ပုဒ်မ ၄၃၆ ပြင်ရေး ဘာဆက်ဖြစ်လာနိုင်သလဲ

ပုဒ်မ ၄၃၆ ပြင်ရေး ဘာဆက်ဖြစ်လာနိုင်သလဲ
by -
မဇ္စျိမ

ဒေါ်အောင်ဆန်းစုကြည်၊ အင်န်အယ်လ်ဒီနဲ့ ၈၈ ပွင့်လင်းအဖွဲ့ ပူးပေါင်း အကောင်အထည်ဖော်နေတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက ပုဒ်မ ၄၃၆ ပြင်ရေး လှုပ်ရှားမှုအရှိန်ရစပြုနေပါပြီ။ မေလ ၂၇ ရက်ကဆို ၄၃၆ ပြင်ရေး လက်မှတ်ရေးထိုးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ မျိုးဆက် ခေါင်းဆောင်တွေနဲ့ တိုင်းသိပြည်သိ အနုပညာရှင်တွေ ပါ၀င်လက်မှတ်ထိုးရင်း အစပြုပေးလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်၊ အင်န်အယ်လ်ဒီနဲ့ ၈၈ ပွင့်လင်းအဖွဲ့ ပူးပေါင်း အကောင်အထည်ဖော်နေတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက ပုဒ်မ ၄၃၆ ပြင်ရေး လှုပ်ရှားမှုအရှိန်ရစပြုနေပါပြီ။ မေလ ၂၇ ရက်ကဆို ၄၃၆ ပြင်ရေး လက်မှတ်ရေးထိုးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ မျိုးဆက် ခေါင်းဆောင်တွေနဲ့ တိုင်းသိပြည်သိ အနုပညာရှင်တွေ ပါ၀င်လက်မှတ်ထိုးရင်း အစပြုပေးလိုက်ပါတယ်။ တစ်ပြိုင်နက်တည်း တစ်တိုင်းပြည်လုံး မှာရှိတဲ့ အင်န်အယ်လ်ဒီ ရုံးတွေနဲ့ ၈၈ ပွင်းလင်းအဖွဲ့ ရုံးတွေမှာလည်း လက်မှတ်ထိုးနိုင်အောင် ပြင်ဆင် ပေးထားကြပါပြီ။ အခြားတစ်ဖက်မှာတော့ ၄၃၆ မပြင်ရေး ကျိုးတိုးကျဲတဲ ဆန္ဒပြပွဲတချို့ နေပြည်တော်မှာ ပေါ်လာသလို နိုင်ငံရေးပါတီတွေရဲ့ ပြိုင်ပွဲကို ဒိုင်လူကြီးလုပ်ပေးမယ်ဆိုတဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟောပြောချက်တွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေက ခွင့်ပြုထားတဲ့ဘောင်ကို ကျော်နေတယ်ဆိုပြီး သတိပေးမှုတွေ လုပ်လာနေပါပြီ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၄၃၆ ပြင်ရေးလှုပ်ရှားမှု အောင်မြင်နိုင်ပါ့မလား၊ ဘာအခက်အခဲတွေတွေ့နိုင်မလဲ၊ ဘာတွေဆုံးရှုံးနိုင်မလဲဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။

ပထမ အရေးကြီးတာက ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ ပုဒ်မ ၄၃၆ ပြင်ရေးဆိုတာ ဘာလဲဆိုတာ အရင် သိဖို့လိုပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ထဲမှာ ဖွဲ့စည်းပုံထဲက ပုဒ်မတွေကို ဖြုတ်ချင်တယ်၊ ပြင်ချင်တယ်ဆိုရင် ပုဒ်မ ၄၃၆ ပါ ပြဋ္ဌာန်းချက်အတိုင်း ပြင်ရမယ်လို့ ဆိုပါတယ်။ ပုဒ်မ ၄၃၆ မှာပါတဲ့ ပြင်ဖို့ နည်းနာတွေကတော့ ပြင်ချင်တာတွေကို ဥပဒေကြမ်း အရင်လုပ်ရပါမယ်။ ဥပဒေကြမ်း ရလာရင် ပြည်ထောင်စုလွှတ်တော်ကို တင်ရပါမယ်။ ပြည်ထောင်စုလွှတ်တော်ထဲက အမတ် ၂၀ ရာခိုင်နှုန်းက သဘောတူတယ်ဆိုရင် အဲဒီ ဥပဒေမူကြမ်းကို စပြီး ဆွေးနွေးခွင့်ရပါမယ်။ ပြီးရင် မဲခွဲပြီး ပြင်ရပါမယ်။ မဲခွဲတဲ့အခါ တချို့ပုဒ်မတွေကို အမတ် ရ၅ ရာခိုင်နှုန်းအထက် သဘောတူညီချက်နဲ့ ပြင်နိုင်တယ်၊ တချို့ပုဒ်မတွေကိုတော့ အမတ် ရ၅ ရာခိုင် နှုန်းကျော်ရုံမက ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ လုပ်ပြီးမှ ပြင်နိုင်မယ်လို့ ဆိုထားတာပါ။ ဒါရဲ့ တကယ့် အဓိပ္ပာယ်ကတော့ ဖွဲ့စည်းပုံထဲက တစ်ခုခုပြင်ချင်ရင်တပ်မတော်သား အမတ်တွေ သဘောတူမှ ပြင်နိုင်မယ်၊ သူတို့ သဘောမတူဘူးဆိုရင် ပြင်လို့ မရဘူးလို့ ဆိုတာပါ။

