RCSS/SSA က တိုက်ပွဲဖြစ်ပွားနေသဖြင့် စစ်ရှိန်လျော့ချရေး လုပ်ဆောင်ရန် MPC ထံ တင်ပြ

RCSS/SSA က တိုက်ပွဲဖြစ်ပွားနေသဖြင့် စစ်ရှိန်လျော့ချရေး လုပ်ဆောင်ရန် MPC ထံ တင်ပြ
by -
မဇ္စျိမ

ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA)နှင့် အစိုးရစစ်တပ်တို့ အကြား တိုက်ပွဲများ ဖြစ်ပွားနေမှုကြောင့် လျှော့ချရေးနှင့်ပတ်သက်၍ မြန်မာငြိမ်းချမ်းရေးစင်တာ (MPC)ထံ ဇူလိုင် ၁၄ရက်က တင်ပြခဲ့သည်ဟု RCSS/SSA ၏ အတိုင်ပင်ခံ ဦးခွန်ဆိုင်းက မဇ္စျိမကို ပြောသည်။

ဇူလိုင်လ ၁၄ ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) ဒုဥက္ကဋ္ဌ ဝန်ကြီးဦးအောင်မင်း၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ သဘောထားများကို (MPC)က RCSS/SSAထံ လာရောက် တင်ပြစဉ် ထည့်သွင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

rcss mpc

“အဓိက သတင်းအချက်အလက် လဲလှည်ခြင်း၊ အခု RCSSနဲ့ အစိုးရတပ်တွေနဲ့ တိုက်ခိုက်မှုတွေကို သူတို့အနေနဲ့ သတင်းထုတ်ပြန်မှု မရှိတာလောက်ပဲဖြစ်တယ်၊  တိုက်ခိုက်မှု ပိုပြီး လျော့ချသွားအောင် ဘယ်လိုလုပ်မလဲ ဆိုတဲ့အကြောင်းတွေကို ဆွေးနွေးခြင်းပဲ ဖြစ်တယ်”ဟု ဦးခွန်ဆိုင်းက ပြောသည်။

“တိုက်ပွဲက ခုထိရှိနေတယ်။ ကေအိုင်အိုနဲ့ လုပ်တဲ့နည်း၊ ကေအန်ယူနဲ့ လုပ်တဲ့နည်းတွေကို ကြည့်ပြီးတော့မှ RCSSနဲ့ စီလျော်အောင်လုပ်သွားရင် မကောင်းဘူးလား အဲဒါတွေကို အကြမ်းသဘော ဆွေးနွေးတာပဲ”ဟု သူက ပြောသည်။

ယခုဆွေးနွေးပွဲတွင်လည်း RCSS/SSA နှင့် ယုံကြည်မှု ပိုမိုတည်ဆောက်ပြီး တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက် နိုင်ငံရေး ဆွေးနွေးပွဲများ အမြန်ဆုံး လုပ်နိုင်ရန် အဓိက ဆွေးနွေးခဲ့သည်ဟု MPC မှ ဦးလှမောင်ရွှေက ပြောသည်။

“တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးမှာ အားလုံး လက်မှတ်ရေးထိုးနိုင်ဖို့ ဝန်ကြီး ဦးအောင်မင်းကနေ ပေးလိုက်တဲ့ messages (သတင်း) ကိုတင်ပြတယ်။ သူတို့ဘက်က ပေးလိုက်တာတွေကို ပြန်ယူသွားဖို့ လုပ်တာ”ဟု ဦးလှမောင်ရွှေက ပြောသည်။

RCSS/SSA မှ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ပေါင်ခေး၊ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလ၊ အတိုင်ပင်ခံ ဦးခွန်ဆိုင်း၊ ဗိုလ်မှူးကြီး စိုင်းငေလ်တို့ ၄ ဦးနှင့် MPC မှ ဦးလှမောင်ရွှေ၊ ဦးတင်မောင်သန်း၊ ဒေါက်တာမင်းဇော်ဦး၊ ဦးအောင်နိုင်ဦးနှင့် ဦးညိုအုန်းမြင့်တို့ ၅ ဦးတို့နှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT တွင် မပါဝင်သော RCSS/SSA သည်  ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်ကလည်း နှင့် ဝန်ကြီး ဦးအောင်မင်းတို့နှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်များ အကောင်အထည်ဖော်နိုင်ရေးအတွက် ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်တွင် တွေ့ဆုံဆွေးနွေးခဲ့သေး သည်။