ကယားပြည်နယ်၊ ဖရူးဆိုးမြို့နယ် ဆိုလျားကူးကျေးရွာရှိ အာစီ(RC) ခရစ်ယာန် ဘုရားကျောင်းတွင် အသိမ်းခံထားရသည့် တပ်ပိုင်မြေများပြန်လည်ရရှိရန် ဘာသာရေး ထုံးတမ်းစဉ်လာအရ ၀တ်ပြုနေချိန်တွင် အုပ်ချုပ်ရေးမှူးမှ ဆင့်ခေါ်ခဲ့သည်ဟု အဆိုပါဖြစ်စဉ်တွင်ပါ၀င်သူ ဦးတူရယ်က ပြောသည်။
မေ ၂၅ ရက် မနက် ၈နာရီမှ ၉နာရီခွဲ အချိန်ထိ လူဦးရေ ၄၀၀ ခန့်ပါ၀င်သော ပြည်သူလူထုမှ သိမ်းဆည်းခံ လယ်ယာမြေ များပြန်လည်ရရှိရန် ဆုတောင်းခဲ့ခြင်းဖြစ်သည်။
“ပထမခေါ်တော့ ရပ်ရွာဖွံ့ဖြိုးရေး လုပ်ငန်းတွေ ဆွေးနွေးချင်လို့တဲ့။ ကျန်းမာရေး၊ ပညာရေးအဲ့ကိစ္စတွေ ဆွေးနွေဖို့ လို့ပြောပါတယ်။ ဟိုရောက်တော့ အဲ့ဒီမြေတွေကို တပ်ပိုင်မြေဖြစ်ကြောင်းလက်မှတ် ရေးထိုး ခိုင်းပါတယ်။ အဲဒါနဲ့ ကျွန်တော်တို့ လက်မှတ်မထိုးနိုင်ဘူးပြောပြီး ပြန်လာခဲ့တာပါ” ဟု ကိုတူးရယ်က ပြောသည်။
လယ်သမား ၁၀၉ ယောက်ပိုင်ဆိုင်သောလယ် ၁၂၈၉ ဧကကို ခမရ (၅၃၁) ကသိမ်းယူထားခြင်းဖြစ်ပြီး စိုက်ပျိုးချိန် အမီလယ်ယာလုပ်ကိုင်နိုင်ရန် လိုအပ်နေသည်ဟု လယ်သိမ်းခံတောင်သူများက ဆိုသည်။
အဆိုပါကိစ္စအားအမြန်ဆုံးဖြေရှင်းပေးရန် အကူအညီတောင်းခံစာကို မေ ၂၀ ရက် ရက်စွဲဖြင့် မြို့နယ် ရဲ တပ်ဖွဲ့၊ ခရိုင် ရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးမှူးရုံး၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ကယားပြည်နယ် ၀န်ကြီးချုပ်ရုံး၊ ကရင်နီ အမျိုးသားတိုးတက် ရေးပါတီ (KNPP) ဆက်ဆံရေး ရုံးများသို့ ပေးပို့ထားသည်။
ဖရူးဆိုးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးရယ်က “အဲ့ဒီမြေတွေက ပြည်သူပိုင်မြေတွေပါ။ တပ်ပိုင်မြေဆိုတာကို ကျွန်တော်လည်း လုံးဝလက်မခံပါဘူး။ သူတို့လုပ်ပိုင်ခွင့်ရတဲ့အချိန်မှာ သိမ်းယူထား တာပါ” ဟု ပြောသည်။
ဆိုလျားကူးကျေးရွာလယ်ယာမြေပြဿနှင့် ပတ်သက်၍ အစိုးရထံ စာတင်ထားသော်လည်း ယနေ့တိုင် တစ်စုံတစ်ရာ ထူးခြားမှုမရှိသေးဟု ၎င်းက ဆက်လက်ပြောကြားသည်။
လယ်သိမ်းခံတောင်သူများအနေဖြင့်လည်း ဖြေရှင်းပေးမှု တစ်စုံတစ်ရာမရရှိပါက ထွန်တုံးတိုက်ပွဲဝင်သွား မည်ဖြစ်သည်ဟု တောင်သူများက ဆိုသည်။
ဘာသာရေးထုံးတမ်းစဉ်လာအရ ၀တ်ပြုဆုတောင်းစဉ် အုပ်ချုပ်ရေးမှူးမှ ဆင့်ခေါ်ခဲ့သည့်ဖြစ်ရပ်နှင့်ပတ်သက်၍ ဖရူးဆိုးမြို့နယ် အုပ်ချုပ်ရေးမှူးထံသို့ မဇ္ဈိမက ဆက်သွယ်ခဲ့သော်လည်း တစ်စုံတစ်ရာ မှတ်ချက်ပြု ပြောဆိုခဲ့ခြင်းမရှိပေ။