ဒေါ်အောင်ဆန်းစုကြည်တို့ ပြင်ချင်တာက ဖွဲ့စည်းပုံကို ရွေးကောက်ခံ အမတ်တွေရဲ့ သုံးပုံနှစ်ပုံက သဘောတူရင် ပြင်နိုင်တယ် ဆိုတာမျိုးပါ။ အဓိပ္ပာယ်က တပ်မတော်သား အမတ်တွေ သဘောတူတူ မတူတူရွေး ကောက်ခံ သုံးပုံနှစ်ပုံက သဘောတူရင် ပြင်လို့ရတာမျိုး လိုချင်တယ်လို့ ဆိုပါတယ်။

သူ့ရဲ့ရည်ရွယ်ချက်ကိုလည်း လူထုစုဝေးပွဲတွေမှာ ပွင့်ပွင့်လင်းလင်းပြောပါတယ်။ အဓိကအားဖြင့် ဖွဲ့စည်းပုံထဲ မှာ တပ်မတော်က အခွင့်ထူးရယူထားတာကို ဖယ်ရှားချင်လို့ လို့ဆိုပါတယ်။ တစ်နည်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က အခွင့်ထူးရထားတာတွေကို ရုပ်သိမ်းချင်တယ်၊ စစ်တပ်ကို ဂုဏ်သိက္ခာရှိရှိနဲ့စစ်တန်းလျား ပြန်သွားဖို့ လုပ်ချင်တယ် ဆိုတာပါပဲ။ ဖွဲ့စည်းပုံပြင်ရေးကို လွှတ်တော်တွင်းကပဲ လုပ်စေမှာဖြစ်ပြီးလက်ရှိ လက်မှတ်ရေးထိုး ဆန္ဒကောက်ခံနေတာဟာ ပြည်သူတွေရဲ့ ဆန္ဒသဘောထား ဘယ်လိုရှိသလဲဆိုတာ လွှတ်တော်ကသိစေဖို့ ငြိမ်းချမ်းတဲ့နည်းနဲ့ ဥပဒေဘောင်အတွင်းက လုပ်ရတာလို့ ဆိုပါတယ်။

တိုတိုတုတ်တုတ်ပြောရရင် ဖွဲ့စည်းပုံကို လွှတ်တော်ထဲမှာပဲ ပြင်လို့ရအောင် ကြိုးစားမယ်၊ ရွေးကောက်ခံ အမတ်တွေကပဲ ပြင်ခွင့်ရချင်တယ်၊ ကာကွယ်ရေး ဦးစီးချုပ်ရဲ့အခွင့်ထူးတွေ ရုပ်သိမ်းပြီး စစ်တန်းလျား ပြန်သွားတဲ့အဆင့်ရောက်အောင်အထိ ပြင်ချင်တယ်ဆိုတာပါပဲ။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ဒီ လှုပ်ရှားမှုလုပ်နေတဲ့ အချိန်အတောအတွင်းမှာပဲ လွှတ်တော်ထဲမှာအမတ် နေရာအများစု ရယူထားတဲ့၊ ဖွဲ့စည်းပုံပြင်ဆင်ရေး ကော်မတီမှာ လူများစုပါ၀င်နေတဲ့ ပြည်ခိုင်ဖြိုးပါတီကလည်း ကြေညာချက်ထုတ်ပါတယ်။ လိုရင်းတိုရှင်းကတော့ ဖွဲ့စည်းပုံပြင်ရေးနဲ့ ပတ်သက်ရင် ပါတီဗဟိုကော်မတီက အတည်ပြုထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အကြံပြုချက်တွေအပေါ် အခိုင်အမာ ရပ်တည်နေတယ်ဆိုတာပါပဲ။ အဲဒီအကြံပြုချက်ထဲမှာ ပုဒ်မ ၄၃၆ နဲ့ ပတ်သက်ရင် “အမတ် ရ၅ ရာခိုင်နှုန်းကျော်” အစား “ အမတ် ရ၅ ရာခိုင်နှုန်း” ဆိုတာ လောက်နဲ့ပဲ ပြုပြင်ဖို့အကြံပြုထားတာ တွေ့ရပါတယ်။ (တရားဝင် မထုတ်ပြန်ပေမယ့် ပြင်ပသတင်းဌာနတွေဆီ ပေါက်ကြားချက်အရ) ပြောရရင် တပ်မတော် အမတ်တွေ သဘောတူမှ ပြင်နိုင်မယ်ဆိုတဲ့မူကို ဆက်ပြီး ဆုပ်ကိုင်ထားဆဲပါ။ တစ်ဖက်က တပ်မတော်ကာကွယ်ရး ဦးစီးချုပ်ကလည်း ဖွဲ့စည်းပုံပြင်ချင်ရင် ၄၃၆ အတိုင်းပဲပြင်ရမယ်လို့ ထုတ်ဖော်ပြောဆိုထားပြီးပါပြီ။ ခြံုငုံပြီးပြောရရင် ဒေါ်အောင်ဆန်းစုကြည် လိုချင်တဲ့ ပုံစံ ၄၃၆ ကို လွှတ်တော်တွင်း ပြင်ရေးဆိုတာဟာ လွှတ်တော်ထဲမှာပဲ ပိတ်မိနေမယ့် သဘောရှိပါတယ်။ အောင်မြင်ဖို့ လုံးဝမရှိဘူးဆိုတာ ဖော်ပြနေပါတယ်။ ကဲ ဒါဆို ဒေါ်အောင်ဆန်းစုကြည်၊ အန်အယ်လ်ဒီနဲ့ ၈၈ အဖွဲ့ ဘာဆက်လုပ်ကြဦးမှာပါလဲ။

