သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်း မြို့နယ် နောင်ခန် ဒေသခံ လင်မယား အား မြန်မာ စစ်တပ် တပ်မ ၈၈ လက်အောက်ခံ စစ်ကြောင်း တကြောင်းက လက်နက် ကြီးငယ်ဖြင့် ပစ်ခတ်သောကြောင့် ဇနီးဖြစ်သူ သေဆုံး ခဲ့ရကြောင်း ရွှေလီချိုင့်ဝှမ်း သတင်း ရပ်ကွက်က ပြောသည်။
မေလ ၂၉ ရက် မွန်းလွဲ ၂ နာရီခန့်က နမ့်ခမ်းမြို့နယ် နမ့်ဇန့်ရွာမှ ရွာသားလင်မယား ဦးအားရှင် နှင့် နန်းထေး တို့ဆိုင်ကယ်ဖြင့် နမ့်ခမ်းမြို့သို့သွားစဉ် ကောင်းဝိန်းရွာအနီး၌ ၎င်းတို့နှစ်ဦး အား မြန်မာအစိုးရ တပ်မ ၈၈ လက်အောက်ခံ ခလရ ၁၀ မှ အင်အား ၂၇ ယောက်ရှိ စစ်ကြောင်း တစ်ကြောင်းက လက်ပစ်ဗုံးတလုံး နှင့် သေနတ် ၁၀ ချက်ကျော် ပစ်ခတ်ခဲ့သည်ဟု နောင်ခန်ဒေသခံ များကပြော သည်။
“ကျနော်တို့ရွာမှာ တပ်မ ၈၈ လက်အောက်ခံ တပ်ရင်း ခလရ ၁၀ တို့ဘဲရှိတယ်။ ကျနော်တို့ရွာနားမှာ အဲဒီစစ် ကြောင်းနဲ့ သူတို့လင်မယားတိုးမိတာလေ။ သူတို့လင်မယားကို ဆိုင်ကယ်ရပ်ခိုင်းတာ မရပ်လို့ ပစ်လိုက်တာတဲ့” - ဟု မြန်မာစစ်တပ်နှင့် နီးစပ်သည့် နောင်ခံရွာသားတဦးက ပြောသည်။
မြန်မာ စစ်တပ်ပစ်ခတ်မှုကြောင့် ယောက်ျားဖြစ်သူ ဦးအားရှင်း၏ ခြေထောက်၊ ဝမ်းဗိုက် တွင် သေနတ် ဒဏ်ရာ ၄ ချက် နှင့် ဗုံးစများထိမှန်ကြောင်း၊ နန်းထေးတွင်လည်း သေနတ်ဒဏ်ရာ ၆ ချက် နှင့်အတူဗုံးစ များထိမှန်ကြောင်း၊ ၎င်းတို့ လင်မယား စီးလာသည့် ဆိုင်ကယ်အားလည်း အဆိုပါ တပ်က သိမ်းဆည်း ထားကြောင်း၊ နန်းထေးမှာ ဒဏ်ရာပြင်းထန်သဖြင့် တရုတ် ဘက်ကမ်းဆေးရုံကြီးသို့ ပို့ဆောင်ကုသစဉ် မေလ ၃၀ ရက်မနက်ပိုင်းက သေ ဆုံးသွားကြောင်း မိသားစုဝင် တဦးက ကပြောသည်။
နမ့်ခမ်းဆေးရုံတွင် နန်းထေးအား ကျန်းမာရေးဝန်ထမ်းများ ကြိုးစားကုသပေးနေစဉ်
လက်ရှိတွင် မူစယ်မြို့နယ် စယ်လန့်ကျေးရွာအုပ်စု နမ့်စန့်ကျေးရွာရှိ ကျန်ရှိသူမိသားစုများက နန်းထေး အတွက် အသုဘ အခမ်းအနား ပြုလုပ်ပေးနေကြောင်း၊ ရပ်ရွာအကြီးအကဲများက လာရောက်အား ပေးသော်လည်း အစိုးရ စစ်တပ်ကမူ ဒေသဆုံးသူ မိသားစုအတွက် တစုံတရာ ထောက်ပံ့ပေးခြင်း၊ လာရောက်ကြည့်ရှုအားပေး ခြင်းမရှိကြောင်း ဆွေမျိုးများ အသိုင်းအဝိုင်းက ပြောသည်။