တပ်စခန်း ဆောက်ရန် ရွာသား များထံ သစ်ဝါးနှင့် လုပ်အားများ အစိုးရ တပ်မတော် ဆင့်ဆို

တပ်စခန်း ဆောက်ရန် ရွာသား များထံ သစ်ဝါးနှင့် လုပ်အားများ အစိုးရ တပ်မတော် ဆင့်ဆို
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည် မြောက်ပိုင်း မူစယ် မြို့နယ် အတွင်း၌ တပ်မ ၈၈ လက် အောက်ခံတပ်ရင်းက တပ်စခန်းသစ် တည်ဆောက်ရန်အတွက် ဒေသခံ ရွာသားများအား သစ်၊ ဝါးများနှင့်တကွ လာရောက် လုပ်အား ပေးကြ ရန် ဆင့်ဆို ညွှန်ကြားလိုက်ကြောင်း သိရသည်။

မူစယ်နှင့်နမ့်ခမ်းမြို့နယ်ကြား နမ့်ဇန့်ဂိုဒေါင်တွင် ခလရ ၁၀ က တပ်စခန်းတည်ဆောက်ရန်အတွက် မြို့မပြည်သူ့စစ်အား အနီးပတ်ဝန်းကျင် ၈ ရွာထံမှ သစ်၊ ဝါးများကို ကောက်ခံပေးရန်စေလွှတ်ခဲ့ ကြောင်း အမည်မဖေါ်လိုသည့် ရပ်ရွာအုပ်ချုပ်ရေးမှူး တဦးကပြောသည်။

ခလရ ၁၀ စခန်းဆောက်ဖို့ ရွာသားများပို့ပေးရသော သစ်နှင့် ဝါးများ

“ ခလရ ၁၀ က ဗိုလ်မှူး ရဲမြင့်လွင်ရဲ့ဆင့်ခေါ်ချက်အရ  မြို့မပြည်သူ့စစ် အိုက်လျော်က ရွာသူကြီးတွေကို လိုက်ခေါ်ပေးတယ်။ ရွာသားတွေကို စခန်းဆောက်ပေးဖို့ဆင့်ခေါ်တယ်။ တရွာကို သစ် ၂၀ တိုင်နဲ့ ဝါး ၅၀ ချောင်း ယူလာဖို့ပြောတယ်။ ဂျွန်လ ၁၄ ရက် အရောက်ပို့ရမယ်လို့ဆင့်ခေါ်တယ် ” ဟု သစ်ဝါး ခုတ် ပေးရသည့် စိုင်းအိုက်လှ ကပြောသည်။

ရွာသူကြီးများက - ယခုအချိန်သည်လယ်ယာဆင်းချိန်ဖြစ်သဖြင့် လုပ်အားမပေးနိုင်ကြောင်း ပြောဆို ကြရာ ခလရ ၁၀ စစ်ကြောင်းမှူး ဗိုလ်မှူးရဲမြင့်လွင်က သစ်များဝါးများကိုသာ ပို့ဆောင်ပေးရန် ထပ်မံ ဆင့်ဆိုသဖြင့် ၁၄ ရက်နေ့က ပို့ဆောင်ပေးလိုက်ရကြောင်းလည်းပြောသည်။

ယခုနမ့်ဇန့်ဂိုဒေါင်ရွာတွင်တပ်စခန်းဆောက် အခြေချနေထိုင်မည့် ခလရ ၁၀ သည် မေလကုန်က နောင်ခန်ဒေသခံလင်မယား - ဦးအားရှင်နှင့်နန်းထေးတို့ အား ကောင်းဝိန်းရွာအနီးတွင် လက်နက်ကြီး ငယ်ဖြင့်ပစ်ခတ်ခဲ့သော တပ်အဖြစ် (အဆိုပါတပ်ပစ်ခတ်မှုကြောင့် ဇနီးဖြစ်သူ နန်းထေး သေဆုံး၊ လင် ဖြစ်သူဦးအားရှင်မှာလည်းဒဏ်ရာပြင်းထန်ရခဲ့) သည်ဟု နမ့်ဇန့်ဒေသခံများကပြောပါသည်။ အဆိုပါ ပစ် ခတ်မှုကြောင်း နန်းထေးမှာ သေဆုံးသွားခဲ့ပြီး ဦးအားရှင်မှာဒဏ်ရာပြင်းထန်ရရှိခဲ့ပါသည်။

သစ်နှင့်ဝါးများ ဆင့်ဆိုခံရသော ရွာများမှာ မူစယ်မြို့နယ် စယ်လန့်ကျေးရွာအုပ်စုအတွင်းရှိ  နမ့်ဇန့်ရွာ၊ နမ့်ဇန့်ဂိုဒေါင်ရွာ၊ နမ့်ဇန့်ဖိုင်ကတ်ရွာ၊ ဝမ့်ကောင်းမူးရွာ၊ ဝမ့်ဟောင်းရွာ၊ ဝမ်လင်မ်ရွာ၊ နောင်လောင်းရွာ နှင့် နမ့်လောင်းရွာတို့ဖြစ်ပါသည်။