ဇွန်လ ၂၆ ရက်တွင် ကျရောက်သော ၂၇ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများနှင့် ဓာတု ဆေးရည်များ မီးရှို့ဖျက်ဆီးသည့် အခမ်းအနားများကို တောင်ကြီးမြို့၊ ရန်ကုန်မြို့၊ မန္တလေးမြို့တို့တွင် ကျင်းပခဲ့သည်။ ထိုမြို့များ၌ ဖမ်းဆီးရမိ၍ မီးရှို့ခဲ့သော မူးယစ်ဆေးဝါးတန်ဖိုးမှာ စုစုပေါင်း အမေရိကန် ဒေါ်လာ (၁၃၀ ဒသမ ၅) သန်းကျော် (မြန်မာငွေ ကျပ်သန်းပေါင်း ၁၂၅,၄၂၀ ကျော်) ရှိကြောင်း စာရင်းဇယားများအရ သိရသည်။
ထိုပမာဏမှာ ယခင်နှစ်က ဖမ်းဆီးရမိ၍ မီးရှို့ဖျက်ဆီးခဲ့သည့် တန်ဖိုး ကန် ဒေါ်လာ (၇၆ ဒသမ ရ၉ သန်း) ထက် ၅၃ သန်းကျော် ပိုများနေသည်။ ၂၀၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံက မီးရှို့ဖျက်ဆီးခဲ့သည့် မူးယစ်ဆေးဝါးများမှာ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၀၂ ဒသမ ၃၈ သန်း ရှိခဲ့သည်။
ယခုနှစ်တွင် ဖမ်းဆီးရမိပြီး မီးရှို့ဖျက်ဆီးခဲ့သည့်အထဲတွင် ရှမ်းပြည်နယ်၌အများဆုံးဖြစ်ပြီး တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ (၈၈) သန်းကျော်ရှိသည်။
ရန်ကုန်၊ ရွှေပြည်သာတွင် မီးရှို့ဖျက်ဆီးခဲ့သည်များမှာ ရန်ကုန်၊ တနင်္သာရီ၊ ပဲခူး၊ ဧရာဝတီ၊ ရခိုင်၊ မွန် ၊ ကရင်ပြည်နယ်တို့မှ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများဖြစ်ပြီး အမေရိကန် ဒေါ်လာ (၉ ဒသမ ၅ သန်း ကျော်) ရှိသည်။
ထို့နည်းတူ မန္တလေးမြို့တွင် မန္တလေး၊ မကွေး၊ စစ်ကိုင်း၊ ကချင်နှင့် ချင်းပြည်နယ်များမှ ဖမ်းဆီးရမိခဲ့သော မူးယစ်ဆေးဝါး ဖျက်ဆီးခဲ့ရာမှာ ကန်ဒေါ်လာ ၃၃ ဒသမ ၁၅ သန်းခန့်ရှိသည်။ ထိုပမဏမှာ ယခင် နှစ်က မန္တလေးတွင်ဖျက်ဆီးခဲ့သည့် ကန်ဒေါ်လာ ကိုးသန်းကျော်ထက် လေးဆနီးပါးများပြားနေသည်။
ရှမ်းပြည်နယ်တွင်ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးနှင့် ဓာတုဆေးဝါးများမှာ အမျိုးအစားပေါင်း (၃၇) မျိုးဖြစ် ပြီး ယခင်နှစ်က ဖမ်းဆီးရမိခဲ့သည့်ပမာဏ (ကန်ဒေါ် လာ ၆၄) သန်းကျော်ထက် ၂၄ သန်းကျော်များနေ သည်။ အဓိကဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများတွင် ဘိန်းညို အမှုန့်အများဆုံးဖြစ်ပြီး၊ ဘိန်းဖြူနှင့် ဓာတု ဆေးဝါးများမှာ ဒုတိယနှင့် တတိယ အများဆုံးဖြစ်သည်။
“မူးယစ်ဆေးဝါး ဖမ်းဆီးတဲ့နေရာမှာ ရှမ်းပြည်နယ်က လုံးဝငြိမ်းချမ်းတဲ့နယ်မြေမဟုတ်ဘူး။ နောက် နေရာတိုင်းမှာ တရားဥပဒေစိုးမိုးမှုမရှိတဲ့အတွက် နယ်မြေလုံခြံု ရေးကန့်သတ်မှု အခက်အခဲတွေ ရှိနေတယ်။ ဒါကြောင့် ဖမ်းဆီးမှု အပြည့်အဝမလုပ်နိုင်သေးပါဘူး” ဟု ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ၀င်းထွန်းက မဇ္ဈိမကို ပြောသည်။
