နှစ်ဘက်စစ်ရေးတင်းမာနေသည့် ကျေးသီးမြို့နယ် အတွင်းက တာ့ဖါဆောင်တံတား အခြေစိုက် စောင့်ကြပ်ထားသည့် သျှမ်းပြည်တပ်မတော် SSPP/SSA တို့မှ ဖယ်ရှားပေးရန် အစိုးရ ဘက်မှ ထပ်မံ ဖိအားပေးသည်ဟု ဌာနချုပ် အရာရှိ တဦးကပြောသည်။
ဂျူလိုင် ၈ ရက်နံနက်ပိုင်းက သျှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ကိုယ်စားလှယ်နှင့် အစိုးရ ကိုယ်စားလှယ်တို့ နေပြည်တော် ၌ တွေ့ဆုံကြကြောင်း၊ ထိုသို့တွေ့ဆုံစဉ် သျှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင် ကျေးသီးမြို့နယ် ဝမ့်ဝပ်ကျေးရွာအုပ်စု တာ့ဖါဆောင်တံတား တပ်စခန်းမှ ဖယ်ရှား ပေးရန် နေပြည်တော်အစိုးရ က ပြောကြားလိုက်ခြင်းဖြစ်သည်။
တာ့ဖာဆောင်တံအားမြန်မာစစ်တပ်ကမီးရှို့ဖျက်ဆီးထားပုံနှင့်ထိုနောက်ပိုင်း သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော်တို့က ပြန်လည်တည်ဆောက်ထားသည့်ပုံ
“ဒီတံတားက ၂၀၁၁ တုန်းက အစိုးရတပ်မတော်က ရေနံဆီလောင်းပြီးဖျက်ဆီးပစ်တယ်။ အပစ်ရပ်ပြီးမှ လူထုသွားရေးလာရေးအဆင်ပြေဖို့ ကျနော်တို့ တပ်ဘက်ကနေ ပြန်ဆောက်ပေးတယ် ၂၀၁၃ ခု နှစ်ဆန်းပိုင်းက လူထုထံလွှဲအပ်ပေးလိုက်တယ် ။ ကျပ်သိန်း ပေါင်း မြောက်မြားစွာဘဲ။ တံတား က သွားလာရေးအတွက်အဆင် ပြေပြီ။ ဒါကို အစိုးရတပ်မတော်ဘက်က ကျနော်တို့ကိုလာပြီးရန်ရှာတော့ရွာသား တွေလဲ ထွက်ပြေးကြကုန်ပြီ။ ကျနော်တို့တော့ မဆုတ်နိုင် ဘူး၊ တပ်မတော်ဘက်က တက် လာရင်တော့ တိုက်ရမှာပဲ” - ဟု ရှေ့တန်းရောက်တပ်မှူးတဦးကပြောသည်။
တာ့ဖါဆောင်တံတားပြဿနာကြောင့် နှစ်ဘက်ဆွေးနွေးမှု အဆင်ပြေခြင်းမရှိသေးကြောင်း၊ မည်သို့ ပင်ဆိုစေကာမူ ဒေသခံလူထုကောင်းကျိုးအတွက် နေပြည်တော်အစိုးရနှင့် ဆက်လက်ဆွေးနွေးသွား မည် ဖြစ်ကြောင်း ဝမ့်ဟိုင်းဌာနချုပ်ကပြောသည်။
“တာ့ဖါဆောင်တံတားက ကျေးသီး - ဆင်ကျော့ အသွားလမ်းပေါ်မှာရှိတာ။ အဲဒီလမ်းကို ကျနော်တို့က ပြုပြင်လိုတယ်လို့ အစိုးရကိုတင်ပြဖူးတယ်။ ဒါကျနော်တို့ရဲ့ ရိုးသားချက်ပေါ့။ အဲဒီတင်ပြမှုကြောင့် အခု လိုဖြစ်လာတာလို့တောင် ပြောလို့ရတယ်။ အဲဒီ့နောက် အစိုးရတပ်ဘက်က အင်အားဖြည့်လာပြီး အခုလို တိုက်ပွဲဖြစ်လာရတာ။ ကျနော်တို့တော့ လူထုသွားလာရေးအဆင်ပြေဖို့ မျှော်လင့်ချက်တခုဘဲ။ တခြား ဘာမှ မရှိဘူး။” - ဟု အထွေထွေ အတွင်းရေးမှူး စဝ်ခွန်ဆိုင်က သျှမ်းသံတော်ဆင့်သို့ ပြောသည်။
ယခုကဲ့သို့ သျှမ်းပြည်တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားရခြင်းသည် တပ်အတည်တကျ နေရာချထားမှု မပြီးပြတ်သေးသောကြောင့် ဖြစ်ရသည်ဟု မြန်မာ့ငြိမ်းချမ်းရေးစင်တာ MPC က သတင်းမီဒီယာများသို့ ပြောဖူးပါသည်။
၂၀၁၂ ဂျန္နဝါရီ ၂၈ ရက် မြန်မာအစိုးရ နှင့် သျှမ်းပြည်တပ်မတော် SSPP/SSA တို့ လက်မှတ်ရေးထိုးစဉ် ပြည်ထောင်စုငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဌ ဦးသိန်းဇော်က ၅ ရက် အတွင်း SSPP/SSA နယ်မြေအတွင်း ချထားသည့် အစိုးရတပ်များ ဆုတ်ပေးပါမည်ဟု နှုတ်ကတိ ပြောခဲ့ ဖူးပါသည်။ သို့သော် ယနေ့တိုင် တပ်ဆုတ်ပေးခြင်းမရှိသည့်အပြင် သျှမ်းပြည်တပ်မတော်၏ တပ်စခန်းများဖယ်ရှားပေးရန် အင်အားသုံး ဖိအားပေးသောကြောင့် အပစ်ရပ်ကာလ ၂ နှစ်ကျော် အတွင်း တိုက်ပွဲပေါင်း တရာကျော်ဖြစ်ပွားခဲ့ရပါသည်။