လက်ရှိအချိန်တွင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် တိုးပွားလာသော စစ်ဘေးဒုက္ခသည် သက်ကြီးရွယ်အိုများအတွက် အစာအဟာရမှာ အရေးတကြီး လိုအပ်နေသည် ဟု Wunpawng Ninghtoi ၏ ဒါရိုက်တာ ဒေါ်မေရီတောမ်က မဇ္စျိမကိုပြောသည်။
ဇွန်လ ၂၇ ရက်က ပြုလုပ်သော ကချင်ဒေသ တစ်ကျော့ပြန်စစ်ပွဲများနှင့် ပတ်သက်၍ ဒုက္ခသည်စခန်းများတွင် အကူအညီပေးနေသည့် အဖွဲ့ ၉ဖွဲ့က ပူးပေါင်းပြုလုပ်သည့် သတင်းစားရှင်းလင်းပွဲအပြီးတွင်း ယင်းကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။
“ အရင်က အသက် ၆ဝ ကျော်တွေအတွက် အိုဗာတင်းလေး၊ ကွေကာလေး ကြက်ဥလေး ပံပိုးပေးနိုင်ပေမယ့် နောက်ပိုင်း မပေးနိုင်တာတွေဖြစ်လာတယ်။ ငွေကြေးအကန့်အသတ် ဖြစ်လာတယ်။ အထူးသဖြင့် ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့ အာဟာရချို့တဲ့တာတွေ ဖြစ်တာပါ။ ”ဟု ဒေါ်မေရီတောမ် ပြောသည်။
ယင်းအပြင် ဒုက္ခသည်စခန်းမှ ကလေးများ၏ ပညာရေးနှင့် ပတ်သက်၍လည်း အခက်အခဲနှင့် ရင်ဆိုင်ကြံုတွေ့ နေရသည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ကေအိုင်အေ ထိန်းချုပ်နယ်မြေအတွင်း ၂ဝ၁၂ ခုနှစ်မှ ၂ဝ၁၄ ခုနှစ်အထိ သုံးနှစ်တာကာလအတွင်း တက္ကသိုလ် ဝင်တန်းအောင်မြင်သူ ကျောင်းသားဦးရေမှာ ခြောက်ရာခန့်ရှိပြီး တက္ကသိုလ် ဆက်တက်ရန် အခက်အခဲများ ရှိနေသည်ဟု ဒေါ်မေရီတောမ်က ဆိုသည်။
မေတ္တာဖောင်ဒေးရှင်းမှ အမှုဆောင် ဒါရိုက်တာ ဦးစိုင်းစမ်ခမ်းက “လိုအပ်ချက်တွေက အရမ်းကို များပြားနေပါတယ်။ အဲ့ဒီဒေသတွေက ဒုက္ခသည်တွေအတွက် တစ်နှစ်ကို အမေရိကန် ဒေါ်လာ ၃၅ သန်းလိုအပ်နေပါတယ်”ဟုပြောသည်။
အခြေခံလိုအပ်ချက်များဖြစ်သည့် စားနပ်ရိက္ခာနှင့် အမိုးအကာ လုံးလောက်စွာရရှိရန်ပင် ခဲယဉ်းသည့် အခြေအနေဖြစ်နေသည်ဟု ၎င်းကဆိုသည်။
ကချင်ဒေသနှင့် ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသများရှိ လက်တလောအခြေအနေများကို တင်ပြရသည့် ရည်ရွယ်ချက်မှာ ဒုက္ခသည်စခန်းများအတွက် လိုအပ်ချက်နှင့် ဖြည့်ဆည်း ပေးနိုင်မှုသည် လွန်စွာကွာခြားနေသည့် အခြေအနေသိရှိစေလိုပြီး လိုအပ်သည့်အကူအညီများ ရယူနိုင်ရန်အတွက်ဖြစ်သည်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ လက်ထောက်အတွင်းရေးမှူး Kyung-Wha Kang နှင့် အဖွဲ့က ဇွန်လအတွင်းက ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ ဒုက္ခသည်စခန်း များကို သွားရောက်လေ့လာခဲ့ပြီး ယာယီဒုက္ခသည်စခန်းများ ဆောက်လုပ်ရန် လိုအပ်သည့် နေရာများကိုလည်း ဆောက်လုပ်ပေးရန် သွားရောက် ကြည့်ရှုခဲ့သေးသည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲကို ကချင်ဒုက္ခသည် စခန်းများတွင် အကူအညီပေးနေသောအဖွဲ့များဖြစ်သည့် Shalom Foundation, Wunpawng ninghtoi, Kachin Women Association, Kachin Development Group, Kachin Baptist Convention, Bridge, Karuna Myanmar Social Service, Kachin Relief & Development committeeနှင့် Metta Development Foundation တို့ပူးပေါင်းပြုလုပ်ခြင်းဖြစ်သည်။
UNOCHA၏ ၂ဝ၁၄ခုနှစ် ဧပြီလထုတ် လူသားချင်း စာနာမှုဆိုင်ရာ သတင်းလွှာပါ ကိန်းဂဏန်းများအရ ကချင်ပြည်နယ်တွင် နေရပ်စွန့်ခွာသူ စုစုပေါင်း ၉၆,ဝဝဝရှိပြီး ဧပြီလအတွင်း စစ်ပွဲများကြောင့် နေရပ်စွန့်ခွာရသူ ၂,၇ဝဝကျော်ရှိသည်။ ယင်းအပြင် မိသားစု ၄ဝဝခန့်အတွက် အရေးပေါ်တဲများ ထောက်ပံ့ပေးရန် လိုအပ်နေသေးသည်။