မောင်တော်မြို့နယ် ကလေးငယ်များ ရာနှင့်ချီ အခမဲ့ပညာသင်ကျောင်းအတွက် အကူအညီများလိုအပ်နေ

မောင်တော်မြို့နယ် ကလေးငယ်များ ရာနှင့်ချီ အခမဲ့ပညာသင်ကျောင်းအတွက် အကူအညီများလိုအပ်နေ
by -
နိရဥ္စရာ

စာသင်သား ကလေးငယ်၂၅၀ ထိ တက်ရောက် ပညာသင်ကြားနေသော မြန်မာနိုင်ငံ အနောက်ဘက်နယ်စပ် မောင်တောမြို့နယ် မြောက်ပိုင်းရှိ နံသာတောင် ပရဟိတ ဘုန်းတော်ကြီး ပညာသင်ကျောင်း ခက်ခဲမှုများ အတွက် အရေးပေါ် အကူအညီများ လိုအပ်နေကြောင်း ကျောင်းထိုင်ဆရာတော် ဦးစရဏမှ နိရဥ္စရာသို့ မိန့်ကြားသည်။

“ဦးဇင်းတည်ထောင်ထားတဲ့ ကျောင်းက တောင်ပြိုမြို့နယ်ခွဲ နယ်စွန်နယ်ဖျားမှာဆိုတော့ အခက်အခဲ အများကြီးရှိပါတယ်။ ဒီ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှာ ကျောင်းသား ကျောင်းသူ ၂၅၀ ကျော်ရှိပါတယ်။ သူတို့အတွက် အိမ်သုံးဆေးဝါးတွေ၊ ထီးတွေ၊ ပုံနှိပ်ကျောင်းသုံးစာအုပ်တွေ၊ ဗလာစာအုပ်တွေ ၊ဘောလ်ပင်နဲ့ ခဲတံ၊ ပေတံတွေအပြင်  ယင်လုံအိမ်သာက အစ အရေးပေါ် လိုအပ်နေပါတယ်” ဟု ဆိုသည်။

နံသာတောင် ပရဟိတ ဘုန်းတော်ကြီး ပညာသင်ကျောင်းမှ ကျောင်းသား ကျောင်းသူများ

နံသာတောင် ပရိဟိတကျောင်းသည် မြန်မာနိုင်ငံ အနောက်ဘက် အစွန်ဆုံး ဘင်္ဂလာဒေချ့် နယ်စပ်အနီးတွင် တည်ရှိပြီး ထိုဒေသတွင် မှီတင်းနေထိုင်ကြသော ရခိုင်တိုင်းရင်းသားများ ကလေးငယ်များ အပါအဝင် သက်၊ ဒိုင်းနက်၊ မြို ကလေးငယ်များလည်း တက်ရောက် သင်ကြားနေသော ကျောင်းဖြစ်သည်။

၎င်းပရဟိတ စာသင်ကျောင်းကို ၂၁၀၂ ခုနှစ် ရခိုင်ပဋိပက္ခကြောင့် အစိုးရ စာသင်ကျောင်း အများအပြားကို ပိတ်ထားလိုက်ရပြီး နောက်ပိုင်းတွင် စာသင်ရန် အခက်အခဲ ဖြစ်နေသော ကလေးငယ်များအတွက် ရည်ရွယ်ပြီး သာသနာပြု ဆရာတော် ဦးစရဏမှ တည်ထောင်ခဲ့သည်။

“ မောင်တောမြိုနယ်မှာ နေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုးတွေဟာ အရင်လို စီးပွားရေး အဆင်မပြေ ကြတော့ သူတို့ရဲ့ ကလေးတွေကို ပညာမသင်ကြားနိုင်ကြတော့ဘူး။ အလုပ်လက်မဲ့ဖြစ်နေတဲ့ မိသားစုတွေသာ တစ်နေ့ထက် တစ်နေ့များနေပြီး အဆင်မပြေကြတော့ ကလေးတွေအတွက် ပညာရေးကို ဒီပရဟိတကျောင်း ကိုဘဲ အားကိုးနေကြရပါတယ်” ဟု ဆရာတော်က ဆက်လက်မိန့်ကြားသည်။

ယခု စာသင်ကျောင်းသာ မရှိပါက မိမိတို့၏ အနာဂတ်မှာ ပျောက်ကွယ်သွားနိုင်သဖြင့် ဤကျောင်းကို တည်တံ့စေလိုသည်ဟု သတ္တမတန်းကျောင်းသား မောင်မောင်က ပြောသည်။

“ကျွန်တော်တို့က ဒီကျောင်းမှာ စာသင်ရတာက အစစ အရာရာ အဆင်ပြေပါတယ်။ ဒီကျောင်း မရှိရင် ကျောင်းတက်ဖို့ ဖြစ်နိုင်မယ် မထင်ဘူး။ မိဘတွေလည်း မတတ်နိုင်ဘူး။ ဒါကြောင့် ဒီကျောင်းကို ဆက်လက် တည်တံ့စေချင်ပါတယ်” ဟု ဆိုသည်။

Nanthadaung-4

တောင်ပြိုမြို့ တွင် ဖွဲ.စည်းထားသော ဘက်စုံလူမူ ကူညီစောင့်ရှောက်ရေး အသင်းမှ တာဝန်ရှိသူ တစ်ဦး ကလည်း ဤပရဟိတ ဘုန်းတော်ကြီး စာသင်ကျောင်းမှာ တစ်ခုတည်းသော ဒေသခံများ၏ အားကိုးမှီခိုရာကျောင်းဖြစ်သည်ဟု ဆိုသည်။

“စားဝတ်နေရေးမပြေလည်မူတွေကြောင့် တိုင်းရင်းသား မိဘပြည်သူတွေ အနေနဲ့ မိမိတို့ သားသမီးတွေရဲ့ ပညာသင်ရေး အတွက် နယ်စပ်က နံသာတောင် ပညာဒါန ပရဟိတကျောင်းကို အရေးတကြီး အားထားမှီခို ရပါတယ်။ ဒါကြောင့် အနောက်တံခါးကို ကာကွယ်လိုသူတွေ အနေနဲ့ ဒီကျောင်းတည်တံ့အောင် ကူညီကြဖို့ တိုက်တွန်းလိုပါတယ်” ဟု ဆိုသည်။

နံသာတောင် ပရဟိတစာသင်ကျောင်းတွင် အလယ်တန်းမှ အထက်တန်းထိ ပညာသင်ကြားပေးနေပြီး ရပ်နီး ရပ်ဝေးနှင့် ပြည်ပမှ စေတနာရှင်များ၏ အကူအညီဖြင့် လည်ပတ်နေသော ကျောင်းဖြစ်ကြောင်း၊ လက်ရှိ အချိန်တွင် ဆရာ ဆရာမ ၂၀ ကျော်တို့မှ ပညာသင်ကြားပြသလျှက် ရှိကြောင်း သိရသည်။

Most read this week