လာမည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် အချိုးကျကိုယ်စားလှယ်စနစ် Proportional Representation ( PR ) စနစ် အသုံးပြု ရေးအတွက် ညီနောင်တိုင်းရင်းသားပါတီများဖက်ဒရေးရှင်းက သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်ကျင်းပ ပြုလုပ်ကာ ထုတ်ပြန် ကြေငြာချက်နှင့်ကန့်ကွက်လိုက်ပါသည်။
ဂျွန်လ ၁၀ ရက် အင်္ဂါနေ့ နေပြည်တော်တွင် ညီနောင်တိုင်းရင်းသားပါတီများဖက်ဒရေဒရှင်း NDF က သတင်း စာရှင်းလင်းပွဲတရပ်ကျင်းပရာတွင် "PR စနစ်အသုံးပြုပါက တိုင်းရင်းသားလူနည်းစု ကိုယ်စားလှယ်များ လွှတ် တော်ပါ၀င်ခွင့်မရလျှင် တိုင်းရင်းသားစည်းလုံးညီညွတ်မှု ရမည်မဟုတ်ဘဲ လက်နက်ကိုင်ပဋိပက္ခလည်း ဖြေရှင်း နိုင်မည်မဟုတ်၊ PR စနစ်ကျင့်သုံးရန် ကြိုးပမ်းသူသည် တိုင်းရင်းသားလူနည်းစုများ၏ ဘုံရန်သူ ဖြစ်လာနိုင်သည်"ဟု ပြောသည်။
``ကျနော်တို့ တိုင်းရင်းသားဒေသမှာ ဗမာစာ ဗမာစကားမတတ်တဲ့သူတွေလည်းရှိတယ်။ တိုင်းရင်းသားတွေ အတွက် ဒီစနစ်နဲ့ မသင့်လျော်သေးဘူး။ ကျနော်တို့ပြင်းပြင်းထန်ထန်ကန့်ကွက်တယ်။ ´´ - ဟု ညီနောင် တိုင်းရင်းသားပါတီများဖက်ဒရေးရှင်း အကြီးအကဲ ဒေါက်တာအေးမောင်ကပြောသည်။
PR ခေါ် အချိုးကျကိုယ်စားလှယ်စနစ်သည် လွှတ်တော်ကိုယ်စားလှယ်တဦးချင်းအလိုက် မဲဆန္ဒတိုက််ရိုက်မပေး၊ တိုက်ရိုက်မရွေးဘဲ ရလာသည့် မဲဆန္ဒအပေါ် ကိုယ်စားလှယ်များအား ပါတီမှ အချိုးခန့်အပ်သည့်စနစ်ဖြစ်ပါသည်။
PR စနစ်သည် အင်အားကြီးပါတီများအပေါ် ထိန်းညှိပေးသည့်စနစ်ဖြစ်သောကြောင့် အကောင်းမြင် ထောက်ခံသည့် တိုင်းရင်းသားခေါင်းဆောင်များလည်းရှိသည်။
``၂၀၁၀ ရွေးကောက်ပွဲတုန်းက ရွေးကောက်ပွဲအကြောင်း နားမလည်တဲ့သူတွေအများကြီး၊ ကျနော်တို့ မနည်းရှင်းပြရတယ်။ ကျနော်တို့တိုင်းရင်းသားက စာတတ်ပေတတ် နည်းတယ်။ ဒီစနစ်အသုံးပြုရင် ရှုပ်ထွေးမှု ပိုမိုဖြစ်ပွားလာနိုင်တယ်´´ - ဟု ကျားဖြူပါတီ အတွင်းရေးမှူး စိုင်းလှကျော်ကပြောသည်။
အဆိုပါကိစ္စကို လာမည့်ရွေးကောက်ပွဲတွင် PR စနစ်အသုံးပြုရေးအတွက် ဂျွန် ၉ ရက်က လွှတ်တော်အတွင်း ဆွေးနွေးခဲ့ခြင်းဖြစ်သည်။