လက်ရှိကာလတွင် အာဆီယံဥက္ကဋ္ဌဖြစ်နေသော မြန်မာနိုင်ငံမှာ ဒီမိုကရေစီလမ်း ကြောင်းမှန်ပေါ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သမ္မတဦးသိန်းစိန် ခေါင်းဆောင်သည့် မြန်မာအစိုးရအဖွဲ့က ပြောခဲ့သော်လည်း မြန်မာနိုင်ငံသည် အတားအဆီးများနှင့် စိန်ခေါ်မှုများကို ရင်ဆိုင်နေရပေသည်။
မေလ ၁၇ ရက်နှင့် ၁၈ရက် များတွင် ရန်ကုန်နှင့် မန္တလေးတို့၌ အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့သည် ၂၀၀၈ အခြေခံဥပဒေ ပြင်နိုင်ရေးအတွက် လူထုဟောပြောပွဲများ ကျင်းပခဲ့ကြရာ ထိုဟောပြောပွဲ အခမ်းအနားများမတိုင်မီ ရက်အနည်းငယ်အလိုတွင် သမ္မတဦးသိန်းစိန်က သူ၏ သဘောထားအမှန်ကို ထုတ်ဖော်ပြသခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ရေးနှင့် တရားမျှတပြီး လွတ်လပ်သော ရွေးကောက်ပွဲကျင်းပနိုင်ရေးကိစ္စများသည် ပြည်တွင်းရေးကိစ္စများသာ ဖြစ်ကြောင်းနှင့် ထိုကိစ္စများကြောင့် တိုင်းပြည် ဆူဆူပူပူဖြစ်မည်ကို မည်သူမျှ မလိုလားကြောင်း သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့ခြင်း ဖြစ်သည်။ ဆူဆူပူပူ ဖြစ်နေသော နိုင်ငံများထံမှ သင်ခန်းစာများ ရယူကာ မြန်မာနိုင်ငံတွင် အလားတူ နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရအောင် ပြည်သူများ အားလုံး ၀ိုင်းဝန်းကာကွယ်စောင့်ရှောက်ကြရန် သမ္မတဦးသိန်းစိန်က မေလ ၁၅ ရက်တွင်ပြောကြားခဲ့ခြင်း ဖြစ်ပြီး၊ အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ဆူဆူပူပူဖြစ်ခဲ့ခြင်းကို ရည်ညွှန်း၍ ပြောကြားခဲ့ဟန်ရှိသည်။
မြန်မာနိုင်ငံ၏ အခြေခံဥပဒေကို ပြင်ဆင်ပြောင်းလဲရေးအတွက် (NLD) နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းကြိုးပမ်းလျက်ရှိကြရာ၊ လှုပ်ရှားမှုအရှိန်ရလာခဲ့ပြီး ထိုကိစ္စအတွက် (NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ ခေါင်းဆောင် ကိုမင်းကိုနိုင်တို့ ဟောပြောမှှုများ ပြုလုပ်ခဲ့ကြ သည်။ လတ်တလောတွင် (NLD) သည် မြို့နယ်ရုံးများကို အခြေခံဥပဒေပြင်ရေးကို ထောက်ခံသူများ၏ လက်မှတ်များ စတင်စုဆောင်းကြရန် ညွှန်ကြားထားသည်။
အခြေခံဥပဒေ၏ ပုဒ်မ ၄၃၆ ကို ပြင်ရန် အာရုံစိုက် ကြိုးပမ်းနေကြခြင်းဖြစ်သည်။ ပုဒ်မ ၄၃၆ အရဆိုလျှင် အခြေခံဥပဒေကို ပြင်လိုပါက လွှတ်တော်အားလုံးမှ ကိုယ်စားလှယ်အားလုံး၏ ရ၅ ရာခိုင်နှှုန်းကျော်က ပြင်ရန် သဘောတူလက်ခံမှသာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပ၍ မဲပေးခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ရမည်ဖြစ်သည်။ သို့သော် လွှတ်တော်တွင် စစ်ဘက်မှ ၂၅ ရာခိုင်နှုန်း အလိုအလျောက် နေရာရနေသဖြင့် အခြေခံဥပဒေပြင်ရေးကိစ္စတွင် ထိုစစ်ဘက်ကိုယ်စားလှယ်များက ဗီတိုဖြင့် ပယ်ချနိုင်သလို ဖြစ်နေသည်။ ထို့ပြင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်မလာအောင် တားဆီးထားသော အငြင်းပွားဖွယ်ရာ ပုဒ်မလည်း အခြေခံဥပဒေထဲတွင် ပါ၀င်နေသည်။
