ကျေးရွာ အုပ်ချုပ်ရေးမှူးကို ဓါးနှင့် ခုတ်ရန်ကြိုးပမ်းသည့် မူဆလင်ရွာသား (၁၁) ဦးဖမ်းဆီးခံရ

ကျေးရွာ အုပ်ချုပ်ရေးမှူးကို ဓါးနှင့် ခုတ်ရန်ကြိုးပမ်းသည့် မူဆလင်ရွာသား (၁၁) ဦးဖမ်းဆီးခံရ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် အိမ်ထောင်စုစာရင်းကောက်ယူမူကို လိုက်ပါ ကူညီဆောင်ရွက်ပေးနေသူ ကျေးရွာ အုပ်ချုပ်ရေးမှူး တစ်ဦးအား ဓါးနှင့် အသေခုတ်ရန်ကြိုးပမ်းမူဖြင့် မူဆလင် ရွာသား (၁၁) ဦးကို ရဲက ဖမ်းဆီးထိိန်းသိမ်းထားလိုက်သည်ဟု သိရသည်။

“ အဲဒီ အုပ်ချုပ်ရေးမှူးက ကံပူး ဘင်္ဂလီရွာက မူဆလင်အုပ်ချုပ်ရေးမှူး ဖြစ်ပါတယ်။ သူ့ကို အိမ်ထောင်စု စာရင်းစစ်ဖို့ နယ်စပ်လုံခြံုရေး တပ်ဖွဲ့ဝင်တွေကို ခေါ်လာတယ်ထင်ပြီး မူဆလင်ရွာသားတွေက ဓါးနဲ့ လိုက်ခုတ်တဲ့ အတွက် ဖမ်းဆီး ထိန်းသိမ်းလိုက်ရတာ ဖြစ်ပါတယ်” ဟု မောင်တောမြို့နယ် ရဲမှူးက ပြောသည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် နယ်စပ် လုံခြံုရေး တပ်ဖွဲ့က ဘင်္ဂလီလူမျိုးများ၏ အိမ်ထောင်စု စာရင်းများကို ပထမဆုံ အကြိမ် စတင် စစ်ဆေးနေသည်ဟု သိရသည်။

ထိုသို့ စစ်ဆေးရန်အတွက် အလယ်သံကျော် ကျေးရွာ အနီးရှိ ကံပူ ဘင်္ဂလီကျေးရွာသို့ အသွားတွင် နယ်စပ်လုံခြံုရေး တပ်ဖွဲ့နှင့် အတူ လိုက်ပါလာသော ဘင်္ဂလီမူဆလင် ကျေးရွာအုပ်ချုပ်ရေးမှူးကို ၄င်း၏ ရွာသားအချို့မှ ဓါးများဖြင့် ၀ုိင်းဝန်း လိုက်ခုတ်ခဲ့သည်ဟု သိရသည်။

သို့အတွက် ရွာသား (၁၁) ဦးကို ဖမ်းဆီးလိုက်ရသည်ဟု မြို့နယ်မှူးက ဆက်ဆိုသည်။

“ အခုသူတို့ကို မောင်တောရဲစခန်းမှာ ချုပ်နှောင်ထားပါတယ်။ ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။

သူတို့ (၁၁) ဦးအား လွန်ခဲ့သော ကြာသပတေးနေ့က ရုံးထုတ်ခဲ့ပြီး ရမန်ယူခဲ့ကြောင်း၊ သူတို့အား တရားဝတ္တရားနှောင့်ယှက်မူ၊ သေကြောင်းကြံစည်မူတို့ဖြင့်တရားစွဲဆိုနိုင်သည်ဟု ဒေသခံ ရှေ့နေ တစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်တွင် ဘင်္ဂလီမိသားစုများ၏ အိမ်ထောင်စု စာရင်းများကို စတင် စစ်ဆေးနေသည်ဟု သိရသည်။ ယခုကဲ့သို့ စစ်ဆေးမူမှာ ပုံမှန် ဖြစ်ပြီး ယခင် နစက လက်ကလည်း စစ်ဆေးခဲ့ကြောင်း၊ အဓိက အားဖြင့် ခိုးဝင် ခိုးထွက်မူများ မရှိစေရန် ရည်ရွယ်၍ ပြုလုပ်ခြင်း ဖြစ်ကြောင်း၊ ၂၀၁၂ ခုနှစ် ဇွန်လအတွင်းက နစက တပ်ဖွဲ့အား ဖျက်သိမ်းပြီးနောက် ယင်းစစ်ဆေးမူမှာ ရပ်တန့်သွားခဲ့ကြောင်း၊ ယခု နယ်စပ် လုံခြံုရေး တပ်ဖွဲ့ လက်ထက်တွင် ပထမဆုံး အကြိမ် ပြန်လည် စစ်ဆေးခြင်း ဖြစ်ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများက နိရဥ္စရာသို့ ပြောဆိုသည်။

Most read this week