ဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေမူကြမ်း မပြဌာန်းရေး ဆုတောင်း ပွဲပြုလုပ်

ဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေမူကြမ်း မပြဌာန်းရေး ဆုတောင်း ပွဲပြုလုပ်
by -
ခိုနူမ်းထုန်

သာသနာရေး ဝန်ကြီးဋ္ဌာနမှ ရေးဆွဲထားသော ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေမူကြမ်းကို ဥပဒေတရပ် အနေဖြင့် မပြဌာန်းရန် ဟားခါးမြို့ခရစ်ယာန်ဂိုဏ်းပေါင်းစုံမှ ဦးဆောင်ပြီး ယနေ့နံနက်ပိုင်းက ချင်းပြည်နယ် ဟားခါးမြို့ Carson ခန်းမတွင် ဆုတောင်းပွဲတရပ်ပြုလုပ်ခဲ့ကြသည်။

ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေမူကြမ်းသည် ခရစ်ယာန်သာသနာ ပြန့်ပွားရေးအတွက် အဟန့်အတားဖြစ်စေ နိုင်သည့်အတွက် လွှတ်တော်မှာလည်း ဥပဒေ တရပ် အနေဖြင့် အတည်ပြုမပြဌာန်းရန် တာဝန်ရှိပုဂ္ဂိုလ်များ၏ စိတ်နှလုံးများကို ပြောင်းလဲစေရန် မိမိတို့ ယုံကြည် ကိုယ်းကွယ်သော ဘုရားသခင်ထံ ယခုကဲ့သို့ ၀တ်ပြုဆု တောင်းခဲ့ ကြ ခြင်းဖြစ် သည်ဟု Pastor Bawi cung Lian က ပြောသည်။

“ ဒီ ဥပဒေဟာ နောင်အတွက် ဆိုးကျိုးဖြစ်စေနိုင်တဲ့ဥပဒေဖြစ်တဲ့အတွက် လွှတ်တော် မှာ မတင်ပြရေး၊ လွှတ်တော်မှာ လည်းအတည်မပြုရေး၊ ဥပဒေအနေနဲ့ မပြဌာန်းရေးအတွက် ကျနော်တို့ယုံကြည်တဲ့ ဘုရားသ ခင်ကနေ နိုင်ငံတော် သမ္မတကအစ တာဝန်ရှိပုဂ္ဂိုလ်အားလုံးရဲ့ စိတ်နှလုံး ကိုပြောင်း လဲစေဖို့ကျနော်တို့ ဘာသာရေး ဘက်ကနေ ဆုတောင်း ခြင်း ဖြစ်တယ်’’ ဟု ပြောသည်။

ဟားခါးမြို့ Carson ခန်းမတွင် ပြုလုပ်သော ဆုတောင်းပွဲတွင် ဟားခါးမြို့ဒေသခံ ၈၀၀ ခန့် ပါ၀င်ခဲ့ကြပြီး နံနက် ရ မှ ၈ နာရီအထိ တစ်နာရီကြာပြုလုပ်ခဲ့ကြသည်။

မေလ ၂၇ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများမှ တစ်ဆင့် သာသနာရေး ဝန်ကြီးဌာနက ထုတ်ပြန်သည့် ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေမူကြမ်းတွင် ဘာသာ ကူးပြောင်း လိုသူသည် အသက် ၁၈ နှစ် ပြည့်ပြီးသူ ဖြစ်ရမည် ဖြစ်ပြီး မိမိကိုးကွယ်ရာ ဘာသာမှ အခြား ဘာသာ သို့ မိမိ၏ သဘောဆန္ဒအတိုင်း ကူးပြောင်းခြင်း ဟုတ်မဟုတ်ကို ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာ စီစစ် မှတ်ပုံတင်ရေးအဖွဲ့မှ စီစစ်မည်ဟု ပါရှိသည်။

ထို့အပြင် ဘာသာကူးပြောင်းလိုသူသည် အခြားဘာသာကို လေ့လာနိုင်ရန် ရက်ပေါင်း ၁၈၀ အထိ သတ်မှတ်ထားပြီး နောက် ကူးပြောင်းလိုကြောင်း ဆန္ဒရှိလျှင် မှတ်ပုံတင်ရေးအဖွဲ့က ဘာသာကူးပြောင်းခြင်း ဆိုင်ရာ မှတ်ပုံတင်ကို ထုတ် ပေးမည် ဖြစ်ကြောင်း ထည့်သွင်း ရေးဆွဲထားသည်။

