မွန်ပြည်နယ် မော်လမြိုင်မြို့၌ ကျင်းပ ပြီးစီး ခဲ့သည့် မွန်ပြည်သူ့ ဖိုရမ်မှ ထုတ်ပြန် ကြေငြာချက်ပါ အချက်များအား မွန်ပြည်နယ် အစိုးရအနေဖြင့် အကောင်အထည် ဖော်ဆောင် ပေးသွား နိုင်မည် ဖြစ်ကြောင်း မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးကျင်ဖေမှ ပြောသည်။
မွန်ပြည်သူ့ ဖိုရမ် တက်ရောက် လာသည့် ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးကျင်ဖေအား တွေ့ရစဉ် မွန်ပြည်သူ့ ဖိုရမ် တက်ရောက် လာသည့် ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးကျင်ဖေအား တွေ့ရစဉ် ဓါတ်ပုံ - (ရွှေဟင်္သာ)
“ဖိုရမ် ထုတ်ပြန် ကြေငြာချက်ပါ အချက် တွေနဲ့ ပတ်သက်လို့ ကတော့ အကောင် အထည်ဖော် လုပ်ဆောင်လို့ ရနိုင်တဲ့ အခြေအနေ ရှိပါတယ်၊ ဥပဒေ ဘောင်က ခွင့်ပြုထားတဲ့ အောက်မှာ တော်တော် များများ လုပ်လို့ ရပါတယ်၊ တချို့တွေ ကသာ အခြေအနေအချိန်အခါကို ကြည့်ပြီး အကောင်အထည် ဖော်ရ မှာပဲ ရှိပါတယ်၊ အားလုံး လုပ်လို့ ရပါတယ်” ဦးကျင်ဖေက ပြောသည်။
ဇွန်လ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့ အထိ မွန်ပြည်သူ့ ဖိုရမ် ဆွေးနွေး ပွဲအား မော်လမြိုင်မြို့ရှိ ရွှေမြင့်မိုရ်ထွန်း ဟိုတယ်၌ (၃) ရက်တာ ကျင်းပ ကျင်းပ ခဲ့ပါသည်။ မွန်ပြည်နယ်ရှိ မြို့နယ်များတွင် အခြေစိုက် လှုပ်ရှား နေသည့် လူထု အခြေပြု လူ့အဖွဲ့ အစည်းများ (၇၅) ဖွဲ့မှ ကိုယ်စား လှယ်ပေါင်း ၁၈၁ ဦး တက်ရောက် ဆွေးနွေး ခဲ့ကြသည်။
သုံးရက်တာ မွန်ပြည်သူ့ ဖိုရမ် (Mon People Forum) ဆွေးနွေးပွဲ အပြီး ဇွန်လ ၂၇ ရက်စွဲဖြင့် ထုတ်ပြန် ကြေငြာ ခဲ့သည့် ကြေငြာချက်၌ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုး တိုးတက်ရေး၊ လူအခွင့် အရေးနှင့် တရား မျှတမှု၊ ဒီမို ကရေစီ ဖော်ဆောင်ရေး၊ လူငယ် ကဏ္ဍ စသည့် ကဏ္ဍ အသီးသီး တို့ဖြင့် တောင်းဆိုချက် (၃၆) ချက် ထုတ်ပြန် တောင်းဆို ထားပါသည်။
ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်ရာ၌ ရေရှည် တည်တံ့သော ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အတွက် ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် အရပ်ဘက် လူမှု အဖွဲ့ အစည်းများ ပူးပေါင်းပါဝင်မှုကို တိုးမြှင့်ရန်နှင့် ဗဟို ချုပ်ကိုင်မှု လျောချရေး အပေါ် ပြည်နယ် လွှတ်တော်မှ သဘောထား တစ်ရပ် ထုတ်ပြန် ပေးရန် ဖိုရမ်မှ ထုတ်ပြန် ကြေငြာချက်၌ တောင်းဆို ထားပါသည်။
ထို့ပြင် အကြီးစားစီမံကိန်းများ အကောင်အထည် ဖော်ရာ၌ ဒေခံ ပြည်သူ လူထု များနှင့် ကြိုတင် ညှိနှိုင်း သဘောတူညီချက်ကို စစ်မှန်စွာ ရယူပြီး ဆောင်ရွက်ရန်လည်း ထုတ်ပြန် တောင်းဆို ထားပါသည်။
