တစ်နိုင်ငံလုံး အပစ်ရပ်ရေးအတွက် ဇွန်လကုန်ဆွေးနွေးရန် တိုင်းရင်းသားများ အဆင်သင့်မဖြစ်

တစ်နိုင်ငံလုံး အပစ်ရပ်ရေးအတွက် ဇွန်လကုန်ဆွေးနွေးရန် တိုင်းရင်းသားများ အဆင်သင့်မဖြစ်
by -
မဇ္စျိမ

တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး ကြိုတင် ညှိနှိုင်းရေးအတွက် အစိုးရဘက်မှ ဇွန်လကုန်တွင် တွေ့ဆုံရန် ကမ်းလှမ်းခဲ့သော်လည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများဘက်ကမူ အဆင်သင့် မဖြစ်သေးဟု NCCT ခေါင်းဆောင် နိုင်ဟံသာက မဇ္စျိမကို ပြောသည်။

ဇွန်လကုန်တွင်  ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်းဖော်ဆောင်ရေးကော်မတီ (UPWC)နှင့် တိုင်းရင်းသားတို့ တွေ့ဆုံကာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းချက်များ ဆွေးနွေးရန် ဖြစ်နိုင်၊ မဖြစ်နိုင်ကို မြန်မာငြိမ်းချမ်းရေးစင်တာ(MPC)က ကိုယ်စားလှယ် ဦးလှမောင်ေရွှေက ဇွန်လ ၁၅ရက်က လာရောက်မေး မြန်းမှုကို အဆင်သင့်မဖြစ်သေးဟု တုံ့ပြန်ခဲ့သည်ဟု နိုင်ဟံသာက ပြောသည်။

“အစိုးရဘက်က ဒီလမကုန်ခင်လောက်မှာ တွေ့ချင်တယ်လို့ ပြောတယ်။ ကျွန်တော်တို့ဘက်ကထိပ်သီးအစည်း အဝေးကျင်းပဖို့ လိုလိမ့်မယ်လို့ ပြန်ပြောလိုက်တယ်။ ထိပ်သီးအစည်းဝေးက မဖြစ်နိုင်သေးဘူး။ NCCT အနေနဲ့ ဆုံးဖြတ်မပေးနိုင်တဲ့ ကိစ္စတွေရှိတယ်။ တစ်ချို့မူတွေ အစိုးရ ရပ်တည်ချက်ကို ကျွန်တော်တို့ဘက်က လက်မခံနိုင်တဲ့ဟာတွေ အဲဒါ NCCT အဆုံးအဖြတ် မပေးနိုင်ဘူး။ အဲဒီမှာ ပိတ်ဆို့နေတယ်။ ညှိနှိုင်းနေတုန်းပဲ”ဟု နိုင်ဟံသာက ပြောသည်။

ပြီးခဲ့သည့် ဆွေးနွေးပွဲတွင် အစိုးရဘက်က ဖက်ဒရယ်ဟူသော ဝေါဟာရနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဟူသော စကားလုံးများကို လက်မခံသဖြင့် NCCT ဘက်က အဆိုပါ ကိစ္စများအပေါ် ဆုံးဖြတ်ချက် မပေးနိုင်သဖြင့် ထိပ်သီးခေါင်းဆောင်များ၏ အစည်းအဝေးကျင်းပရန် လိုအပ်နေသည်ဟု နိုင်ဟံသာက ဆိုသည်။

သို့သော် NCCT နှင့် အစိုးရတို့ တစ်နိုင်ငံလုံး အပစ်အခတ် စာချုပ်အပေါ် ဆွေးနွေးမှုများကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၆ ဖွဲ့၏ ခေါင်းဆောင်းများထံ အတည်ပြုချက် ရယူမည့် ထိပ်သီးအစည်းအဝေး ကျင်းပမည့် နေရာနှင့် အချိန်ကိုလည်း ယနေ့အထိ သတ်မှတ်နိုင်ခြင်း မရှိသေးကြောင်း NCCT ဒုတိယခေါင်း ဆောင် ပဒိုကွယ်ထူးဝင်းက ပြောသည်။

ဇွန်လ ၁၅ ရက်က MPCမှ ဦးလှမောင်ရွှေနှင့် NCCTအဖွဲ့ခေါင်းဆောင်များဖြစ်သည့် နိုင်ဟံသာ၊ ပဒိုကွယ် ထူးဝင်း၊ ဒေါက်တာဆလိုင်းလျှန်မုန်းဆာခေါင်း တို့ တွေ့ဆုံခဲ့သလို ဇွန်လ ၁၆ ရက်နေ့တွင်လည်း NCCT ခေါင်းဆောင် ဗိုလ်ချုပ်ဂွမ်မော်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု MPC မှ ဦးညိုအုန်းမြင့်က ပြောသည်။

ယင်းတွေ့မှုတွင် လာမည့် ဇွန်လ ၂၅ ရက်အထိ အဆိုပါ တစ်နိုင်ငံလုံး အတိုင်းအတာအပစ်အခတ် ရပ်စဲရေး သဘောတူညီချက်များကို သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများထံ ပြန်လည် တင်ပြသွားရန်လည်း ဆုံးဖြတ်ခဲ့ကြသည်ဟု ဒေါက်တာ ဆလိုင်းလျှန်မုန်းဆာခေါင်းက ပြောသည်။

NCCT အဖွဲ့ဝင်များကလည်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး မူကြမ်း(single text)နှင့် ပတ်သက်၍ ဇွန်လ ၁၃ရက် မှ ၁၆ရက်အထိ လေးရက်ကြာ ထိုင်း-မြန်မာနယ်စပ် တစ်နေရာတွင် ဆွေးနွေးခဲ့ပြီး တိုင်းရင်းသား ကိုယ်စားလှယ်များထံ ပြန်လည်တင်ပြရေး လုပ်ငန်းတာဝန်များ ခွဲဝေခဲ့ကြသည်။

Most read this week