ပစ်ခတ် တိုက်ခိုက်မှု၊ ၁၇(၁) ဖြင့် ဖမ်းဆီးမှု မရှိသင့် တော့ဟု ဦးအောင်မင်း ထံ ဒု-ဗိုလ်ချုပ်ကြီး ယွက်စစ် ပြော

ပစ်ခတ် တိုက်ခိုက်မှု၊ ၁၇(၁) ဖြင့် ဖမ်းဆီးမှု မရှိသင့် တော့ဟု ဦးအောင်မင်း ထံ ဒု-ဗိုလ်ချုပ်ကြီး ယွက်စစ် ပြော
by -
သျှမ်းသံတော်ဆင့်

ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းရိုင်း ခရိုင် ချင်းဆဲန် မြို့နယ် အတွင်း မဲခေါင် မြစ် ကမ်းတွင် အစိုးရ၏ ငြိမ်းချမ်း ရေးဖော် ဆောင်ရေး ကော်မတီ ဒုဥက္ကဌ ဦးဆောင်သော အဖွဲ့နှင့်  သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ သျှမ်းပြည် တပ်မတော်တို့ အလွှတ် သဘော ဆွေးနွေးခဲ့ ကြပါသည်။

ဆွေနွေးပွဲကို ၂၀၁၄ ဂျွန်လ ၁၉ ရက် မနက် ၉.၃၀ - ၁၁.၃၀ နာရီအထိ ပြုလုပ်ခဲ့ရာ အစိုးရကိုယ်စားလှယ် ဘက်မှ ဝန်ကြီးဦးအောင်မင်း ဦးဆောင်သော ဦးခင်မောင်စိုး၊ ဒေါက်တာ ကျော်ရင်လှိုင်၊ ဦးညိုအုန်းမြင့် နှင့်ဦးလှမောင်ရွှေ တို့ပါဝင်ပြီး သျှမ်းပြည်တပ်မတော်ဘက်ကမူ ဒု - ဗိုလ်ချုပ်ကြီးယွက်စစ်ဦးဆောင်သည့် အကြံပေး ပုဂ္ဂိုလ်  စဝ်ခွန်းဆိုင်၊  သျှမ်းပြည်တပ်မတော်၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့ခေါင်း ဆောင် ဗိုလ်မှူးချုပ် ပေါင်ခေး၊ အဖွဲ့ဝင်/ ကိုယ်စားလှယ် ဒုဗိုလ်မှူးကြီးစိုင်းငင်း နှင့် ဗိုလ်မှူးကြီးစိုင်းလှ တို့ပါဝင်သည်။

“တကယ်တော့ အပစ်ရပ်ရေးသဘောတူထားတယ်ဆိုရင် ဘယ်မှာဘဲတွေ့တွေ့လုံးဝမပစ်ခတ်သင့်တော့ဘူး။ ပစ်ခတ်ဖို့လည်း ဘာအကြောင်းပြချက်မှမရှိသင့်တော့ဘူးလေ။ နောက်တခုငြိမ်းချမ်းရေး တည်ဆောက်တယ် ဆိုတာနိုင်ငံရေးပါတီတွေ ပြည်သူလူထုတွေလည်း ပါဝင်လာတော့မယ်။ ဆိုတော့ ၁၇/၁ ဥပဒေနဲ့ ပြည်သူလူထု နဲ့ နိုင်ငံရေးပါတီတွေကို လိုက်လံဖမ်းဆီးအပြစ်ပေးနေတာတွေလဲ မရှိသင့်တော့ဘူး ။ ပြီးခဲ့တာတွေ ပြီးပါစေတော့။ ရှေ့ဆက်ထပ်မဖြစ်ဖို့ဘဲအရေးကြီးတယ်။ တွေ့ဆုံဆွေးနွေးပြီး ပြဿနာဖြေရှင်းနိုင်တယ် ဆိုပေမယ့်၊ အထက်ပိုင်း က အချင်းချင်းနားလည်မှုရှိကြတယ်ဆိုပေမယ့် အစိုးရအပေါ်  လူထုက သံသယဖြစ် စေမယ်။ ယုံကြည်မှု လျော့ပါး သွားမယ်။ ဒါကြောင့်အခုအချိန်မှာ လူထုဆီကယုံကြည်မှုရအောင် အမြန်ဆုံးပြန် လုပ်သင့်တယ်”  ဟု ဒု ဗိုလ်ချုပ် ကြီးယွက်စစ်ကပြောသည်။

