၂၀၁၄၊ ၂၀၁၅ ရွေးကောက်ပွဲများတွင် KNU ပါ၀င်မည်မဟုတ်

၂၀၁၄၊ ၂၀၁၅ ရွေးကောက်ပွဲများတွင် KNU ပါ၀င်မည်မဟုတ်
by -
မဇ္စျိမ

ကရင်အမျိုးသားအစည်းအရုံး(KNU) သည် အမျိုးသားရေးကို ဦးဆောင်သော အဖွဲ့အစည်းဖြစ်သည့်အတွက် လာမည့် ၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၁၅ ရွေးကောက်ပွဲများတွင် ၀င်ရောက်ယှဉ်ပြိုင်သွားမည်မဟုတ်ဟု KNU ၏ ဗဟိုကော်မတီဝင် ဖဒိုစောကွယ်ထူးဝင်းက ဇွန်လ ၁၀ ရက်တွင် မဇ္ဈိမကို ပြောသည်။

အပစ်ရပ်လက်မှတ်ထိုးပြီးနောက် နိုင်ငံရေးဆွေးနွေးပွဲများမှတစ်ဆင့် ဖြစ်သင့်သော နိုင်ငံရေး အာမခံချက် ရရှိခဲ့လျှင် ကရင်အမျိုးသားအစည်းအရုံးကို ကရင်လူထု၏သဘောထားအပေါ် မူတည်၍ နိုင်ငံရေးပါတီ သို့မဟုတ် လူမှုအဖွဲ့အစည်းတစ်ခုခုအဖြစ် အသွင်ပြောင်းလဲသွားရန် ဆုံးဖြတ်ထားသော်လည်း လက်ရှိရွေးကောက်ပွဲများကိုမူ ၀င်ရောက်ယှဉ်ပြိုင်မည်မဟုတ်ဟု ဆိုခြင်းဖြစ်သည်။

ဖဒိုစောကွယ်ထူးဝင်းက “KNU  ဆိုတာ အာဏာသိမ်းဖို့၊ အစိုးရကို အပြုတ်တိုက်ဖို့ ဖွဲ့စည်းထားတာ မဟုတ်ဘူး။ ကျွန်တော်တို့ လူထုနဲ့နိုင်ငံရေး ရည်မှန်းချက်ကို ကာကွယ်ဖို့ လုပ်ထားတာ။ ဒါကြောင့် ရွေးကောက်ပွဲ ၀င်ဖို့ဆိုတာ ဖြစ်နိုင်ချေလည်း မရှိဘူး။ ဖြစ်လည်း မဖြစ်နိုင်ဘူး”ဟု ပြောသည်။

ကရင်အမျိုးသားအစည်းအရုံးသည်လာမည့် သုံးလအတွင်း အပစ်အခတ်ရပ်စဲရေး လတ်မှတ်ရေးထိုးရန်နှင့် နှစ်မကုန်ခင် နိုင်ငံရေးဆွေးနွေးပွဲများ စတင်ရန်ကို KNU ဥက္ကဋ္ဌနှင့် နိုင်ငံတော်သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်တို့နှင့် ဇွန်လ ၄ ရက်က နေပြည်တော်တွင် အတည်ပြု သဘောတူညီခဲ့ပြီးဖြစ်သည်။

ထိုနေ့တွင်ပင် ကရင်အမျိုးသားအစည်းအရုံး၏ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ ပဒိုမန်းငြိမ်းမောင်က မြန်မာနိုင်ငံရေး အနာဂတ်တွင် ဒု-သမ္မတအဖြစ် KNU က တာဝန်ယူနိုင်သည်ဟု ပြောဆိုခဲ့သည်။ ထို့အတူ မေလက ပြုလုပ်ခဲ့သော လော်ခီးလားညီလာခံတွင် ကရင်အမျိုးသားတို့၏ နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် KNU က ဦးဆောင်သွားမည်ဟုလည်း ဆိုခဲ့ဖူးသည်။

ယင်းသို့ ပြောဆိုချက်များနှင့် ပတ်သက်ပြီး ကရင်အရပ်ဘက်လူမှုအဖွဲ့ အစည်းခြောက်ခုက KNU ၏ အပစ် ရပ် လက်မှတ်ထိုးရေး သဘောတူညီမှုကို ကြိုဆိုသော်လည်း ပွင့်လင်းမြင်သာမှုမရှိခြင်းကြောင့် ကရင်လူထု မှာ စိုးရိမ်မှုများရှိနေရာ ပြည်သူလူထုကို ချပြရန်နှင့် နှစ်ဖက်ဆွေးနွေးပွဲများတွင် လူမှုအဖွဲ့ အစည်းများကို ပါ ၀င်စေရန်တို့ကို ဇွန်လ ၅ ရက်က တောင်းဆိုခဲ့ကြသည်။

“ပြည်သူတွေရဲ့စိုးရိမ်မှုကို ကျွန်တော်တို့ နားလည်ပါတယ်။ ခိုင်မာတဲ့ အပစ်ရပ် နိုင်ငံရေး အာမခံချက်ကိုရမှသာ KNU က လက်မှတ်ထိုးမှာပါ။ အခု KNU ရဲ့အပစ်ရပ်လိုလားချက်တွေကလည်း တခြားလက်နက်ကိုင်အဖွဲ့တွေနဲ့ အကုန်တူပါတယ်” ဟု တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT တွင် ပါ၀င်သကဲ့သို့KNU ၏ ဗဟိုကော်မတီဝင် တစ်ဦးဖြစ်သူ၊ အပစ်ရပ်မူကြမ်းတစ်ခုတည်း ဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဖဒိုစောကွယ်ထူးဝင်းက ပြောသည်။

KNU အဖွဲ့သည် အမျိုးသားဒီမိုုကရေစီ အဖွဲ့ချုပ်ပါတီနှင့် ၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်း ပြုလုပ်နေသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးတွင် ပါ၀င်ကူညီရန် သဘောတူထားပြီးဖြစ်ကာ အပစ်ရပ်လက်မှတ်ထိုးပြီးနောက် နိုင်ငံရေးဆွေးနွေးပွဲများမှတစ်ဆင့် ဖွဲ့စည်းပုံပြင်ဆင်ရေး ပြုလုပ်ရန်လည်း KNU က ရည်ရွယ်ထားသည်။

အစိုးရနှင့် NCCT တို့ ညှိနှိုင်းနေသည့် နိုင်ငံလုံးဆိုင်ရာအပစ်ရပ်စဲရေး စာချုပ်မူကြမ်းတွင် နှစ်ဖက်က ရ၀ ရာခိုင်နှုန်းကျော် သဘောတူညီပြီးဖြစ်သည်ဟု နှစ်ဖက်ခေါင်းဆောင်တို့က မေလအကုန်တွင် ထုတ်ဖော် ပြောဆိုထားသည်။

သို့ဖြစ်၍ အပစ်ရပ်စဲရေးစာချုပ်မူကြမ်းတွင် ဖြည့်သွင်းရန် ကျန်ရှိနေသော အချက်များကို ထပ်မံဆွေးနွေးရန် တိုင်းရင်းသားခေါင်းဆောင်များ၏ ညီလာခံကို ဇွန်လ ၁၂ ရက်တွင် ပြုလုပ်သွားမည်ဖြစ်သည်။

Most read this week