မူးယစ် ဆေးဝါးနှင့် ဆက်စပ် ပစ္စည်းများ မီးရှို့ ဖျက်ဆီး အခမ်းအနား တောင်ကြီးမြို့တွင် ကျင်းပ

မူးယစ် ဆေးဝါးနှင့် ဆက်စပ် ပစ္စည်းများ မီးရှို့ ဖျက်ဆီး အခမ်းအနား တောင်ကြီးမြို့တွင် ကျင်းပ
by -
သျှမ်းသံတော်ဆင့်

ဂျွန်လ ၂၆  ရက် ကမ္ဘာ့ မူးယစ် ဆေးဝါး တိုက်ဖျက်ရေး နေ့တွင် တောင်ကြီးမြို့  အဝေရာမီးပုံးပျံ ကွင်း၌ သျှမ်းပြည်နယ်အတွင်းမှ ဖမ်းဆီးရမိ မူးယစ် ဆေးဝါး၊ ဓါတုပစ္စည်းများ နှင့် အခြားသော ဆက်စပ် ပစ္စည်းများကို မီးရှိ့ ဖျက်ဆီး ခဲ့ပါသည်။

အဆိုပါမူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးပွဲသို့ ကျောင်းသားကျောင်းသူများ ဌာနဆိုင်ရာ ၀န်ထမ်းများ ၊၀န်ကြီးများ  နှင့် တိုင်းရင်းသားအဖွဲ့အစည်းများတက်ရောက် လေ့လာခဲ့သည်။

တောင်ကြီးတွင်ကျင်းပသော မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးပွဲ

ဖမ်းဆီးရမိကာ မီးရှို့ဖျက်ဆီးခဲ့သော မူးယစ်ဆေးဝါးများမှာ ဘိန်းဖြူ ၊ဘိန်းဖြူ ဘလောက် တုံး ၊ဘိန်းညိုခဲ ၊ ဘိန်းညိုမှုန့်၊ ဘိန်းဆီခဲ ၊ ဘိန်းစိမ်း၊ ခါ့ခူး ၊ ဆေးခြောက် ၊ ဘိန်းချေး စသဖြင့် အမျိုးအစားပေါင်း ၃၇ မျိုး တို့ဖြစ်ပါသည်။ စုစုပေါင်း ခန့်မှန်းတန်ဖိုးမှာ ကျပ်ငွေ သန်းပေါင်း ၈၃၇၆၈၀၀၉၃၃၂ (၈ သောင်းကျော်) ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၈၈၀၉၃၅၂၁.၆၈၆၁၁ (၈၈) သန်းကျော်ခန့်ဖြစ်ပါသည်။

အဆိုပါမူးယစ်ဆေးဝါးဖမ်းဆီးမှုနှင့်ပတ်သက်ပြီး သျှမ်းပြည်နယ် ရဲးမူးကြီး ဦးဝင်းထွန်းကို သျှမ်းသံတော်ဆင့်က မေးမြန်းခဲ့ပါသည်။  

မေး- အခုသျှမ်းပြည်နယ် မှာ အဓိကအများဆုံးဖမ်းဆီးရမိတဲ့ထဲက မူးယစ်ဆေးဝါး အမျိုးအစားကဘယ် လိုအမျိုး အစားတွေလဲ တချက်လောက်ရှင်းပြပေးပါလားခင်ဗျ။

ဖြေ- ဒီ ၂၀၁၄ မှာအများဆုံးဖမ်းမိတာ ဘိန်းညိုမှုန့် ဖြစ်ပါတယ်။ ဘိန်းညိုမှုန့် ဆိုတာက နောက်တစ်ဆင့် တက်ရင် ဘိန်းဖြူ ဖြစ်ပြီလေ။ နံပတ် ၃ အဆင့်မှာရှိပါတယ်။ ဒုတိယ အများဆုံး ကတော့ကဖင်းအမှုန့် ဖြစ်ပါတယ်။ သူက စိတ်ကြွရူးသွပ်ဆေးပြုလုပ်တဲ့ နေရာမှာပါ၀င်တဲ့ ဓါတုဆေးဝါးတစ်မျိုးဖြစ်တယ်။