ထို့ပြင် မြန်မာပြည်တစ်ဝန်းလုံးရှိ ဘိန်းစိုက်ပျိုးမှု၏ ၉၀ ရာခိုင်နှုန်းသည် ရှမ်းပြည်နယ်တွင်ရှိပြီး ဘိန်းစိုက်ပျိုးထားသည့် အချို့နေရာများကိုလည်း လုံခြံုရေးကန့်သတ်ချက်ရှိနေဆဲဖြစ်သည်ဟု ၎င်းက ဆိုသည်။
ယခုနှစ်တွင် ဖမ်းဆီးရမိသော ဘိန်း နှင့် မူးယစ်ဆေးဝါးများ၏ တန်ဖိုးမြင့်တက်လာခြင်းမှာလည်း ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုမြင့်တက်လာသည့် အကြောင်းအရင်းများလည်းပါ၀င်သည်။ ကုလသမပဂ္ဂမူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှု တားဆီးရေးရုံး (UNODC)၏ ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်တွင် ထုတ်ပြန်သောအစီရင်ခံစာ တွင် ၂၀၁၃ ခုနှစ်တွင် ဘိန်းစိုက်ခင်းဖျက်ဆီးနိုင်မှု ၅၂ ရာခိုင်နှုန်းလျော့ကျခဲ့သော်လည်း ထုတ်လုပ်မှုတွင် ၂၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ဖော်ပြထားသည်။
အစီရင်ခံစာတွင် ဘိန်းစိုက်ခင်းဖျက်ဆီးမှုလျော့ကျခြင်းနှင့် စိုက်ပျိုးမှု ၁၃ ရာ ခိုင်နှုန်းမြင့်တက်ခြင်းတို့ကြောင့် မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ်က ဘိန်းတန်ချိန် ၆၉၀ သာ ထုတ်လုပ်နိုင်ခဲ့သော်လည်း ၂၀၁၃တွင် တန်ချိန် ၈၇၀ အထိ တိုးမြင့် လာခဲ့သည်ဟုလည်းဖော်ပြထားသည်။
ထိုကဲ့သို့ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုများ မြင့်တက်လာရခြင်းနှင့် မူးယစ်ဆေးဝါးပပျောက်ရေးလုပ်ငန်းများ ပိုမို ဆောင်ရွက်နိုင်ရန် အစိုးရအနေဖြင့် အဘက်ဘက်မှ ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူလူထုမှလည်း ပူးပေါင်းဆောင်ရွက်စေလိုကြောင်း အစိုးရပိုင်းမှ တာဝန်ရှိသူများက ပြောသည်။
မြန်မာနိုင်ငံ မူးယစ်အထူးအဖွဲ့မှ ရဲမှူးကြီး ခင်မောင်သိန်းက မူးယစ်နှိမ်နင်း ရေးအထူးအဖွဲ့များကို နှစ်ဆ တိုးမြှင့်ဖွဲ့စည်းခဲ့သည်ဟု ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် ရဲအကြပ်အတတ်သင်ကျောင်း၊ လှော်ကား တွင် ကျင်းပသော မီးရှို့ဖျက်ဆီးပွဲတွင် ပြောသည်။
၂၀၁၁-၁၂ ခုနှစ်တွင် ဘိန်း ၂၃,၇၇၁ ဟက်တာ၊ ၂၀၁၂-၁၃ ခုနှစ်တွင် ၁၂,၂၅၇ ဟက်တာ၊ ၂၀၁၃- ၁၄ ခုနှစ် ဘိန်းစိုက် ရာသီ စက်တင်ဘာလ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ ဘိန်းခင်း ၁၂,၇၇၄ ဟက် တာ ဖျက်ဆီးနိုင်ခဲ့သည်။