မေလ ၂၇ ရက် ညနေ ၃ နာရီ ကစ၍ သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် လေပြင်း မုန်တိုင်း တိုက်ခတ်ရာ နေအိမ်များ ပြိုကျ ပျက်စီး ဆုံးရှုံးမှု ရှိခဲ့ကြောင်း ကျိုင်းတုံ ဒေသခံ များက ပြောသည်။
“ ညနေ ၃ နာရီခွဲကစပြီး လေဝင်တယ်။ တနာရီကျော်ကျော်လောက် လေရော မိုးရော ပြင်းပြင်းထန်ထန် ကျတယ်။ မြို့တွင်းရပ်ကွက်တွေထိခိုက်ပျက်စီးမှုများတယ်။ မြို့ပြင်ကျေးလက်က အဲလောက်မဟုတ်ဘူး။ စွမ်ဆတ် တောင်အတက်လမ်းမှာရှိတဲ့ ကျိန်းခုမ်ရပ်ကွက်မှာအိမ်ပြိုတာရှိတယ်။ အိမ်ခေါင်မိုးတွေ လေနဲ့လွင့်ပါသွားတာရှိတယ်။ နွဲ့နော ရပ်ကွက်မှာ သက်တမ်းရင့်ညောင်ပင်ကြီး ကျိုးတယ်။ လူတော့ သေကြေထိခိုက်မှုမရှိပါဘူး” ဟု ကျိုင်းတုံမြို့ခံ စိုင်းဆာမ်က သျှမ်းသံတော်ဆင့် အား ပြောသည်။
ယနေ့လေပြင်းမုန်တိုင်းတိုက်ခတ်စဉ် မိုးသီးကြွေကျမှုမရှိကြောင်း၊ လျှပ်စစ်မီးတိုင်များကျိုးကျ ပျက်စီးသဖြင့် တညလုံးမီးပြတ်တောက် နေကြောင်းလည်း ဆိုပါသည်။
မြို့တွင်းလမ်းမများပေါ်တွင် ဒူးခေါင်းအထိ ရေများလွှမ်းနေဆဲဖြစ်ကြောင်း စိုင်းဆာမ်က ပြောပါသည်။
သျှမ်းပြည်အရှေ့ပိုင်း၏ မြို့တော်ဖြစ်သော ကျိုင်းတုံမြို့သည် ယခင်က စိမ်းလန်းသာယာဆုံးမြို့တမြို့ ဖြစ်ခဲ့ဖူးသည်။ သို့သော် သဘာဝ ပျက်စီးမှု သစ်တောပြုန်းတီးမှုများ ဖြစ်ပေါ်လာသည့် ၄-၅ နှစ် အတွင်း သဘာဝ ဘေးအန္တရာယ်များ အဆက်အပြတ် ကြုံတွေ့ခံစားခဲ့ရကြောင်း ယမန်နှစ်ကလည်း တောင်ကျ ချောင်း ရေ ကြောင့် မြို့တွင်းရေလွှမ်းကာ မြို့ပြင်လယ်ယာမြေဧကပေါင်းမြောက်များစွာ ပျက်စီးခဲ့ရကြောင်း သဘာဝပတ်ဝန်းကျင်မြတ်နိုးသူ ကျိုင်းတုံမြို့ခံ လူငယ်များကပြောသည်။