မန္တလေးပဋိပက္ခ ရိုးသားမှုမရှိဟု အင်န်အယ်လ်ဒီ သုံးသပ်

မန္တလေးပဋိပက္ခ ရိုးသားမှုမရှိဟု အင်န်အယ်လ်ဒီ သုံးသပ်
by -
မဇ္စျိမ

မန္တလေးဖြစ်စဉ်သည် ပဋိပက္ခအစစ်အမှန်မဟုတ်ဘဲ ဘာသာရေးအရေခြံုကာ နိုင်ငံရေး မတည်ငြိမ်စေရန် လုပ်ဆောင်ခြင်းသာဖြစ်၍ ရိုးသားမှုမရှိဟု ရန်ကုန်တိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)အတွင်းရေးမှူး ဦးထွန်းမြင့်က မဇ္ဈိမကို ဇူလိုင် ရ ရက်တွင် ပြောသည်။

(NLD)ပါတီ ဗဟိုဌာနချုပ်ကလည်း ယနေ့တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ယင်းတွင် ဘာသာရေး အကြောင်းပြ ဆူပူလှုံ့ဆော်မှုနှင့် မတည်ငြိမ်သည့် ပတ်ဝန်းကျင်တွင် လုံခြံုရေးများရှိသော်လည်း ထိန်းသိမ်းမှုမရှိခဲ့ဟု သုံးသပ်ထားသည်။

“ဘာသာရေးကို ခုတုံးလုပ်ပြီးတော့ နိုင်ငံရေးပါတီတွေကိုလည်း တိုက်ခိုက်နေတာပါ”ဟု ဦးထွန်းမြင့်က ပြောသည်။

မိတ္တီလာပဋိပက္ခအတွင်း ကိုယ်တိုင်ကြံုခဲ့သူ(NLD) ပြည်သူ့လွှတ်တော်အမတ် ဦးဝင်းထိန်က မန္တလေး၌လည်း မိတ္တီလာနည်းတူမြို့ခံ မဟုတ်သည့်လူများ အုပ်စုဖွဲ့ ရောက်ရှိလာကာ လှုံ့ဆော်ခဲ့ကြောင်းပြောသည်။

“မန္တလေးတိုင်း ၀န်ကြီးချုပ် ကိုယ်တိုင်က ပြောခဲ့တာပဲ မြို့ခံမဟုတ်တဲ့ လူတွေ ရောက်လာတယ်လို့လေ။ မိတ္တီလာမှာ ဖြစ်တုန်းကလည်း ဒီလိုပဲ ဘယ်ကမှန်းမသိတဲ့ လူတွေရောက်လာတယ်။ ဒီလိုတွေ ဖြစ်နေတာ ရိုးသားမှုမရှိဘူး” ဟု သုံးသပ်သည်။

ထို့သို့ဖြစ်ပေါ်နေမှုများကို ၁၉၉၀ ရွေးကောက်ပွဲ ကိုယ်စားလှယ်များအဖွဲ့မှ ဦးဒေးဗစ်လှမြင့်က “မန္တလေးမှာ ဖြစ်တဲ့ပုံစံက ရှင်းရှင်းလင်းလင်း မရှိပါဘူး။ နောက်ပြီး ဘာသာရေးအရဖြစ်တယ်လို့ ကျွန်တော်တို့ မယုံကြည်ဘူး။ တစ်စုံတစ်ယောက်၊တစ်စုတစ်ဖွဲ့က ရည်ရွယ်ချက်ရှိရှိနဲ့ ဖန်တီးတယ်လို့ ယူဆတယ်”ဟု သုံးသပ်သည်။

NLD ၏ ကြေညာချက်တွင် ဒေသခံမဟုတ်ဘဲ မည်သူမည်ဝါမှန်းမသိသော လူများက မော်တော်ဆိုင်ကယ် များဖြင့် ရောက်လာခြင်း၊ ပဋိပက္ခအများစုသည် နေ့အချိန်ထက် ညပိုင်းတွင်သာ ဖြစ်နေခြင်းကြောင့် သွေးရိုးသားရိုးမဟုတ်ဟု ပါ၀င်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ၏ အထွေထွေအတွင်းရေးမှူး ဦးတိတ်နိုင်က “ဒီလိုဖြစ်နေတာက နောက်လက်မပါရင် ဖြစ်ကို မဖြစ်ဘူး၊ ဒါကြောင့် အစိုးရအနေနဲ့ နောက်ကွယ်က လူတွေကို အရေးယူနိုင်ဖို့ လိုပါတယ်”ဟု သုံးသပ်သည်။

မန္တလေးမြို့ခံ စာရေးဆရာညီပုလေးကလည်း “ဒါမျိုးတွေက မလုပ်ကောင်းတာတွေ လုပ်နေတဲ့သဘော ဖြစ်နေတယ်။ ဒီဖြစ်စဉ်ကနေ အကျိုးဆက်တွေ အများကြီးဖြစ်လာနိုင်တယ်၊ ဒီမှာ အလုပ်အကိုင်မကောင်းလို့ အစ္စလာမ်နိုင်ငံမှာ အလုပ်လုပ်နေရတဲ့ မြန်မာတွေ သူများနိုင်ငံမှာ ဒုက္ခနဲ့ ကြံုတွေ့ ရနိုင်တယ်”ဟု ပြောသည်။

ထို့ပြင် NLD က အခြေအနေများကို အခြားဒေသများသို့ ကူးစက်ပြန့်ပွားခြင်း မရှိရေးဆောင်ရွက်ရန်၊ ပြစ်မှု ကျူးလွန်သူများကို ဖော်ထုတ်ဖမ်းဆီးအရေးယူရန်၊ နောက်ကွယ်မှ လှုံ့ဆော်သူများကို စုံစမ်း ဖော်ထုတ်အရေးယူရန်လည်း သက်ဆိုင်ရာသို့ တိုက်တွန်းခဲ့သည်။

Most read this week