သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်း မြို့နယ် အတွင်း လသာသာ တရုတ် ကုမ္မဏီမှ ရွှေလီ မြစ်ရေ သန့်စင် စက်ရုံ လာရောက် တည်ဆောက်မည့် စီမံကိန်းကို နမ့်ခမ်း ဒေသခံများ အလို မရှိကြောင်း သျှမ်းပြည် မြောက်ပိုင်း သတင်း ရပ်ကွက်က ဆိုပါသည်။
နမ့်ခမ်းမြို့နယ်အတွင်း ရွှေလီ (နမ့်မောဝ်) မြစ်၏ မြစ်လက်တက်တခုဖြစ်သော နမ့်မချောင်းနံဘေးရှိ မန့်အွယ်ရွာ၏ မြောက်ဘက်၊ ကွန်လုံရွာ၏အနောက်ဘက်ရှိ လွယ်ကောင်းမောဝ်တောင်ပေါ်တွင် ရွှေလီမြစ်ရေသန့်စင်မည့် စက်ရုံထောင် မည်ဖြစ်ပြီး မူစယ်၊ နမ့်ခမ်း (ရွှေလီချိုင့်ဝှမ်းဒေသ) အတွင်း သောက်သုံးရေအဖြစ်ဖြန့်ချီ ရောင်း ချပေးမည့် စီမံကိန်း ဖြစ်ကြောင်း၊ စီမံကိန်းနေရာအား ယခုအပတ်အတွင်းက မြို့နယ်စည်ပင်ဥက္ကဌက လာရောက်ကြည့်ရှုသွားကြောင်း ကွန်လုံကျေးရွာဒေသခံတဦးကပြောသည်။
“ မနှစ်ကတည်းက စီမံကိန်းလာလုပ်ဖို့ ကြိုးစားနေတာ။ ဒေသခံတွေ ကျားဖြူကျားခေါင်းပါတီတွေနဲ့ ရပ်ရွာ အုပ်ချုပ်ရေးအာဏာပိုင်တွေက စုပေါင်းကန့်ကွက်လို့ မအောင်မြင်လိုက်ဘူး ။ ဒီနှစ်ပြန်ဝင်လာပြီ။ ထပ်ကြိုးစား နေပြီ။ ကျနော်တို့ဒေသခံတွေအတွက် အကျိုးမရှိတဲ့အပြင် ဆိုးကျိုးကိုပါပေးမယ့်စီမံကိန်းဆိုတော့ ကျနော်တို့လက်မခံ ပါဘူး” ကွန်လုံ ဒေသခံလုံးစိုင်းကပြောသည်။
၎င်းနှင့်ပတ်သက်၍ နမ့်ခမ်းမြို့နယ် ကျားခေါင်းပါတီဝင်များက နမ့်ခမ်းမြို့နယ်အတွင်း သောက်သုံးရေလုံလောက် နေကြောင်း၊ စီမံကိန်းနှင့်ပတ်သက်၍ ဒေသခံများအား ရှင်းပြခြင်းမရှိသကဲ့သို့ ဒေသခံများ၏ ဆန္ဒသဘောထားကိုလည်း လုံးဝ မေးမြန်းခြင်းမရှိကြောင်း၊ အဆိုပါစက်ရုံတည်ဆောက်မည့်နေရာသည် ရွှေလီမြစ်အကြေပိုင်းတွင်ဖြစ်သဖြင့် မြစ်ရေ ကြည်လင်သန့်ရှင်းမှုမရှိကြောင်း ပြောဆိုပါသည်။
“တရုတ်ဘက်ခြမ်း နောင်တောဝ်းဘက်မှာရေရှားတယ်။ ဒါပေမယ့် မြစ်အကြေပိုင်းဖြစ်လို့ တရုတ်အစိုးရက ဒီရေတွေနဲ့ သူတို့လူထုအတွက် သောက်ရေအဖြစ် မလုပ်ပေးလိုဘူး။ ” ဟု ဒေသတွင်း SNLD ပါတီဝင် အကြီးအကဲတဦးကပြောသည်။
ယခုနှစ်ဆန်းက လူထုနှင့် ဒေသခံဝန်ထမ်းများ စုပေါင်းလက်မှတ်ရေးထိုးထားကာ သျှမ်းပြည်နယ်ဝန်ကြီးချုပ်ထံ ကန့်ကွက် စာ ပေးပို့ဖူးကြောင်း၊ သို့သော် နမ့်ခမ်းမြို့ စည်ပင်ဥက္ကဌက စိုင်းချစ်ရွှေက သျှမ်းပြည်နယ် အစိုးရသစ်တော နှင့် သတ္တုတွင်း ဝန်ကြီး (ကျားဖြူပါတီ ဥက္ကဌ) စိုင်းအိုက်ပေါင်း ထံမှ ခွင့်ပြုချက်ရထားသည်ဟု ရပ်ကွက်၊ ကျေးရွာ အကြီးအကဲများ အား ခေါ်ယူပြောကြားသည်ဟု ဆိုသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ နမ့်ခမ်းမြို့ခံ ကျားဖြူပါတီဝင်တဦးက - “အဲဒီကိစ္စ စိုင်းအိုက်ပေါင်းဆီကိုဖုန်းဆက် မေးကြည့် တော့ သူက မသိဘူးလို့ပြောတယ်။ သူ့နာမည်အလွှဲသုံးစားလုပ်တာလို့ ပြောတယ်” ဟု ပြောသည်။
ယခုနှစ်ဆန်းပိုင်းက နမ့်ခမ်းမြို့ ပရိယတ္တိစာသင်တိုက် အနောက်ဘက်ရှိ ကွန်လုံရွာနှင့်အောင်မေတ္တာရပ်ကွက်ကြား လယ်မြေ ဧက ၄၀ ကျော်အား ဝယ်ယူရန် တရုတ်ကုမ္ပဏီများက နမ့်ခမ်း မြို့စည်ပင် အကြီးအကဲအား စည်းရုံးခဲ့ ဖူးသည်ဟု ဆိုသည်။