တရုတ် ပြည်သို့ ချစ်ကြည်ရေး ခရီးအဖြစ် သွားရောက် လေ့လာ နေသည့် မြန်မာနိုင်ငံ နိုင်ငံရေးပါတီ ၄ ခုမှ ကိုယ်စားလှယ် များအား တရုတ် ကွန်မြူနစ် ပါတီ နိုင်ငံခြားရေး ဆက်ဆံရေး ဒုဌာနမှူး က ပီကင်း မြို့တော် ၌ ယနေ့ လက်ခံ တွေ့ဆုံကာ မြန်မာ ပြည်အရေး နယ်စပ် အရေးများ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေး ဖလှယ် ခဲ့ကြသည်။
တရုတ်ပြည်လေ့လာရေး အဖွဲ့တွင် သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီမှ ပြည်သူ့လွှတ်တော် အမတ် စိုင်းတင်ဦး၊ ပြည်နယ်လွှတ်တော်အမတ် စိုင်းကျော်ဇေယျ နှင့် သျှမ်းပြည်အရှေ့ပိုင်း ကျားဖြူ ပါတီ ခေါင်းဆောင် ဆရာမ နန်းငွေမြ တို့ ပါဝင်သည်။ ထို့အပြင် အမျိုးသားဒီမိုကရေစီအင်အားစု NDF ၊ တိုင်းရင်းသားစည်းလုံး ညီညွတ် ရေးပါတီ (တစည) နှင့် ရခိုင်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့မှ ကိုယ်စားလှယ် ၃ ဦး ကျစီလည်း ပါဝင်သည်။ တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာဆက်ဆံရေး ဒု - ဌာနမှူး Ms.Rua Huihua က ဘီကင်း၌ လက်ခံတွေ့ဆုံကာ တရုတ် - မြန်မာ အရေးများဆွေးနွေး ခြင်းဖြစ် သည်။
“ကချင်တိုင်းရင်းသား‘ဂျင်းဖေါ့ဝမ်ပေါင်’ အရေး၊ ရခိုင်အရေး ဆွေးနွေးတယ်။ အဲဒီအထဲမှာ နမ့်ခမ်းမြို့ ကျားဖြူပါတီအမတ် စိုင်းတင်ဦးက - တရုတ်၊ ဂျယ်ဂေါင်ဘက်မှာ တရုတ်ပြည်ဘက် သွားလာရှာဖွေစား သောက်တဲ့ မြန်မာနိုင်ငံသား ၆၀၀ ကျော်ဖမ်းဆီးထိန်းသိမ်းခံရတယ်။ အဲဒါ တရုတ်မြန်မာ စီးပွားရေး ကူးသန်းရောင်းဝယ်ရေးမှာ တအားထိခိုက်စေပါတယ်။ တရုတ်ပြည်ဘက်သွားလာရမှာကိုလဲ စိုးရိမ်ထိတ်လန့်နေတယ် - ဆိုတဲ့ဟာကို ပြောတယ်” - ဟု ကျားဖြူပါတီ ပြည်နယ်လွှတ်တော်အမတ် စိုင်းကျော်ဇေ ယျ ကပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး Ms.Rua Huihua က ယခုဆွေးနွေးခဲ့သည့် အကြောင်းအရာသည် တန်ဖိုးကြီးမားသည့် ဖလှယ်မှုတခုဖြစ်ကြောင်း၊ မိမိအနေဖြင့်လည်း တရုတ် - မြန်မာ နယ်စပ်ဘက် မကြာခဏ ရောက် ကြောင်း၊ ဒေသခံအာဏာပိုင်နှင့် တွေ့ဆုံဆွေးနွေးပေးသွားမည်ဖြစ်ကြောင်း ပြောသည်။
မြန်မာနိုင်ငံ၏ နိုင်ငံရေးတံခါးများဖွင့်လစ်သည့်နောက် အနောက်တိုင်းမူဝါဒများဝင်လာမှုကြောင့် မြန်မာ နိုင်ငံ အတွင်းရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုအပေါ် ထိခိုက်၊ ပြဿနာဖြစ်ပေါ်လာကြောင်း၊ ထို့ကြောင့် မြန်မာ နိုင်ငံအနေဖြင့် မိမိရေမြေ တောတောင်ယဉ်ကျေးမှု ဓလေ့ထုံးတမ်းနှင့် ကိုက်ညီသည့် ဒီမို ကရေစီ စနစ် ဖန်တီးသင့် ကြောင်း ၎င်းက ပြောသည်။
မြန်မာနိုင်ငံ၌ တရုတ်အကျိုးစီးပွားဖြစ်ထွန်းအောင်မြင်စေလိုပါက အစိုးရနှင့်သာ ပေါင်းသင်း ဆက်ဆံ မှုပြုခြင်းမကဘဲ တိုင်းရင်းသားလူမျိုးစုများနှင့် ပါတီတို့၏ ခံစားချက်ကိုလည်း နားထောင်ပေး သင့်ကြောင်း မြန်မာ့ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြသည်ဟုဆိုသည်။
မြန်မာ့နိုင်ငံရေးပါတီ ၄ ခု မှ ကိုယ်စားလှယ် ၁၂ ဦးပါ တရုတ်ပြည်ခရီးစဉ်သည် မြန်မာနိုင်ငံနှင့် နယ်နိ မိတ် ထိစပ်နေသည့် ယူနန်ပြည်နယ်အတွင်း တိုင်းရင်းသားဒေသ ဖွံ့ဖြိုးတိုးတက်မှုအပါဝင် တိုင်းရင်း သား ကျေးရွာ၊ ပြတိုက်၊ စိုက်ခင်းများ လေ့လာခဲ့ကြကြောင်း၊ ခရီးစဉ်သည် ဂျွန် ၁၆ ရက်နေ့ စတင်ပြီး ဂျွန် ၂၅ ရက်နေ့ ပြီးဆုံးမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအတွင်း တိုင်းရင်းသားဖွံ့ဖြိုးတိုးတက်မှု လေ့လာ သည့် ခရီးစဉ်သာဖြစ်ကြောင်း ကြားသိရပါသည်။