလိုင် ၁၃ရက်တွင် ပြောသည်။

ယင်းအဖွဲ့အစည်းဖွဲ့စည်းနိုင်ရန် အဖွဲ့ဝင် ခြောက်ယောက်ပါ ဦးဆောင်အဖွဲ့ကို ဇူလိုင်လ ၁၃ ရက်က စင်ထရယ်ဟိုတယ်တွင် IMS(International Media Support) နှင့် Center of Law and Democracy အဖွဲ့တို့မှ ရှေ့နေများနှင့် ဆွေးနွေးကာ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ အခုတရားလွှတ်တော်ရှေ့နေ လေးဦး အထက်တန်းရှေ့နေ နှစ်ဦး ပါ၀င်တဲ့ အဖွဲ့ကနေ Myanmar Media Lawyer Network ဖွဲ့ဖို့ စတင်ပြီး ဆောင်ရွက်မှာပါ။ ရှေ့နေတွေ၊ သတင်းစာဆရာတွေ၊ ဥပဒေပညာရှင်တွေရယ်ပါမှာပါ”ဟု ဦးသန်းဇော်အောင်က ပြောသည်။

ယင်းအဖွဲ့မပေါ်ပေါက်မီ အချိန်အတွင်း သတင်းသမားများရင်ဆိုင်နေရသည့် တရားရေးဆိုင်ရာ အခက်အခဲများ ကို ကူညီပေးရန် အင်တာနက်စာမျက်နှာတစ်ခုကို တစ်ပတ်အတွင်း ဖွင့်လှစ်၍ ဆက်သွယ်နိုင်ရန် စီစဉ်မည်ဟု ပါ၀င်ဆွေးနွေးခဲ့သည့် တရားလွှတ်တော်ရှေ့နေ ဒေါ်အေးအေးသက်က ဆိုသည်။

အဆိုပါစာမျက်နှာတွင် သတင်းသမားများတရားစွဲဆိုခံရသည့် ဖြစ်ရပ်များအတွက် လိုအပ်သည့်အကူအညီများ ကို ရေးသားနိုင်ပြီးယင်းကို IMS(International Media Support)  နှင့် Center of Law and Democracy အဖွဲ့တို့က ရှေ့နေများနှင့်ပူး ပေါင်းဖြေရှင်းသွားရန် စီစဉ်မည်ဟု ဒေါ်အေးအေးသက်က ပြောသည်။

မကြာမီ အချိန်မှစ၍ သတင်းထောက်များ ဖမ်းဆီးခံရခြင်း၊ တရားစွဲဆိုခံရခြင်း၊ ၁၀ နှစ်အထိပြစ်ဒဏ်များ ချမှတ်ခြင်းတို့ကို ခပ်စိပ်စိပ်ကြံုတွေ့နေရသည့် အခြေအနေတွင် ရှိသည်။ သတင်းထောက်အချို့၏ တရားစွဲဆိုခံရမှုကို လိုက်ပါကူညီဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ရောဘတ်ဆန်းအောင်က ယင်းသို့ အဖွဲ့မျိုး ပေါ်ပေါက်ခြင်းကို ကြိုဆိုသော်လည်း ကိုယ်ကျိုးမဖက်ကူညီနိုင်ရန် လိုအပ်မည်ဟု သုံးသပ်သည်။

Most read this week