အခြားတစ်ဖက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ ပုဒ်မ ၄၃၆ ပြင်ရေး၊ တစ်နည်းပြောရရင် ဖွဲ့စည်းပုံထဲက ပုဒ်မတွေ အများကြီးပြင်နိုင်ရေး၊ ကာကွယ်ရေး ဦးစီးချုပ်နဲ့ တပ်မတော်ကို စစ်တန်းလျား ပြန်ပို့နိုင်သည်အထိ ပြင်နိုင်ရေး အားကြိုးမာန်တက် လုံးပမ်းနေရင် ၄၃၆ ကိုလည်း မပြင်နိုင်၊ အခြား အရေးကြီးတဲ့ ပုဒ်မတွေကိုလည်း မပြင်နိုင် ဖြစ်ကောင်းဖြစ်သွားနိုင်ပါတယ်။ ဥပမာ ပြည်သူတွေက ပါတီတစ်ခုကို အမတ်နေရာ အများစုနိုင်အောင် မဲပေးလိုက်သည့်တိုင် အဲဒီပါတီခေါင်းဆောင် သမ္မတဖြစ်ဖို့ မလွယ်တဲ့ ပုဒ်မ ၆၀(င) လို၊ ဒေါ်အောင်ဆန်းစုကြည်လို အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး၊ သာမန်နိုင်ငံသားတွေထက် ထူးတဲ့ ဂုဏ်ထူးဆောင် နိုင်ငံသားတစ်ယာက်၊ တိုင်းရင်းသားတစ်ယောက်ကို သမ္မတ ဖြစ်ခွင့်မရှိအောင် ပိတ်ပင်ထားတဲ့ ပုဒ်မ ၅၉(စ)လို ပြင်ရေးတွေကိုလည်း မလုပ်နိုင်၊ လစ်ဟာသွားနိုင်ပါတယ်။ အကျိုးဆက်အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲကနေ ပြည်သူလူထုအများစုကြီးရဲ့ သဘောဆန္ဒကို ထင်ဟပ်တဲ့ သမ္မတနဲ့ အစိုးရအဖွဲ့ မပေါ်ပေါက်နိုင်တာမျိုး ဖြစ်သွားနိုင်ပါတယ်။

ဒီအခါ ၂၀၁၅ အလွန် ပါလီမန်အသစ်မှာ အင်န်အယ်လ်ဒီဟာ အမတ်အများစု ရကောင်းရနေမှာဖြစ်ပေမယ့် အတိုက်အခံ အဆင့်ဆက်ရှိနေမှာဖြစ်ပြီး ပြည်သူတွေကို အုပ်ချုပ်သူကတော့ ဒီလူဒီလူ ဒုံရင်းဒုံရင်း ဘဝ အပြောင်းအလဲမရှိတာမျိုး ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ ဒီအတွက် လက်ရှိ ၄၃၆ ပြင်ရေး လှုပ်ရှားမှု ပြန်သုံးသပ်ကြပါ၊ အောင်မြင်မှုမရရင် အင်န်အယ်လ်ဒီနဲ့ ၈၈ က ရှုံးတာ အရေးမကြီး၊ ပြည်သူတွေ နစ်နာတာက ပိုအရေးကြီးမှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

Most read this week