ယခုနှစ် ရခိုင်ပြည်နယ်ဆယ်တန်းအောင်ချက်ရာ ခိုင်နှုန်း ၁၈.၃၂ သို့ ကျဆင်း

ယခုနှစ် ရခိုင်ပြည်နယ်ဆယ်တန်းအောင်ချက်ရာ ခိုင်နှုန်း ၁၈.၃၂ သို့ ကျဆင်း
by -
နိရဥ္စရာ

၂၀၁၃-၂၀၁၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ (ဆယ်တန်းအောင်စာရင်း)ကို ထုတ်ပြန်ကြေညာခဲ့ရာ ရခိုင်ပြည်နယ် အောင်ချက်ရာခိုင်နှုန်းမှာ ယခင်နှစ်ကထက် (၉ ဒသမ ၆၈)ရာနှုန်းထိ ကျဆင်းသွားကြောင်း ရခိုင်ပြည်နယ် ပညာရေးဌာနညွှန်ကြားရေးမှူးရုံးမှ တဆင့် သတင်းရရှိသည်။

ယမန်နှစ် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်က ရခိုင်ပြည်နယ်၏ တက္ကသိုလ်ဝင်တန်းအောင်ချက်ရာခိုင်နှုန်းမှာ (၂၈) ရာခိုင်နှုန်းအထိ ရှိခဲ့သော်လည်း ယခုနှစ်တွင် အောင်ချက်ရာခိုင်နုန်းမှာ (၁၈ ဒသမ ၃၂) ရာခိုင်နှုန်းသာ ရှိကြောင်း သိရှိရသည်။

list

ယင်းသို့အောင်မြင်သူရာနှုန်းကျဆင်းသွားခြင်းနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် ပညာရေးဌာန ညွှန်ကြားရေးမှူး ဦးလှစိန်ထွန်းက နိရဥ္စရာသို့ ယခုလိုပြောသည်။

“ဒီ ၂၀၁၄ ပညာသင်နှစ်မှာ အောင်ချက်ရာနှုန်းမြင့်ဖို့အတွက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့နဲ့ ပူးပေါင်းပြီး ကျွန်တော်တို့ ကြိုးစားခဲ့ပါတယ်။ဒါပေမယ့် ခုတော့ အောင်ချက်ရာနှုန်းကျတယ်။ အောင်ချက်ကျရခြင်း အကြောင်း အရင်းက ဒီနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ မော်ဒရေးရှင်း မရှိဘဲ ရမှတ် (၄၀) ပြည့်မှ အောင်တယ်လို့ သတ်မှတ်ထားတဲ့အတွက် ပြည်နယ်တိုင်းလိုလိုမှာ အောင်ချက်ရာနှုန်းတွေ လျော့ကျ သွားတာပါ” ဟုဆိုသည်။

တက္ကသိုလ်ဝင်တန်းအောင်ချက်ရာခိုင်နှုန်းမြင့်မားရန် ကျောင်းသူ၊ကျောင်းသားများသာမက ဆရာမိဘများ၏ အခန်းကဏ္ဍသည်လည်းအရေးကြီးကြောင်း ညွှန်ကြားရေးမှူး ဦးလှစိန်ထွန်းက ဆက်လက်ပြောဆိုသည်။

“လာမယ့် ပညာသင်နှစ်တွေမှာ ရခိုင်ပြည်နယ်ရဲ့ အောင်ချက်ရာခိုင်နှုန်းတိုးတက်လာအောင် ကြိုးစား သွားပါမယ်။ အောင်ချက်ရာနှုန်းမြင့်လာဖို့ဆိုတာကလည်း ကျောင်းသူကျောင်းသားများရဲ့ အမှန်တကယ် ပညာသင်ယူလိုတဲ့ ဆန္ဒ၊ မိဘအုပ်ထိန်းသူတွေရဲ့ ပံပိုး ဂရုစိုက်မှုနဲ့ သင်ပြတဲ့ဆရာဆရာမတွေရဲ့ အရည်သွေး ပြည့်ဝမှုအပေါ်မှာ မူတည်ပါတယ်”  ဆိုသည်။

Education-Department-in-Arakan

ပေါက်တောမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းတွင်လည်း ယခင်နှစ်က ဖြေဆိုသူ (၄၈.၆) ရာနှုန်းအောင်မြင်ခဲ့ရာ  ယခုနှစ်တွင် (၂၅)ရာခိုင်နှုန်းသာအောင်မြင်သဖြင့် အောင်ချက်ရာခိုင်နှုန်းထက် ဝက်နီးပါးကျဆင်းသွားကြောင်းပေါက်တောမြို့မှဆရာတစ်ဦးက ပြောသည်။

၂၀၁၃-၂၀၁၄ ပညာသင်နှစ်၏ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်သူများစာရင်းကို မြန်မာတစ်နိုင်ငံလုံး တွင် ဇွန်လ ရ ရက်နေ့က ထုတ်ပြန်ခဲ့သည်။