ကုလသမဂ္ဂ လူသားချင်းစာနာမှှုဆိုင်ရာ လက်ထောက်အတွင်းရေးမှူး Kyung-wha Kang က သူမြင်တွေ့ခဲ့ဖူး သမျှ ဒုက္ခသည်များထဲတွင် ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်အတွင်းရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်သူတို့မှာ အဆိုးရွားဆုံးဟု ဇွန်လ ၁၇ ရက် ကုလသမဂ္ဂ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
ကချင်ပြည်နယ်အတွင်း၌ အကူအညီပေးရေးအဖွဲ့များ ပုံမှန်ဝင်ရောက်ကူညီခွင့် လိုအပ်သည်ဟု ၄င်းက ပြောသည်။
“ကချင်ပြည်နယ်မှာ စစ်ဘေးဒုက္ခသည် ၁၀၀,၀၀၀ ခန့်ရဲ့ တစ်ဝက်လောက်ဟာ အစိုးရထိန်းချုပ်မှုရဲ့ အပြင်ဘက်မှာရှိတဲ့ ဒုက္ခသည် စခန်းတွေမှာ နေကြရပြီးတော့ အဲဒီနေရာတွေကို နိုင်ငံတကာက ၀င်ရောက်နိုင်ခွင့် အကန့်အသတ်ရှိပါတယ်”ဟု Kyung က ဆိုသည်။
“ရခိုင်မှာ ဒုက္ခသည်စခန်းတွေမှာ လူသားတွေ ခံစားနေကြရတဲ့ ဒုက္ခပမာဏကို ကျွန်မမျက်မြင်တွေ့ခဲ့ရပြီး တော့ အဲဒီလို ကြီးမားတဲ့ဒုက္ခမျိုးကို ကျွန်မ ဘယ်တုန်းကမှ ကိုယ်တိုင်ကိုယ်ကျ မမြင်တွေ့ခဲ့ဖူးပါဘူး။ အမျိုးသားတွေ၊ အမျိုးသမီးတွေနဲ့ ကလေးတွေဟာ ဆိုးရွားလှတဲ့ အခြေအနေတွေအောက်မှာ နေနေရပြီးတော့ သူတို့ရဲ့ လွတ်လပ်စွာ သွားလာခွင့်ကိုလည်း ပြင်းပြင်းထန်ထန် ကန့်သတ်ထားပါတယ်”ဟု နယူးယောက်ရှိ ကုလသမဂ္ဂ အဆောက်အုံ၌ ပြောသည်။
ဆက်လက်ပြီး “ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာမှု အကူအညီပေးရေး ၀န်ထမ်းတွေဟာ သူတို့ရဲ့ လုပ်ငန်းတွေကို အလွန်အင်မတန်ခက်ခဲတဲ့ အခြေအနေတွေအောက်မှာ လုပ်နေကြရပါတယ်”ဟု ၎င်းက ပြောသည်။
“ကချင်က အခြေအနေကတော့ အလွန် ကွဲပြားပါတယ်။ ကျွန်မအနေနဲ့ အစိုးရ ထိန်းချုပ်ထားတဲ့ ဒေသက ဒုက္ခသည်စခန်း တစ်ခုကိုပဲ သွားရောက်နိုင်ခဲ့ပါတယ်”ဟု ၎င်းက ဆိုသည်။
သူသည် မကြာသေးမီက မြန်မာပြည် ခရီးစဉ်အတွင်းတွင် ဒုတိယသမ္မတ၊ နိုင်ငံခြားရေးဝန်ကြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီး၊ နယ်စပ်ရေးရာ ဒုတိယဝန်ကြီးတို့နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့ကာ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များ ပြည့်မီရေးအတွက် မြန်မာအစိုးရ၏ ကြိုးပမ်းအား ထုတ်မှုများကို ကုလသမဂ္ဂက ကူညီအားပေးမည်ဖြစ်ကြောင်းနှင့် မတ်လ တိုက်ခိုက်မှုနှင့် ပတ်သက်၍ အပြစ်ရှိသူများအား အရေးယူရန် အစိုးရတွင် တာဝန်ရှိကြောင်း ပြောဆိုခဲ့သည်ဟု ဆိုသည်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ လက်ထောက်အတွင်းရေးမှူး Kyung-wha Kang သည် ဇွန် ၁၀ ရက်မှ ၁၄ ရက်အထိ မြန်မာနိုင်ငံခရီးစဉ်အတွင်းတွင် ရခိုင်နှင့် ကချင်ပြည်နယ်များသို့ သွားရောက်၍ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များကို သွားရောက်လေ့လာခဲ့ခြင်းဖြစ်သည်။