ကယားပြည်နယ်အတွက် အမေရိကန်အစိုးရက ထောက်ပံ့ပေးထားသော ငွေကြေးဖြင့် မြေမြုပ်မိုင်း ဒဏ်ခံထားရသူများ၏ သားသမီးများကို ပညာသင်ထောက်ပံ့ကြေး ပေးသွားမည်ဟု ကယန်းမျိုးဆက်သစ် လူငယ်အဖွဲ့ ဥက္ကဋ္ဌ ခွန်ဘီထူးက ပြောသည်။
ကယားပြည်နယ်တွင် ပထမဆုံးအနေဖြင့် မြေမြုပ်မိုင်း အန္တရာယ် အသိပေးရန် နှင့် မြေမြုပ်မိုင်းဒဏ် ခံရသူများကို အကူညီပေးခြင်း လုပ်ငန်းများကို လုပ်ဆောင်နိုင်ရန် ကယန်းမျိုးဆက်သစ် လူငယ်အဖွဲ့၊ ကရင်နီလူငယ်များ သမဂ္ဂ၊ ကယားဖူးအဖွဲ့၊ ပေးဆပ်အလင်းတန်း၊ Youth Light Formation Centerနှင့် Community Youth Center စသော ဒေသခံ အဖွဲ့၆ခုကို အမေရိကန် ဒေါ်လာ ၁သိန်း၁သောင်းကို ၂ဝ၁၄ခုနှစ် မတ်လက ပေးခဲ့ခြင်း ဖြစ်သည်။
“ကျောင်းသားတစ်ဦးကို သုံးသိန်းနှုန်းနဲ့ အယောက်၃ဝစာ ပေးဖို့ စီစဉ်ထားပါတယ်”ဟု ခွန်ဘီထူးက ပြောသည်။
ကယားပြည်နယ်နှင့် ကယန်းဒေသများ အထူးသဖြင့် ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့ တာဝန်ယူ ထားသော ဖယ်ခုံမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ သံတောင်မြို့နယ်တို့မှ မြေမြုပ်မိုင်း ထိသူများ၏ မိသားစုဝင်များကိုအဓိက ထား ရွေးခြယ်သွားမည်ဖြစ်ကာ သြဂုတ်လမကုန်ခင် ပညာသင်ဆုလျှောက်လွာများကိုပေးသွားမည်ဖြစ် ကြောင်းနှင့် အတန်းပညာ မည်မျှရှိသော ကျောင်းသားများကို ပညာသင်ဆုပေးရမည်ဆိုသည်ကို ဆုံးဖြတ်ထားခြင်း မရှိသေးဟု ခွန်ဘီထူးက ဆိုသည်။
ကယားပြည်နယ်အတွင်း ၂ဝဝ၆ခုနှစ်မှ ၂၁ဝ၃ခုနှစ်အထိ မြေမြုပ်မိုင်းကြောင့် ဒဏ်ရာရသူ ၁၁၂ဦး၊ ခြေထောက် ပြတ်သူ ၁ဝ၁ဦးနှင့် သေဆုံးသူ ၁၁ဦးရှိကြောင်း ကရင်နီ လူမှုဖူလုံရေးနှင့် ဖွ့ံဖြိုးရေး ပင်မအဖွဲ့၏ စစ်တမ်းကောက်ယူချက်များတွင် ဖော်ပြထားသည်။
ထောက်ပံ့ကြေးငွေများကို တဖွဲ့နှင့်တဖွဲ့ ရရှိမှုမတူညီဘဲ အမေရိကန်သံရုံးက ပေးခဲ့ကာ အဖွဲ့အစည်းများက သက်ဆိုင်ရာ နယ်မြေများအလိုက် မြေမြုပ်မိုင်းထိခံရသူများ၏ အချက်အလက်များကို ကောက်ယူစုဆောင်ခြင်း၊ မြေမြုပ်မိုင် အန္တရာယ်အသိပေးခြင်း၊ အသက်မွေးမှုအထောက်အပံ့များပေးခြင်း နှင့် ခေါင်းဆောင်မှု သင်တန်းများကို ပြုလုပ်ပေးကြရသည်။
ကရင်နီပြည်နယ် လူငယ်များ သမဂ္ဂ၏ ဗဟိုကော်မတီဝင် ကိုစောမောင်က “ မြေမြုပ်မိုင်းအန္တရာယ် အသိပေး သင်တန်းတွေကို ကယန်းအမျိုးသား ကာကွယ်ရေးတပ်နဲ့ ကယန်းပြည်သစ် အဖွဲ့က စစ်သားတွေကိုလဲ သင်ပေးခဲ့ပါတယ်” ဟု ပြောသည်။
