စစ်အင်အားဖြည့် အပြိုင် အဆိုင် လှုပ်ရှားမှုရပ်တန့် ပေးရန် မုန်းပေါ် ဒေသခံ များ တောင်းဆို

စစ်အင်အားဖြည့် အပြိုင် အဆိုင် လှုပ်ရှားမှုရပ်တန့် ပေးရန် မုန်းပေါ် ဒေသခံ များ တောင်းဆို
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည် မြောက်ပိုင်း မူစယ်ခရိုင် ကွတ်ခိုင် မြို့နယ်အတွင်း အစိုးရတပ်မတော်နှင့်တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ အကြား အင်အားအပြိုင် ဖြည့်လှုပ်ရှားနေခြင်းကို  ရပ်တန့်ပေးရန် ဒေသတွင်း  ဘုရားကျောင်းများက ဦးဆောင်ပြီး တောင်းဆို လိုက်သည်။

ဂျွန်လ ၉ ရက်နေ့သည် ကချင်လွတ်လပ်ရေးတပ်မတော်အား အစိုးရက ထိုးစစ်ဆင်တိုက်ခိုက်မှု သုံးနှစ်ပြည့်ခဲ့ပြီး မုန်းပေါ့ ကချင်နှစ်ခြင်းအသင်းတော်  ၆ ပါးက မူဆယ်ရောက် စစ်ဘေးရှောင် မုန်းပေါ့ဒေသခံနှင့်အတူ အမှတ်တရ ဆုတောင်းပွဲလုပ်ပြီး အဘက်ဘက်က စစ်အင်အားလျှော့ချပြီး တိုက်ပွဲများရပ်တန့်ပေးရန်၊ ခရစ်ယာန်အသင်း တော်နှင့် သင်းအုပ်ဆရာများအပေါ် စစ်အင်အားနှင့် ခြိမ်းခြောက် အနိုင်ကျင့်နေမှုကို ရပ်တန့်ရန်၊ လက်နက်အားကိုးဖြင့်မုန်းပေါ့ဒေသခံအပေါ် စိုးမိုးချုပ်ချယ်မှုအလိုမရှိ၊ ကိုယ်ထူကိုယ်ထ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို အစိုးရ ဘက်က လက်တွဲကူညီပေးရန် စသသော အချက် ၆ ချက်ပါသည့် ထုတ်ပြန်ကြေငြာချက်လည်း တောင်းဆိုခဲ့ခြင်းဖြစ်သည်။

စစ်ပွဲများရပ်တန့်ရေး ကချင်နှစ်ခြင်းအသင်းတော်များဆုတောင်းပွဲပြုလုပ် (ဓါတ်ပုံ-မိုင်းပေါ်သား)

``မုန်းပေါ့ ဇုန်မှာ တပ်မတော်အစိုးရက ဒီလိုစစ်အင်အားအလုံးအရင်းနဲ့ လာထိုးနေတယ်။  ဒီဘက် ကလဲ တပ်ပေါင်းစု ဖြစ်တဲ့ ကိုးကန့်တို့ ၀ တို့ စစ်ကြောင်းတော်တော်များများ ရှိနေတယ်။ အဲဒါကို တတ်နိုင်သလောက် လျှော့ချပေးပါ။ ကျနော်တို့ မုန်းပေါ့ပြည်သူလူထု ဟာဆိုရင် စစ်ကိုလုံးဝ မလိုလားတော့ ပါဘူး၊ ကျနော်တို့ ဘိုးဘွားပိုင် လယ်ယာမြေကို လွတ်လွတ်လပ်လပ်လုပ်ကိုင်စားသောက်ခွင့်ပေးပါ´´ ဟု မုန်းပေါ်က ကချင်နှစ်ခြင်းခရစ်ယာန်အသင်းချုုပ် KBC မှ  သင်းအုပ်ဆရာတဦးက ပြောပါတယ်။

တနင်္လာနေ့က မူစယ်ခရိုင် ကွတ်ခိုင်မြို့နယ် မိုင်းပေါ့ကျေးရွာအုပ်စုအတွင်း အစိုးရတပ် နှင့် တိုင်းရင်းလက်နက် ကိုင်အုပ်စုအကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့သည်။