ဘာသာသာသနာကို စော်ကားရန်၊ အကြည်ညိုပျက်စေရန်၊ ဖျက်ဆီးရန် (သို့မဟုတ်) အလွဲသုံးစားပြုရန် အကြံဖြင့် ဘာသာကူးပြောင်းပါက ၂ နှစ်ထက် မပိုသော ထောင်ဒဏ်နှင့် ကျပ်နှစ်သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ် ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟု အဆိုပါ ဥပဒေကြမ်းတွင် ထည့်သွင်း ရေးဆွဲထားသည်။

အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့က တိုက်တွန်း တောင်းဆိုမှုကြောင့် နိုင်ငံတော် သမ္မတဦးသိန်းစိန်မှ ဥပဒေ တရပ်အနေဖြင့် ပြဌာန်းရန် အကြံပြု ထားသော ဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေမူကြမ်းကို ကန့်ကွက် ဆန့်ကျင်သည့် အနေဖြင့် အမေရိကန် အခြေစိုက် ချင်းနှစ်ခြင်း အသင်းတော်ကလည်း ၀ါရှင်တန်ဒီစီ မြန်မာသံရုံးရှေ့တွင် ဇွန်လ ၁၃ ရက်နေ့ က ဆန္ဒဖော်ထုတ်ခဲ့ကြသည်ဟု သိရသည်။

အလားတူ အမေရိကန်အခြေစိုက် ချင်းရေးရားအဖွဲ့ချုပ်ကလည်း ဘာသာကူးပြောင်းခြင်း ဆိုင်ရာ ဥပဒေမူကြမ်းကို ဥပဒေ တရပ် အနေဖြင့် မပြဌာန်းရန်၊ ကန့်သတ်ချုပ်ချယ်မှု၊ ဖိနှိပ်မှု နှင့် ခွဲခြားဆက်ဆံမှုများ ပါ၀င်သော ဘာသာကူး ပြောင်းခြင်း ဆိုင်ရာဥပဒေမူကြမ်း မျိူးကို နောင်အနာဂတ် တွင် ပါလီမန်မှာ တင်သွင်းဆွေးနွေးခြင်းများ မပြုလုပ်ရန် ဇွန်လ ၁၄ ရက်နေ့က နိုင်ငံတော်သမ္မတဦးသိန်စိန် ထံ စာရေးသားပေးပို့ခဲ့ကြသည်။

သာသနာရေးဝန်ကြီးဌာနမှ ဘာသာရေးကူးပြောင်းမှုမူကြမ်းသည် ယခင်နှစ်အတွင်း လူဦးရေ ၁ သန်း ကျော်က ထောက်ခံသည် ဆိုသည့် အမျိုး ဘာသာ၊ သာသနာစောင့်ရှောက်ရေးဆိုင်ရာ မျိုးစောင့်ဥပဒေမူကြမ်း၏ နောက် ဆက် တွဲဖြစ်ပြီး မျိုးစောင့်ဥပဒေမူကြမ်း ကို နိုင်ငံတော် သမ္မတက လွှတ်တော်တွင် တင်ပြထားသော်လည်း လွွှတ်တော်က သက်ဆိုင်ရာလူဝင်မှုကြီးကြပ်ရေး၊ သာသနာရေးဝန်ကြီးဌာနကို ဖြတ်သန်းရမည်ဆိုကာ ပြန်လည်လွှဲချသည့် အဆို ဖြစ်သည်ဟု လေ့လာသိရှိရကြောင်းသိရသည်။

 ၂၀၀၈ ခုနှစ် ဘာသာရေးဆိုင်ရာ အချက်အလက်ကောက်ခံမှုအရ ချင်းပြည်နယ်အတွင်း လူဦးရေ စုစုပေါင်း ၅၃၃၀၄၇ ရှိသည့် အနက် ခရစ်ယာန်ဘာသာဝင် ၄၆၅၃၅၂(၈၇.၃၀%)၊ ဗုဒ္ဒဘာသာဝင် ၆၀၁၉၉(၁၁.၂၉%)၊ နတ်ဘာသာဝင် ၄၀၆၄(၀.၇၆%)၊ အခြားဘာသာဝင် ၃၄၃၂(၀.၆၄%) ရှိသည်။