ကယန်းမျိုးဆက်သစ် လူငယ်အဖွဲ့က ဖယ်ခုံမြို့၊ သံတောင်မြို့နှင့် ကယန်းဒေသတခုတွင် မြေမြုပ်မိုင်း ထိသူများ၏ အချက်အလက်များကို ကောက်ယူရန် ကျန်ရှိနေကြောင်းနှင့် အခြား အဖွဲ့အစည်းများနှင့်လည်း တွေ့ဆုံနိုင်ခြင်း မရှိသည့်အတွက် ရလာဒ်ဒေတာများကို မျှဝေနိုင်ရန် ဒီဇင်ဘာလ မတိုင်မီ အဖွဲ့အစည်း ၆ခုတွေ့ဆုံသွားမည်ဟု ခွန်ဘီထူးက ဆိုသည်။
ကယန်းအမျိုးသား တိုးတက်ရေးပါတီ(KNPP)မှလည်း ကရင်နီလူမှုဖူလုံရေး နှင့် ဖွ့ံဖြိုးရေးပင်မဆိုသော အဖွဲ့တခု တည်ထောင်၍ မြေမြုပ်မိုင်းထိသူများ၏ အချက်အလက်များကို ကောက်ယူ စုဆောင်းခြင်း၊ မိုင်းရှိ ဧရိယာ နယ်မြေများ သတ်မှတ်ပြီး GPS၊ သံလိုက် အိမ်မြှောင်တို့ကို အသုံးပြု၍ မြေပုံကြမ်းများ ပြုလုပ်ကာ ဒေသခံများကို အသိပေးခြင်းနှင့် ခြေတုလက်တုများ တပ်ဆင်ပေးခြင်းတို့ကို ၂ဝဝ၆ခုနှစ်မှ စတင်၍ လုပ်ဆောင်နေသည်။
“ မြေမြုပ်မိုင်း ထိသူအများစုက နယ်စပ်ဒေသတွေမှာ ခရီးသွားတာတွေကြောင့်ပါ။ ၂ဝ၁၄ခုနှစ် အစပိုင်းကစပြီး မိုင်းနင်းမိသူတွေတော့ မကြားသိရတော့ပါဘူး” ဟု ကရင်နီ လူမှုဖူလုံရေးနှင့် ဖွ့ံဖြိုးရေးပင်မအဖွဲ့၏ ကွင်းဆင်းအရာရှိ ခူးကလောရယ်က ပြောသည်။
၂ဝ၁၂ခုနှစ် နိုင်ငံတကာ မြေမြုပ်မိုင်း အစီရင်ခံစာအရ မြန်မာနိုင်ငံသည် မြေမြုပ်မိုင်း အန္တရာယ် အရှိဆုံး နိုင်ငံများ စာရင်းတွင် တတိယအဆင့်တွင် ပါဝင်နေသည်။
ကယားပြည်နယ် ၊ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း နှင့် ပဲခူးတိုင်းအတွင်းရှိ ကျောက်ကြီး ဒေသတို့တွင် မြေမြုပ်မိုင်း ရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်ရန် Norwegian People Aid(NPA)နှင့် မြန်မာနိုင်ငံအစိုးရတို့သည် နားလည်မှု စာချွန်လွှာလတ်မှတ်ကို ၂ဝ၁၃ခုနှစ်က ရေးထိုးထားခဲ့ပြီး ဖြစ်သည်။
မြေမြုပ်မိုင်းများရှိနိုင်သည့် ဧရိယာနှင့် မိုင်းအရေအတွက်များကို နည်းပညာ အကူအညီ မပါဝင်ဘဲ အချက် အလက် ကောက်ယူခြင်း(Non-Technical Servey)၊ နည်းပညာ အကူအညီဖြင့် အချက်အလက် ကောက်ယူ၍ မြေပုံဖော်ခြင်း(Technical Servey)နှင့် မိုင်းရှင်းလင်းရေးလုပ်ငန်းကို စတင်ခြင်း စသော အဆင့်သုံးဆင့်ကို အစိုးရ၊ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အတူ NPAက ပူးပေါင်းဆောက်ရွက် မည်ဖြစ်သည်။
ပထမဆုံးအနေဖြင့် မွန်ပြည်နယ်ရှိ မွန်ပြည်သစ်ပါတီ၏ ထိန်းချူပ်ရာနယ်မြေများတွင် မြေမြုပ်မိုင်းရှိ၊ မရှိအား နည်းပညာအကူအညီ မပါဝင်ဘဲ အချက်အလက်ကောက်ယူခြင်း ကို NPA နှင့် မွန်ပြည်သစ်ပါတီတို့က ၂ဝ၁၃ခုနှစ် ဒီဇင်ဘာလမှ စတင်၍ ပြုလုပ်နေခဲ့ပြီးဖြစ်သည်။