 မေး - အခု မူးယစ်ဆေးဝါး တွေက သျှမ်းပြည်နယ်မှာဆို  သျှမ်းတောင် ထက်စာရင် သျှမ်းမြောက် ၊သျှမ်းအရှေ့ တွေမှာ ပိုများတယ်လို့သိရပါတယ်။ အဲဒီဖက်မှာဆို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ တွေရှိတယ်။ အပစ်ရပ် ငြိမ်းချမ်းရေး လုပ်ထားကြတာ တွေလည်းရှိတယ်။   မူယစ်ဆေးဝါး ဖမ်းဆီး ရှင်းလင်း ဖို့သူတို့တွေ နဲ့ညှိနှိုင်းတဲ့ အခါအဆင်ပြေပါသလား။

ဖြေ - ဒါကတော့ အခုကငြိမ်းချမ်းရေး ဖော်ဆောင်ဖို့အတွက် ဒါသူတို့ သဘောတူညီ ချက်လေး တစ်ခုလုပ်ကြတယ်။ ဘယ်နယ်မြေနဲ့ဘယ်နယ် မြေဆိုပြီး သတ်မှတ်ချက် လေးတွေရှိတော့  အဲဒီနေရာမျိုးမှာ ကျနော်တို့ဝင်ပြီး လုပ်လို့မရဘူး။  အခုလိုမူးယစ်ဆေး ဝါးနဲ့ ပတ်သက်ပြီး တားဆီးနယ်မြေထဲမှာလုပ်တဲ့အခါမှာ အဓိကအားဖြင့် သတင်း တွေ အချက်အလက်တွေ ကောက်ယူတယ်။ ကောက်ယူပြီးတော့ ရတဲ့သတင်းပေါ်မှာ မူတည်ပြီးတော့ ၀င်ရောက်ဖမ်းဆီး တယ်။  အဲဒီမှာ တချို့နေရာတွေမှာဆိုရင်ကန့်သတ် မှုတွေရှိတော့ ကိုယ်တိုင်လဲ သွားလို့ မရသလို တပ်ဖွဲ့ဝင်တွေလဲ သွားမရ ဆိုတဲ့နေရာ တွေရှိတယ်။ ကိုယ်တို့နဲ့ ဆက်စပ်တဲ့ အဖွဲ့တွေ  သွားလို့မရတဲ့နယ်မြေတွေရှိတယ်။ ဘိန်းစိုက်ပျိုးတဲ့နယ်မြေတိုင်းလည်း ကျနော်တို့ ၀င်ဖျက်လို့မရဘူး။  မြန်မာနိုင်ငံ မှာဘိန်းစိုက်ပျိုးမှု  ၉၀ % က သျှမ်းပြည်နယ်မှာဖြစ်ပါတယ်။

မေး- အဲဒီလိုဝင်ရောက် စစ်ဆေးဖျက်ဆီးလို့ မရတဲ့နေရာတွေဆိုရင်  မူးယစ်ဆေးဝါးပပျောက်ဖို့ ဘယ်လိုလုပ်မလဲ။

ဖြေ- ဒါကတော့  တကယ် သတင်းအတိအကျသိရတဲ့ နေရာမှာဆိုရင်တော့  လုပ်လို့ မရဘူးဆိုတာ မရှိပါဘူး။ ဘာလို့လဲဆိုတော့ ဒီ ၂၀၁၄ ထဲမှာ တပ်မတော်နဲ့ အဲ့ဒီမှာရှိတဲ့ ပြည်သူ့စစ်တွေ  မူးယစ်တပ်ဖွဲ့တွေ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီးတော့မှ ရွှေလီစစ်ဆင်ရေးဆိုတာတွေ လုပ်ခဲ့ပါတယ်။ အဲ့ဒီအတွက်ကြောင့် သတင်းအတိ အကျရပြီး တော့မှ မြန်မာနိုင်ငံအတွင်း မည်သည့်နေရာမဆို ဘိန်းချက်စခန်း ရှိရင် သက်ဆိုင်တဲ့ လုံလောက်တဲ့လုံခြုံရေး အင်အားနဲ့ဖယ်ရှားသွားဖို့ရှိပါတယ်။