အဆိုပါဆွေးနွေးချက်များနှင့်ပတ်သက်၍ ဦးအောင်မင်းက နေပြည်တော်အား တင်ပြပေးမည်ဖြစ်ကြောင်း၊ သျှမ်း ပြည်တပ်မတော်ဘက်ကလည်း သဘောတူညီချက်များအား လက်တွေ့အကောင်အထည် ဖော်မည့် ကော်မတီ အဖွဲ့ ဖွဲ့ကာ နေပြည်တော်သို့စေလွှတ်ရန် တုန့်ပြန်ပြောဆိုခဲ့ကြောင်း  ဖြစ်ပေါ်လာသော ပြဿနာများအား ငြိမ်းချမ်းစွာဖြေရှင်းသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု ဆိုပါသည်။

အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်များနှင့်သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီတို့ယနေ့မနက် ဆွေးနွေး ပွဲတွင် အဓိက အချက် ၃ ချက် ဆွေးနွေးခဲ့ရကြောင်း သျှမ်းပြည်တပ်မတော်ဘက်က ဆိုပါသည်။

“ပထမဆုံးအချက်က ကျနော်တို့ ၂ ဘက်ကြားက နားလည်မှုလွဲနေတာတွေကို ပြန်လည် ရှင်းလင်း ဆွေးနွေး တယ်။  ဒုတိယတချက်က ကျနော်တို့  ငြိမ်းချမ်းရေးသဘောတူညီချက် ၃၁ ချက်ထဲက လက်တွေ့ အကောင် အထည်ဖော်ပြီးတာ ဘယ်နှစ်ချက်လဲ အကောင်အထည်မဖော်နိုင်သေးတာ ဘာတွေရှိသေးလဲ။ ဘယ်လို ပြဿနာ ရှိလို့  အကောင်အထည်မဖော်နိုင်သေးတာလည်း စတာတွေကို ဆွေးနွေးတယ်။ တတိယအချက်က တပြည်လုံး အပစ်ရပ်ရေးကနေ နိုင်ငံရေးဆွေးနွေးရေးဆိုတဲ့ပန်းတိုင်အထိ အမြန်ဆုံးရောက်အောင် ဘယ်လိုသွားမလဲ။ ၂၀၁၅ မှာ နိုင်ငံရေးဆွေးနွေးဖို့  သဘောတူထားကြတာဖြစ်တဲ့အတွက် အစိုးရဘက်က နိုင်ငံရေးဆွေးနွေးရေးစတင်ပေး စေလိုတယ်စတာတွေပါတယ်” - ဟု ဆွေးနွေးပွဲမှာပါဝင်တဲ့ RCSS/SSA အရာရှိဗိုလ်မှူးကြီး စိုင်းလှကသျှမ်းသံ တော်ဆင့်သို့ပြောသည်။

RCSS/SSA နှင့် အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီအဖွဲ့တို့အကြား ၂၀၁၁ ဒီဇင်ဘာ လ ၂ ရက်နေ့ ပဏာမအဆင့် သဘောတူညီချက် ၈ ချက်၊ ၂၀၁၂ ဂျန္နဝါရီလ ၁၆ ရက် တောင်ကြီးမြို့ သဘောတူညီချက် ၁၁ ချက်၊ ၂၀၁၂ မေလ ၁၉ ရက်ကျိုင်းတုံမြို့ ပြည်ထောင်စုအဆင့် (တတိယ အကြိမ် ဆွေးနွေးပွဲ) တွင် အချက် ၁၂ ချက် သဘောတူ လက်မှတ် ရေးထိုးခဲ့ကြသည်။

ထိုသဘောတူညီချက် ၃၁ ချက် အနက် အဓိကကျ အချက် ၁၈ ချက် သာရှိပြီး လက်တွေ့အကောင်အထည် ဖေါ် ရာတွင်လည်း စီးပွားလုပ်ငန်းပါမစ်အချို့နှင့် ကိုယ်စားလှယ်ရုံး ၆ ရုံးဖွင့်ထားနိုင်သည်မှ လွဲ၍လက်တွေ့ အကောင် ဖေါ်မှု နှောင့်နှေးနေသည်ဟု   RCSS/SSA  က ပြောဆိုထောက်ပြခဲ့ပါသည်။

Most read this week