ပြည်နယ် လွှတ်တော်နှင့် အစိုးရ အဖွဲ့ရုံး သတင်းများ တို့အား သတင်း အချက်အလက်များ တိကျ မှန်ကန်စွာ ထုန်ပြန် ပေးရန်နှင့် အလွယ် တကူ သတင်း ယူနိုင်ရေး အတွက်လည်း တောင်းဆို ထားပါသည်။
၎င်းတောင်းဆိုချက် (၃၉) ချက်တို့နှင့် ပတ်သက် ၍လည်း ယနေ့ ဖိုရမ် နောက်ဆုံး နေ့၌ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်နယ် အစိုးရ အဖွဲ့ဝင် ဝန်ကြီး များနှင့် မွန်ပြည်သူ့ ဖိုရမ် တက်ရောက် လာကြသည့် ကိုယ်စား လှယ်များ နေ့တစ်ဝက် အချိန်ယူ၍ အပြန် အလှန် ဆွေးနွေး ခဲ့ကြသည်။
“ဒီတောင်းဆို ချက်တွေ ထဲက လတ်တလော လုပ်ရမယ့် ဥစ္စာကို ကျနော်တို့ ချက်ခြင်း လုပ်ဆောင်မယ်၊ တချို့တွေ ကတော့ ရေရှည် လုပ်ရမယ့် အခြေအနေ ဖြစ်တဲ့ အတွက် အခြေအနေနဲ့ အချိန် အခါကို ကြည့်ပြီးတော့ လုပ်ဆောင် သွားမယ်”ဟု ညှိနှိုင်း ဆွေးနွေးပွဲ အပြီးတွင် မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးကျင်ဖေမှ ရွှေဟင်္သာ သတင်းဌာန၏ မေးမြန်း ချက်ကို ပြန်လည် ဖြေကြား ခဲ့ပါသည်။
သို့သော်လည်း မွန်ပြည်နယ် အစိုးရ အဖွဲ့မှ လွှတ်တော် ကိုယ်စားလှယ် များသာ အားပြု တက်ရောက် ခဲ့ကြပြီး ပြည်နယ် အစိုးရ လက်အောက်ရှိ ဝန်ကြီးဌာနများမှ ဝန်ကြီးတစ်ဦးသာ တက်ရောက် ခဲ့သဖြင့် ပြည်နယ် အစိုးရ အဖွဲ့၏ ပူးပေါင်း ပါဝင်မှုနှင့် ပတ်သက်၍ အားမရ မိကြောင်း မြန်မာ့ ပြည်သူ့ ဖိုရမ် ဘုတ်အဖွဲ့ဝင် တဦး ဖြစ်သည့် မသဥ္ဇာရွှန်းလဲ့ရည်မှ သုံးသပ် ပြောဆို သွားခဲ့သည်။
မြန်မာ နိုင်ငံတဝှမ်း၌ ပြည်သူ့ ဖိုရမ် များအားကျင်းပရန်လျာထားသည့်အနက် မွန်ပြည်နယ်၌ပထဦးဆုံးကျင်းပ ခဲ့ခြင်း ဖြစ်၍ ယခု ဖိုရမ်မှရရှိ ခဲ့သည့် တောင်းဆိုချက်များနှင့် ပတ်သက်၍ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရ အသီးသီး တို့၏ သက်ဆိုင်ရာ အစိုးရများကို ပေးပို့ရန် စီစဉ် ထားကြောင်းနှင့် ပြည်ထောင်စု လွှတ်တော်တို့လည်း တင်ပြ သွားရန်ရှိကြောင်း မြန်မာ ပြည်သူ့ ဖိုရမ် အဖွဲ့ ဦးစီးဆောင်ရွက်သူ တဦး ဖြစ်သည့် ဦးကျော်လင်းဦးမှ ပြောသည်။
“ဒီလာမယ့် တနင်္ဂနွေနွေ့ ဝန်ကြီး ဦးအောင်မင်းနဲ့ တွေ့ရင် ကျနော်တို့ ရရှိ ထားတဲ့ အချက်တွေနဲ့ ပတ်သက်လို့ တင်ပြ သွားဖို့ ရှိသလို၊ ပြည်သူ့ လွှတ်တော် ဆီကိုလည်း စနစ်တကျ စာပို့ပြီး တင်ပြ သွားဖို့ ရှိပါတယ်” ဟု ဦးကျော်လင်းဦးမှ ဖိုရမ် အတွင်း ဆွေးနွေးစဉ် ထည့်သွင်း ပြောကြားသွားခဲ့သည်။
မြန်မာနိုင်ငံ၏ နိုင်ငံရေး စီးပွားရေး၊ လူမှုရေး ဆိုင်ရာ ပြုပြင် ပြောင်းလဲမှု လုပ်ငန်းစဉ် များတွင် အရပ်ဘက် လူ့အဖွဲ့အစည်းများ၏ အခန်းကဏ္ဍ ပိုမို မြင့်မားစေရန် ဦးတည်လျက် ဒေသ ဆိုင်ရာ ပြည်သူ့ ဖိုရမ်များကို ကျင်းပရန် ရည်ရွယ် ထားပြီး မွန်ပြည်နယ်၌ ပထမ ဦးဆုံး ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။