မေး- မနှစ်ကဆို ဖမ်းဆီးရမိတဲ့ တန်ဖိုးက အမေရိကန်ဒေါ်လာ ၆၄ သန်းကျော် ။ ဒီနှစ်မှာဆို အမေရိကန်ဒေါ်လာ ၈၈ သန်းကျော် ရှိတယ်လို့သိရတယ်။၂၄ သန်းကျော်တက်လာတဲ့အပေါ်  အမြင်လေးကိုပြောပြပါ။

ဖြေ - ကျနော်မြင်တာကတော့ မနှစ်ကဆိုရင် စိုင်းနော်ခမ်း ကို ဖမ်းဆီးရမိပြီး သူ့ရဲ့ ကွင်း ဆက်ကိုလိုက်ပြီးတော့ မဲခေါင်မြစ်ရိုးတစ်လျှောက်မှာ စိတ်ကြွဆေးတွေကို မြေကြီးထဲမှာမြုပ်ထားတာမျိုး တော်တော်များများဖော်ထုတ် ဖမ်းဆီးရမိတယ်ဆိုတဲ့ ဆက်စပ် သတင်းတွေ တွေ့တယ်။ ဒီနှစ်မှာတော့ သျှမ်းပြည်မြောက်ပိုင်းမှာ ဘိန်းညိုမှုန့် တွေကို တော်တော်များများ ဖမ်းဆီးရမိတယ်လို့ပြောတယ်။ အဲ့ဒါကြောင့် ဘိန်းညိုမှုန့်က အရည်အတွက်များတယ်ဒီနှစ်။  ဒုတိယ အချက်ကတော့ ကဖင်းမှုန့်။ တန်ချိန် တစ်သောင်းကျော်လောက်က အဲဒီထဲမှာမိတာ ကျနော်တို့နိုင်ငံ သုံးနိုင်ငံ နဲ့ ဆက်စပ်နေတဲ့ နယ်စပ် ဒေသတွေမှာ အခွင့်အရေးယူပြီးတော့မှ ဒီမူးယစ်ဆေးဝါးသမားတွေကလဲ ဒီနယ်မြေမှာလှုပ်ရှားကြတာ များတယ် အဲဒါကြောင့် ပမာဏ အများကြီးကို ဖမ်းဆီး ရမိတာ များပါတယ်။ မူးယစ်ဆေးဝါး ဖမ်းတယ်ဆိုလို့ရှိရင်  ဖမ်းလိုက်တာနဲ့ ပျောက်သလားလို့ စဉ်းစားကြည့်ပါ။ ဘယ်လိုမှမပျောက်နိုင်ပါဘူး။ ဘိန်းပင်တွေအားလုံးကို ဖျက်ဆီးလိုက်တာလည်း ဘိန်းတွေပျောက်သွားမလားပေါ့။ ဒါလဲမပျောက်သွားဘူး။

