မန်းမြို့ တည်ငြိမ်လာသော်လည်း မြို့ခံအများစုက ညမထွက်ရအမိန့်ကို မပိတ်သိမ်းစေလိုဟုဆို

မန်းမြို့ တည်ငြိမ်လာသော်လည်း မြို့ခံအများစုက ညမထွက်ရအမိန့်ကို မပိတ်သိမ်းစေလိုဟုဆို
by -
မဇ္စျိမ

မန္တလေးမြို့ ပဋိပက္ခဖြစ်ပွားခဲ့ပြီး ခုနစ် ရက်မြောက်တွင် တည်ငြိမ်သည့်အနေအထားသို့ ရောက်ရှိနေသော် လည်း ညမထွက်ရ အမိန့်ထုတ်ပြန်ထားခြင်းကိုမူ မပိတ်သိမ်းစေလိုသေးကြောင်း မန္တလေးမြို့ခံများက မဇ္ဈိမကို ပြောသည်။

“အန်တီတို့က ထမင်းဆိုင်ဖွင့်ထားတာ ဖြစ်ပါတယ်။ ပဋိပက္ခဖြစ်ပွားတာတွေကို မဖြစ်စေလိုတဲ့အပြင် ကြောက်လည်း ကြောက်ပါတယ်။ ညပိုင်းမှာ လူငယ်လူရွယ်တွေက အရက်သေစာသောက်စားပြီး မူးယစ်ရမ်းကားနေလို့ ပြဿနာတွေ ထပ်တက်မှာကို မလိုလားပါဘူး။ ဒါကြောင့် ညမထွက်ရအမိန့်ကို မပိတ်သိမ်းစေချင်သေးပါဘူး။ စီးပွားရေးအရ ထိခိုက်ပေမယ့် ဒီထက်ဆိုးဝါးတာတွေ မဖြစ်စေချင်လို့ အခုလိုပြောတာပါ”ဟု ၃၆လမ်း၊ ရ၃လမ်း နှင့် ရ၂လမ်းကြားရှိ ထမင်းဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။

မန္တလေးမြို့တွင် ဇူလိုင်လ ရ ရက်၌ အသွားအလာ ပုံမှန်အနေအထားနီးပါးရှိနေသော်လည်း ကုန်စည်ရောင်းချမှု ပြုလုပ်သည့် ဆိုင်များတွင်မူ စိုးရိမ်စိတ်များ ရှိနေကြသေးကြောင်း ဆိုသည်။

ဗမာလူမျိုးဖွင့်လှစ်သည့် ဆိုင်အများစုမှာ ဆက်လက်ရောင်းချနေပြီး အစ္စလာမ်လူမျိုးဖွင့်လှစ်သည့် ဆိုင်များမှာ ဇူလိုင် ရ ရက်မှ စတင်၍ အနည်းငယ်ပြန်လည်ဖွင့်လှစ်လာသော်လည်း အများစုမှာဖွင့်လှစ်မှု မရှိသေးကြောင်း ရောင်းဝယ်မှု ကောင်းမွန်စွာ မရှိသေးကြောင်း ဆိုသည်။

“ဆိုင်က အရောင်းအဝယ်လည်း ပါးတယ်။ အခြေအနေကိုလည်း စောင့်ကြည့်နေတယ်။ ပစ္စည်းအသစ်ဆို ဘာမှကို မတင်ရဲ သေးပါဘူး။ အရောင်းအဝယ်ကလည်း မဖြစ်သလောက် နည်းပါးပါတယ်”ဟု အစ္စလာမ် လူမျိုးဖွင့်လှစ်ထားသော ၃၅လမ်း ပေါ်ရှိ ဖိနပ်ဆိုင်ပိုင်ရှင် တစ်ဦးက ပြောကြားသည်။

ဒိုင်းမွန်းပလာဇာတွင် ယခင်က တစ်ရက်လျှင် လူဦးရေသုံးသောင်းခန့် ဝင်ရောက်မှုရှိရာမှ လက်ရှိတွင် လူဦးရေ တစ်သောင်း ၀န်းကျင်သာ ၀င်ရောက်မှုရှိကြောင်း ဒိုင်းမွန်း ပလာဇာဝင်ထွက်ဂိတ်ရှိ လူဦးရေ ၀င်ထွက် စက်မှပြထားသည့် စာရင်းများတွင် ဖော်ပြထားသည်။

“ဒိုင်းမွန်းကို ည ရ နာရီ ပိတ်ခိုင်းထားတယ်။ ညနေငါးနာရီခွဲတာနဲ့ဆိုင်တွေ ပိတ်ခိုင်းပါတယ်။ မနက်ပိုင်းပဲ လူက အနည်းငယ် လာတာပါ။ ဇူလိုင် ၅ ရက်ကဆို လာတာတောင် မရှိသလောက်နည်းပါးတယ်။ အစ်မတို့ဆိုင်က အကျႌအဓိက ရောင်းရတာဆိုတော့ အခုလိုဖြစ်တော့ လူတွေက စိတ်ဝင်စားမှုမရှိတဲ့အတွက် ရောင်းမကောင်းပါဘူး”ဟု ဒိုင်းမွန်းပလာဇာအတွင်းရှိ အထည်အရောင်းဆိုင်ပိုင်ရှင် တစ်ဦးက ပြောဆိုသည်။

မန္တလေးမြို့တွင်းတွင် အေးချမ်းသည့် အနေအထားရှိကြောင်း၊ ပုံမှန်လုံခြုံရေးကို နေ့ညမပြတ်လှည့် ကင်းများဖြင့် စစ်ဆေးမှုကို လုပ်ဆောင်နေကြောင်း၊ မန္တလေးမြို့သို့ ၀င်ရောက်သော အမြန်လမ်းမကြီး တွင်လည်း စစ်ဆေးမှုများကို ပြုလုပ်နေကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံး ဒုတိယရဲမှူးကြီး ဇော်မင်းဦးက ပြောသည်။

ညမထွက်ရ အမိန့်ထုတ်ပြန်ရာတွင် လိုက်နာမှုမရှိသူများကို ဇူလိုင် ၃ ရက်တွင် ၁၄၅ဦး၊ ဇူလိုင် ၄ရက်တွင် ၁၀၀ ဦး၊ ဇူလိုင် ၅ရက်တွင် ၁၀၁ ဦး၊ ဇူလိုင် ၆ ရက်တွင် ၈၂ ဦးနှင့် ဇူလိုင်လ ရ ရက်တွင် ၁၀၆ ဦး စုစုပေါင်း ၅၃၄ ဦးကို အရေးယူထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးရှိ စာရင်းတွင် ဖော်ပြထားသည်။

Most read this week