မေလ ၂၂ ရက်နေ့တွင် ထိုင်းစစ်တပ်အာဏာသိမ်းပြီး ထိုင်းမြန်မာနယ်စပ်ဖြတ်ကျော်ဂိတ်များ ယာယီပိတ်ဆို့ထားသောကြောင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးရပ်တန့်သည့် အခြေအနေရှိနေကြောင်း တွေ့မြင်နေရသည်။
ထိုင်း-မြန်မာနယ်စပ်အဝင်အထွက်လမ်းများဖြစ်ကြသည့် မြဝတီ-မဲဆောက်၊ တာချီလိတ်-ချင်းရိုင်၊ ကော့ သောင်း- ရနောင်းနှင့် ဘုရားသုံးဆူ-စံခလပူရီရှိ နယ်စပ်ဖြတ်ကျော်ဂိတ်များနှင့် တရားမဝင်ဖြတ်ကျော်နိုင် သည့်လမ်းကြောင်းများအားလုံးတွင် စစ်တပ်များချထားပြီး ဝင်ထွက်သွားလာမှုကို လုံခြုံရေးအရ ယာယီပိတ်ဆို့ထားသည်ဟု ဆိုသည်။
ထိုင်းနိုင်ငံသားအတွင်းယာယီနေထိုင်ခွင့်ရှိသည့် မှတ်ပုံတင်ရှိမှသာလျှင် ခွင့်တောင်း၍ဖြတ်သန်းသွားလာ နိုင်သော်လည်း ယာယီ Passport နှင့် နိုင်ငံကူးမှတ်ကိုင်ဆောင်ထားသူများ ဖြတ်သန်းသွားလာခွင့်မရှိကြောင်း စံခလပူရီမြို့နေ နိုင်ကဆော့မွန် ကပြောသည်။
သူက “သူတို့နယ်စပ်ဂိတ်များကိုပိတ်လိုက်ရတဲ့ရည်ရွယ်ချက်ကတော့ အာဏာသိမ်းမှုအပြီးမှာ သူတို့ဆင့်ခေါ် ထားတဲ့ နိုင်ငံရေးမှာပါဝင်လှုပ်ရှားနေတဲ့ လူတွေရှိတယ်၊ အဲဒီလူတွေ နယ်စပ်ဘက်ကိုထွက်ပြေးသွားမှာစိုးလို့ အခုလိုပိတ်လိုက်ရတယ်လို့ဆိုတယ်၊ နေစဉ် ဟိုဘက်ဒီဘက် သွားလာနေတဲ့ကုန်တင်ကားတွေကိုလည်း အခုရပ်နားခိုင်းထားပါတယ်” ဟု ပြောသည်။
တိုင်းပြည်စီမံခန့်ခွဲရေးအတွက် စစ်တပ်အာဏာသိမ်းခေါင်းဆောင် စစ်ဦးစီးချူပ် ဗိုလ်ချူပ်ကြီး ဖရာယုချန်အို ချာ(Prayuth Chan-ocha)က ဘုရင်၏ထောက်ခံမှုဖြင့် စစ်ကောင်စီအကြီးအကဲရာထူးနှင့် လုပ်ပိုင်ခွင့်များ ကို ယမန်နေ့က ရရှိခဲ့ကြောင်း ထိုင်းမီဒီယာများက ဖေါ်ပြသည်။
နယ်စပ်ဒေသရှိ နယ်စပ်ဖြတ်ကျော်ဂိတ်များနှင့် ဖြတ်သန်းသွားလာခွင့်များအား ယာယီပိတ်ဆို့ထားမှုနှင့်ပတ် သက်၍ National Peace and Order Maintaining Council မှ အမှတ် ၈/၂၅၅၇ ဖြင့် ကြေညာ ချက်တစ်စောင် ထုတ်ပြန်ထားကြောင်းသိရသည်။
ယင်းထုတ်ပြန်ချက်တွင် ” ထိုင်းနိုင်ငံသားများအား ပြည်ပသို့ထွက်ခွာခွင့်မပြု၊ တခြားအရေးကြီးကိစ္စများ ဥပမာ- မဖြစ်မနေပြည်တွင်းပြည်ပထွက်ခွာခြင်း၊ ရုံးဝန်ထမ်းများ အလုပ်ကိစ္စနှင့်ထွက်ခွာခြင်း၊ အရေးပေါ်လူနာပို့ ဆောင်ခြင်းနှင့် အခြားသော ပုဂ္ဂိုလ်ရေးအတွက် ပြည်ပသို့ထွက်ခွာလိုပါက ဒေသအတွင်းအုပ်ချူပ်တာဝန်ယူ နေသည့် စစ်တာဝန်ခံများထံသို့ ခွင့်တောင်းရမည်” ဟု ရေးသား ဖေါ်ပြထားသည်။
ထိုင်းစစ်တပ်အာဏာသိမ်းမှုတွင် လူအများမစုဝေးရဟု အမိန့်ထုတ်တားမြစ်ထားသော်လည်းထိုင်းနိုင်ငံအရပ် ရပ် တွင် ထိုစစ်တပ်အာဏာသိမ်းမှုအား ဆန့်ကျင်ဆန္ဒပြနေကြသည့် ဆန္ဒပြသမားများနှင့် လုခြုံရေးတပ်ဖွဲ့များ အကြား အကြမ်းဖက်မှုများနှင့် တိုက်ခိုက်မှုများရှိခဲ့ကြောင်း၊ ထိုင်းနိုင်ငံတောင်ပိုင်းဒေသတွင်လည်းဗုံးပေါက်ကွဲ ၍ လူ ၁၃ ဦးသေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရှိခဲ့ကြောင်း သိရသည်။
စစ်တပ်အာဏာသိမ်းမှုအပြီး ဖမ်းဆီးထိန်းချူပ်ခံခဲ့ရသည့် ဝန်ကြီးချူပ်ဟောင်း ယင်းလက်ရှင်နာဝပ်အား ပြီးခဲ့ သည့် မေလ ၂၅ ရက်နေ့တွင် အိမ်ပြန်ခွင့်ပေးလိုက်သည့်သကဲ့သို့ အစိုးရအတိုက်အခံ ဆန္ဒပြခေါင်းဆောင် ဆူထစ်သောင်ဆုဘန်နှင့် အကြီးတန်းခေါင်းဆောင် ၄ ဦးကိုလည်း ယမန်နေ့နံနက်ပိုင်း၌ ပြန်လွှတ်ခဲ့ကြောင်း သိရသည်။
မေ ၂၀ရက်နေ့က ထိုင်းစစ်တပ်၏ မာရှယ်လောထုတ်ပြန်အပြီး မေလ ၂၂ရက်နေ့၊ ညနေ ၅နာရီ၌ စစ်တပ်က အာဏာသိမ်းကြောင်း၊ ညမထွက်ရ(ကာဖျူး)အမိန့်နှင့် လူငါးဦးထက် ပိုမစုရ(မာရှယ်လော)အမိန့် ထုတ်ပြန်ထားသောကြောင့် ည ၁၀နာရီမှ နံနက် ၅ နာရီအထိ အပြင်ထွက်ခွင့်မရှိသေးပေ။