ဘိန်းစိုက်နေတာကလည်းမြန်မာနိုင်ငံသားတွေ ဒီလူတွေဟာ ပိုက်ဆံလိုချင် လို့ စိုက်တာထက်သူတို့စား ဝတ်နေရး ပြေလည်အောင်လို့စိုက်တာရှိတယ်။ အဲ့ဒါကြောင့်ဘိန်းကိုပပျောက်အောင် လုပ်ဖို့ဆိုတာ ဘိန်းအစား တခြားဟာ ဘိန်းမစိုက်လည်း တခြားပိုက်ဆံရ ဖို့လုပ်ပေးသင့်တယ်။ ဒါကိုအရင်လုပ်ပေးလိုက်ရင် ဘိန်းပျောက်ပြီ။ ဒုတိယအချက်ကတော့ ဓါတုမူးယစ်ဆေးဝါး။ ဒါကစိုက်ပျိုးရတာမဟုတ်ဘူး။ ဒါတွေက တော့ နိုင်ငံခြားကနေလာတာ။ ဆက်စပ် ဓါတုပစ္စည်း ချက်လို့ရတဲ့ဟာတွေ ဖျက်ဖို့ ကတော့ ကျနော်တို့ နယ်စပ် အဝင်လမ်းတွေမှာတားဆီးမယ် ဖမ်းဆီးမယ်ဆိုရင် ဒေသတွင်းမှာရှိတဲ့ ပြည်သူတွေ အားနဲ့သတင်းတွေပေးမယ် ဆို ရင် ရှာဖွေဖော်ထုတ်နိုင် မယ်။ ပြီးတော့နိုင်ငံတကာ ကထောက်ပံ့ပေးတယ်ဆိုတာတွေ ကလည်းမပြော ပလောက် ဘူး။ ပထမအချက်အနေနဲ့ အစိုးရက ဘိန်း အစား တခြားအရာတွေနဲ့ လူနေမှုဘဝ ရပ်တည်နိုင် အောင် စီမံဆောင်ရွက်ပေးမယ်။ နောက် နိုင်ငံတကာက အထောက်ပ့ံကို လဲစီမံဆောင်ရွက်ပေးမယ်။ နောက်ပြည်သူလူထုလဲ ပူးပေါင်းပါ၀င်ဆောင်ရွက်ကြမယ်ဆိုရင် ကျနော်တို့ မူးယစ်ဆေးဝါး ကို ထိရောက်စွာ တားဆီးကာကွယ်နိုင်မှာဖြစ်ပါတယ်။

သျှမ်းပြည်နယ် ရဲးမူးကြီး ဦးဝင်းထွန်းက ဖြေကြားခဲ့ခြင်းဖြစ်ပါသည်။  

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် ပတ်သက်၍ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ မှ ပြောခွင့်ရ စိုင်းဆိုင်မိဏ်းက - “ ကျနော်တို့ မြန်မာအစိုးရ UNODC တို့နဲ့အတူ မူးယစ်ဆေးဝါး ပူးပေါင်းတိုက်ဖျက်ရေး လုပ်ငန်းအတွက် တောင်ကြီးမှာ ရုံးစိုက် ထားပေမယ့် ကျနော်တို့ဘက်က ဒေသတွင်း ကွင်းဆင်းအကဲ ဖြတ်လေ့လာဖို့ CCDAC ဗဟိုမူးယစ်အဖွဲ့နဲ့ လက်တွဲမှု မရခဲ့ပါဘူး။ သူတို့ စီမံကိန်းရှိရင်လဲ ကျနော်တို့ ကို မဖိတ်သလို ကျနော်တို့က UNODC ကိုမေးရင်လဲ ရဲမှူးကြီးတွေဆီ က ညွှန်ကြားမှုမရသေးဘူးဆိုတာနဲ့ဘဲ တခါမှအလုပ် တွဲ လုပ်ရတာမရှိသေးပါဘူး။  ဒါပေမယ့် မနှစ်တုန်းကတော့  သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့နယ် မိုင်းပန်မြို့နယ်တွင်း ကွင်းဆင်းလေ့လာမှုပြုနိုင်ခဲ့ပါတယ် ” ဟု ဆိုပါသည်။

ကမ္ဘာ့မူးယစ်ဆေးဝါးပပျောက်ရေးနေ့တွင် သျှမ်းပြည်မြို့တော်တောင်ကြီးတွင်သာမက ၀ ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် တပ်မဟာ ၁၇၁ ဒေသ တွင်လည်း မူးယစ်ဆေးတိုက်ဖျက်ရေးအထိမ်းအမှတ်အဖြစ် မီးရှို့ဖျက်ဆီးပွဲကျင်းပခဲ့သည်။

Most read this week