မူလတန်းမှ အလယ်တန်းအထိ အခမဲ့ပညာရေးစနစ် စတင်ပြီ

မူလတန်းမှ အလယ်တန်းအထိ အခမဲ့ပညာရေးစနစ် စတင်ပြီ
by -
မွန်အေဂျင်စီ

၂၀၁၄ – ၂၀၁၅ ခုနှစ် ပညာရေးစနစ်မှ စတင်ကာ၊ အခြေခံပညာမူလတန်းမှ အလယ်တန်းအထိ အစိုးရစာသင် ကျောင်းများတွင် အခမဲ့ပညာရေးစနစ် စတင်အကောင်အထည်ဖေါ်နေကြောင်း အစိုးရမီဒီယာများတွင် ဖော်ပြထားသည်။

ကျောင်းနေအရွယ် ကလေးများ ကျောင်းနေမှုနှုန်းမြင့်မားလာစေရန်၊ ပညာရေးတစ်ပိုင်းတစ်စဖြင့် ကျောင်းထွက်လိုက်ရသည့် ကလေးအရေအတွက်နည်းပါးသွားစေရန် ရည်ရွယ်ပြီး အခမဲ့ပညာရေးစနစ်ကို သတ်မှတ်လိုက်သည်ဟု ဆိုသည်။

elementary school mon state

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၊ အ-ထ-က(၁) ကျောင်း အလယ်တန်းပြ ဆရာမ ဒေါ်ရီရီဌေး က "မူလတန်းကနေ အလယ်တန်းအထိ ကျောင်းအပ်လက်ခံတဲ့ အခန်းတိုင်းမှာ A4 စာရွက်နဲ့ ကျောင်းအပ်လက်ခံရန် အခမဲ့ ရေးပြီးကပ်ထားတယ်” ဟုပြောသည်။

မေလ ၂၆ မှ ၃၀ ရက်နေ့ထိ ကျောင်းအပ်နှံနိုင်ပြီး အားကစားကြေး၊ စာကြည့်တိုက်ကြေး၊ ကျောင်းရန်ပုံငွေ၊ စာရေးကိရိယာကြေး၊ မိဘဆရာအသင်းဝင်ကြေး၊ ကျောင်းတိုးချဲ့ရန် အဆောက်အဦးကြေး ကောက်ခံခြင်းမရှိ ဟု ဆရာမ ဒေါ်ရီရီဌေး က ဆိုသည်။

သံဖြူဇရပ်မြို့နယ်၊ ပငရွာနေ ကျောင်းသားမိဘ ဦးစိုးမိုးက “ဘာကြေးမှမပေးရပါဘူး၊ ပုံနှိပ်စာအုပ်ဘာသာ စုံတော့ ရထားပြီးပြီ၊ အလယ်တန်းပါ အခမဲ့ စာအုပ်ပေးတယ်ဆိုတော့ တစ်ချို့ ငွေကြေးမတတ်နိုင်တဲ့ ကလေးတွေအတွက် ပိုပြီးအဆင်ပြေပါတယ်” ဟု ပြောသည်။

တစ်နိုင်ငံလုံး အတိုင်းအတာ ကျောင်းဖွင့်ရက်ကို ဇွန်လ (၂) ရက်နေ့ဖြင့်သတ်မှတ်ထားပြီး မူလတန်းကျောင်း သား/သူများကို ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဘလာစာအုပ် (၆) အုပ်နှင့် ငွေသား (၁၀ဝဝ) ကျပ်စီထောက်ပံ့ပေး သွား မည်ဟု ယနေ့ထုတ်မြန်မာ့အလင်းသတင်းစာ အယ်ဒီတာ့အာဘော်တွင် ဖတ်ရှုခဲ့ရသည်။

သို့ရာတွင် သံဖြူဇရပ်မြို့နေ၊ မူလတန်းကျောင်းသားမိဘ ဒေါ်မြင့်မြင့်သန်းက ” ကျောင်းသုံးပုံနှိပ်စာအုပ် တော့ရတယ်၊ ဗလာစာအုပ်၊ ထောက်ပံ့ငွေတော့မရပါ” ဟု ပြောသည်။

၂၀၁၂ ခုနှစ်တွင်ထုတ်ပြန်သော အစိုးရပညာရေးဌာနစာရင်းအရ မွန်ပြည်နယ်အတွင်း အထက်တန်းကျောင်း ၆၇ ကျောင်း၊ အလယ်တန်းကျောင်း ၉၂ ကျောင်း၊ မူလတန်းကျောင်း ၁၂၀၄ ကျောင်းနှင့် မူလတန်းလွန် ကျောင်း ၁၇၁ ကျောင်းရှိသည်ဟု သိရသည်။

Most read this week