အခြေခံဥပဒေပြင်ရေး ဟောပြောပွဲများတွင် လူထုက အခြေခံဥပဒေပြင်နိုင်ရေးအတွက် စိတ်အားထက် သန်မှုရှိကြောင်း ပြသခဲ့သော်လည်း တကယ်လက်တွေ့ ပြင်နိုင်ရန်မှာ လွှတ်တော်က ထောက်ခံအတည်ပြုရန် လိုအပ်နေသည်။ အခြေခံ ဥပဒေအကြောင်းနှင့် ပတ်သတ်၍ အတိုက်အခံခေါင်းဆောင်များကဟောပြော ခဲ့သည်ကို လူအမြောက်အမြား လာရောက်နားထောင်ကြသည်မှာ အားရဖွယ်ကောင်းလှသော်လည်း၊ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး လက်တွေ့အကောင်အထည်ပေါ်လာရန် မလွယ်ကူသေးပေ။
အာဏာ၏ အဓိကဇက်ကြိုးများကို စစ်ဘက်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့၏ လက်ထဲသို့ ထည့်ပေးထားသော အခြေခံဥပဒေကို ပြင်ဆင်ပြောင်းလဲရေးနှင့် ပတ်သက်၍ လက်ရှိအာဏာရနေသူများက လိုက်လျောပေးလိုသည့် ဆန္ဒပြင်းပြပုံမရပေ။
မြန်မာလူထုနှင့် အတိုက်အခံများသည် ယခုကဲ့သို့ အကူအညီ လိုအပ်နေသော အချိန်မျိုးတွင် အာဆီယံအဖွဲ့ အား လှမ်းမျှော်ကြည့်မည်ဆိုပါကလည်း အားရစရာ သိပ်မရှိပေ။ အာဆီယံအဖွဲ့ကို ဖွဲ့စည်းခဲ့သည်မှာ ၄၅ နှစ်ကျော်လာပြီဖြစ်သော်လည်း ဒေသအတွက် မီးပြတိုက်တစ်ခုသဖွယ် လမ်းပြဦးဆောင်နိုင်ခြင်း မရှိသေးပေ။ ထိရောက်ကောင်းမွန်သော အုပ်ချုပ်မှု ဖြစ်လာရေးအတွက် ရုန်းကန်နေရသော နိုင်ငံများနှင့်အခြားအဖွဲ့ဝင် နိုင်ငံများ၏ ပြည်တွင်းရေးများကို ကြားဝင်ဆောင်ရွက်ရန် စိတ်မပါသောနိုင်ငံများ စုပေါင်းဖွဲ့စည်းထားသော၊ အသက်ဝင်မှု သိပ်မရှိသည့် အဖွဲ့အစည်းတစ်ခုအဖြစ် အာဆီယံကို ကမ္ဘာက ရှုမြင်ထားကြသည်။
ထို့ကြောင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ မတိုင်မီတွင် မြန်မာနိုင်ငံသားများသည် ဒီမိုကရေစီအသွင်း ပြောင်းရေး လှုပ်ရှားမှုတွင် အာဆီယံ၏ အားပေးကူညီမှုကို များစွာမျှော်ကိုးနိုင်မည် မဟုတ်ပေ။ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်တို့၏ ဒီမိုကရေစီရေး ရုန်းကန်ခဲ့မှုများထံမှ သင်ခန်းစာ ယူစရာများတော့ ရကောင်းရပေလိမ့် မည်။ သို့ရာတွင် မြန်မာနိုင်ငံအတွင်း အုပ်ချုပ်ပုံ ပြောင်းလဲလာရေးအတွက် မြန်မာနိုင်ငံသားများက ကိုယ့်အား ကိုယ်ကိုး ကြိုးပမ်းရမည်ဆိုသည့်အချက်နှင့် အဓိပ္ပာယ်ရှိသော ပြောင်းလဲမှုများ ဖော်ဆောင်ပြဋ္ဌာန်းနိုင် ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များကို အားကိုးနေရဦးမည် ဆိုသည့်အချက်များမှာ ခက်ခဲကြမ်း တမ်းသော အမှန်တရားပင် ဖြစ်ပါသည်။ ပြုပြင်ပြောင်းလဲမှု ဖော်ဆောင်ရေးနှင့် ပတ်သက်၍ စစ်ဗိုလ်ချုပ်ဟောင်းများထံတွင် စိုးရိမ်စိတ်များရှိနေခြင်းနှင့် လွှတ်တော်တွင် တပ်မတော်က ဗီတိုအာဏာကဲ့သိုသော အခွင့်အရေးမျိုးရှိနေခြင်းတို့ကြောင့် ၂၀၁၅ ရွေးကောက်ပွဲအမီ အခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲရေးမှာ ခက်ခဲလိမ့်မည်ဟု ထင်မြင်ယူဆရပါသည်။