ရခိုင်ဒုက္ခသည်များက ဒုက္ခသည်စခန်းများတွင် လွတ်လပ်စွာ သွားလာခွင့်နှင့် ပညာသင်ကြားခွင့်ရရှိရေး လိုအပ်ချက်များကို ကမ္ဘာ့ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ဒုတိယအကြီးအကဲကို တင်ပြရန် စီစဉ်ထားသည်ဟု စစ်တွေမြို့ ဘင်္ဂလီ ဒုက္ခသည် စခန်းမှ တာဝန်ခံ ဦးအောင်ဝင်းက မဇ္ဈိမကိုပြောသည်။
လူသားချင်းစာနာမှုဆိုင်ရာ လက်ထောက်အထွေထွေ အတွင်းရေးမှူး မစ္စ ခွင်ဝါခန်းသည် ဇွန် ၁ဝ ရက်မှ ၁၄ အထိ လေးရက်ကြာမည့် မြန်မာနိုင်ငံခရီးတွင် စစ်တွေသို့ သွားရောက်မည်ဖြစ်ပြီး ဘင်္ဂလီများနှင့် တွေ့ဆုံရန်လည်း စီစဉ်ထားသည်။
“ပဋိပက္ခဖြစ်တာ နှစ်နှစ်ပြည့်ပြီ ဒုက္ခသည်စခန်းက လွတ်လာစွာ သွားလာခွင့်နဲ့ ပညာသင်ကြားခွင့်မရှိဘူး ဒုက္ခသည် စခန်းမှာ ရှိတဲ့ သူတွေ ပညာရေးကို ပိတ်ပင်ခံနေရပြီ”ဟု ကင်းချောင်း ဘင်္ဂလီဒုက္ခသည်စခန်းမှ တာဝန်ခံ ဦးအောင်ဝင်းက မဇ္စျိမကိုပြောသည်။
၂ဝ၁၂ ခုနှစ်မှ စ၍ ယခု အခြေအနေအထိ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး ဆက်လက်ပညာသင်ကြား ခွင့်မရသည့် ဒုက္ခသည် ဦးရေ ၆ဝဝ ကျော်ရှိသည်ဟု လည်းသူကဆိုသည်။
အဆိုပါ ဒုက္ခသည် စခန်းများက်ု ပြည်ထောင်စုအစိုးရ နှင့် UNHCR ပူးပေါင်း၍ နေအိမ်တန်းလျားများ ဆောက်လုပ်ပေးထားပြီး စားသောက်ရေးအတွက် ကမ္ဘာ့စားနပ်ရိက္ခာ ထောက်ပံ့ရေးအဖွဲ့ WFP က အဓိကထောက်ပံ့ထားသည်။
ဒါးပိုင် ဘင်္ဂလီဒုက္ခသည်စခန်းမှ ဦးစံကျော်က "ကျွန်တော်တို့ မရရအောင် တွေ့ဆုံဖို့ကြိုးစားပြီး ကျွန်တော်တို့ အခက်အခဲကို တင်ပြသွားမယ်"ဟု မဇ္ဈိမကိုပြောသည်။
ကမ္ဘာ့ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လက်ထောက်အထွေထွေ အတွင်းရေးမှူးချုပ် နှင့် ဒုတိယ အရေးပေါ်ကယ်ဆယ်ရေး ညှိနှိုင်းရေးမှူးသည် ရခိုင်ပြည်နယ်ဒုက္ခသည် စခန်းများသို့ ဇွန် ၁၁ ရက်တွင် ရောက်ရှိလေ့လာပြီး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ တုန့်ပြန်မှုများ၏ တိုးတက်မှုအခြေအနေကို သွားရောက်လေ့လာမည်ဟု ကမ္ဘာ့ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးကသတင်းထုတ် ပြန်ထားသည်။