တိုက်ပွဲကြောင့် စစ်ဘေးစစ်ဒဏ် အခက်ခဲများရင်ဆိုင်ကြုံတွေ့နေရကြောင်း မိုင်းပေါ်ဒေသခံ စစ်ဘေးဒုက္ခသည် တဦးပြောဆိုသည်။

``ကျနော်တို့ မုန်းပေါ့မှာ ဗမာ့တပ်မတော် နဲ့ ကေအိုင်အိုတို့ မကြာခဏတိုက်ပွဲဖြစ်တယ်။ ကေအိုင်အို စစ်ကြောင်း သွားလာတာများတယ်။ အစိုးရတပ်မတော်ဘက်ကလည်းအင်အားဖြည့်လာနေတယ်။ စစ်သားဆို ကျနော်တို့ အရမ်းကြောက်တာ။ ခြံသွားမလုပ်ရဲဘူး။ ပေါ်တာဖမ်းတယ်။ မိန်းခလေးဆိုလည်း မုဒိန်းကျင့်ခံရ တယ် ဆိုတဲ့သတင်းထွက်နေတယ်။ ပြီးခဲ့သုံးလေးရက်ကဆို ကျနော်တို့ရွာက အမျိုးသားတယောက် ဗမာစစ်တပ်ဖမ်း သွားတာ ပြန်လာတော့ အဝတ်တွေပါမလာဘူး ။ ကိုယ်လုံးတီးနဲ့။ ဘာလို့လည်းမသိဘူး။ မေးလည်းမဖြေဘူး´´ ဟုပြောသည်။

ထို့ပြင် အစိုးရတပ်ဖက်က ဒုတပ်ရင်းမှုးခြုံခိုတိုက်ခိုက်ခံရပြီးနောက် စစ်အင်အားများပို၍ တိုးချလာကာ တိုက်ပွဲများပိုမိုပြင်းထန်လာသည့်အခြေအနေဖြစ်သည်ဟု သျှမ်းတပ်မှူး တဦးဖြစ်သောစိုင်းခမ်းခေးက ပြောသည်။

``သံလွင်အနောက်ခြမ်း၊ သိန္နီ - ကွန်လုံ ကားလမ်း မြောက် ဘက်ခြမ်း၊ သိန္နီ - မူစယ်ကားလမ်း အရှေ့ဘက်ခြမ်း ကြားဒေသတွေမှာ ရှိရင်းစွဲ အစိုးရတပ်က တပ်ရင်း ၂၀ ထက်မနည်းဘူး။ တပ်မ ရ၇ ၊ ၈၈၊ စကခ ၁၆ လက်အောက်ခံတပ်တွေ၊ ဒကစ လောက်ကိုင် လက် အောက်ခံတွေပေါ့၊ ထပ်လာတာလည်းရှိသေး။ ကျနော်တို့ ဘက်ကတော့  တပ်ပေါင်း စု ဆိုတော့ ရှမ်း ပလောင် ကချင်၊ ၀ ၊ ကိုးကန့်ပါရှိတယ်´´ ဟုပြောသည်။

ကချင်ဒေသအတွင်းတိုက်ပွဲများဖြစ်ပွားမှုများ လျော့ကျသွွားရန် အစိုးရနှင့် ကချင်ခေါင်းဆောင်များ ညှိနှိုင်း သဘောတူမှုများရှိခဲ့သော်လည်း တိုက်ပွဲများရပ်ဆိုင်းသွားခြင်းမရှိ ဆက်လက်တင်းမာကာ ဒုက္ခသည်များ တိုးလာနေခဲ့သည်။

ဇွန်လ ၉ ရက်နေ့ တွင် နိုင်ငံတကာရောက် ကချင်အမျိုးသားများလည်း ၃ နှစ်ပြည့် ဆုတောင်းခြင်းအစီစဉ်နှင့် တကွ တိုက်ပွဲရပ်ဆိုင်းရန် တောင်းဆိုဆန္ဒထုတ်ဖော်ခြင်း အစီစဉ်အသီးသီးပြုလုပ်ခဲ့ကြသည်။

Most read this week