ကေအိုင်အေနှင့် အစိုးရတပ်တို့အကြား ဧပြီလက တိုက်ပွဲများကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ဝိုင်းဆိုင်မြို့နယ်အတွင်းရှိ ကျေးရွာများမှ မူဆယ်မြို့နယ်အတွင်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် ကချင်စစ်ပြေးဒုက္ခသည် ၅ဝဝထဲမှ ၁ဝဝကျော်ကို နေရပ်သို့ ပြန်လည်နေထိုင်ရန် စီစဉ်ပေးနေပြီဟု ဒုက္ခသည်များကို လာရောက်ခေါ်ယူသူ ဝိုင်းဆိုင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလဘန်ကျော်အောင်က မဇ္စျိမကို ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ဝိန်းဆိုင်မြို့နယ်အတွင်းရှိ ဝိန်းဆိုင်၊ ဟိုပန်၊ ခါနန်၊ ဘန်ကမ်း စသည့် ကျေးရွာများမှ အိမ်ထောင်စု ၄၃ စုမှ စစ်ပြေး ဒုက္ခသည် ပေါင်း ၁ဝဝ ကျော်ကို မေလ ၂၆ ရက်တွင် မိမိနေရပ်သို့ပြန်နိုင်ရေး အတွက် ကားများ စီစဉ်ပေးနေသည် ဦးလဘန် ဂျော်အောင်က ပြောသည်။
“ပြန်ချင်တဲ့လူ ဘယ်လောက်ရှိ မရှိဆိုတာနဲ့ ပတ်သက်လို့ မနေ့ညက ကျွန်တော်တို့ အစည်းဝေးထိုင်ကြတယ်။ ကျွန်တော်တို့ ပြန်ချင်တဲ့ လူတွေကို စာရင်းယူတယ်။ ဒီနေ့တော့ ကားတွေ ခေါ်ပေးတယ်။ မနေ့ကအထိ ပြန်ချင်တဲ့လူတွေ စာရင်းရတာက အိမ်ထောင်စု ၄၃ ရှိတယ်။ ခုန စာရင်းမထည့်သေးတဲ့ လူတွေလည်း ရှိသေးတယ်”ဟု သူက မဇ္စျိမကို ပြောသည်။
ဝိန်းဆိုင်အုပ်ချုပ်ရေးမှူး အပါအဝင် ဘာသာရေးဆရာများက မိမိနေရပ်သို့ ပြန်မည့် အဆိုပါ စစ်ပြေးဒုက္ခသည် များကို လာရောက် ခေါ်ယူခြင်း ဖြစ်ပြီး လက်ရှိ KBC နှစ်ခြင်းခရစ်ယာန် ကယ်ဆယ်ရေး စခန်းတွင် စစ်ပြေးဒုက္ခသည် ၃ဝဝ ကျော် ခိုလှုံနေဆဲ ဖြစ်သည်ဟု သူက ဆက်ပြောသည်။
“ဟိုမှာ ဘာမှ လုပ်စရာမရှိ စားစရာမရှိတဲ့လူတွေက ဒီမှာ နေရအုန်းမယ်”ဟု သူက ဆက်ပြောသည်။
စစ်ပြေးဒုက္ခသည်များ မိမိနေရပ်သို့ မပြန်လိုသော်လည်း ကျေးရွာ အုပ်ချုပ်ရေးမှူးများက တိုက်ပွဲ ဖြစ်ပွားခြင်း မရှိတော့ဟု ဆိုကာ ပြန်လည်ခေါ်ဆောင်သဖြင့် ပြန်ရခြင်းလည်း ဖြစ်သည်ဟု စစ်ပြေးဒုက္ခသည်များအရေး လိုက်ပါဆောက်ရွက်ပေးသူ ကချင်လူငယ်အဖွဲ့မှ ဒေါ်လမိုင်ကော့က ပြောသည်။
လတ်တလော အစိုးရနှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ)တို့ တိုက်ပွဲ ဖြစ်ပွားခြင်း မရှိတော့သော်လည်း ဝိန်းဆိုင်မြို့နယ်အတွင်း အစိုးရ၏ မုံးကိုး စစ်ဗျူဟာ လက်အောက်ခံ ၂၃၂ တပ်များ အခြေချ လှုပ်ရှားနေဆဲ ဖြစ်သည်ဟု အဆိုပါ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလဘန်ဂျော်အောင်က ပြောသည်။