ချင်းမီဒီယာများ သတင်းရေးမှုတွင် ဘက်လိုက်ရေးသားမှုများရှိဟု ချင်းလွှတ်တော်ဥက္ကဌပြော

ချင်းမီဒီယာများ သတင်းရေးမှုတွင် ဘက်လိုက်ရေးသားမှုများရှိဟု ချင်းလွှတ်တော်ဥက္ကဌပြော
by -
ခိုနူမ်းထုန်

ချင်းသတင်းသမားများအနေဖြင့် သတင်းရေးသား တင်ဆက်ရာတွင် ကိုယ်လိုရာစွဲပြီး တဖက်သတ် သတင်းရေးသားမှုများ ရှိနေသည်ဟု ချင်းပြည်နယ် လွှတ်တော် ဥက္ကဌ ဦးဟောင်ခင်းခမ်က ပြောသည်။

ချင်းပြည်နယ်မြို့တော် ဟားခါးမြို့ ချင်းခရစ်ယာန်ကောလိပ်မှာ မေလ ၂၁ ရက်နေ့မှ စတင်ကျင်းပသော ချင်းသတင်းသမား များ တွေ့ဆုံပွဲတွင် ချင်းပြည်နယ် လွှတ်တော် ကိုယ်စား တက်ရောက်လာသော လွှတ်တော်ဥက္ကဌက ချင်းမီဒီယာသတင်း သမားတွေထံ ယခုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ ရှင်းရှင်းပြောရရင် ချင်းမီဒီယာသမားတွေက ကိုယ်လိုရာစွဲပြီးတော့ ရေးတာများပါတယ်၊ ကျနော်ဖတ်သမျှ ဟားခါးပိုစ့်လည်း ဟားခါးလိုကျနော်သိပ်မရှင်းသော်လည်းဘဲ သူလိုချင်တာပြောတာလည်း ရှိတယ်လို့သိရတယ် အဲလိုဘဲ တီးတိန်ဘက်မှာလည်း သူလိုချင်တာဘဲ နင်းကန်ရေးပြီး စာပေဖြန့်ဝေလေ့ရှိပါတယ်၊ အဲဒါမျိူးမဟုတ်ဘဲနဲ့ အစိုးရလုပ်ငန်း လူထုသိရှိနိုင်အောင် လုပ်ရပါမယ်၊ အစိုးရက မှန်ကန်စွာလုပ်တယ်ဆိုရင် လူထုကသိရှိရပါမယ်၊ မမှန်ဘူးဆိုရင်လည်း လူထုကသိရှိရမယ်၊ အဖြစ်မှန် ကိုရေးပါ၊ မှန်ကန်သောအကြောင်းအရာကို လူထုကို သိစေပါ’’ ဟု လွှတ်တော်ဥက္ကဌကပြောသည်။

ချင်းမီဒီယာများအနေဖြင့် ချင်းပြည်နယ်အစိုးရ၊ ချင်းပြည်နယ်လွှတ်တော်ဆောင်ရွက်ချက်များ နှင့် ချင်းပြည်နယ်အတွင်း ဖြစ်ပျက်နေသော အကြောင်းအရာများကို မှန်မှန်ကန်ကန် ရေးသားကြမည်ဆိုပါက ချင်းပြည်နယ်၏ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုစေမည်ဖြစ်ကြောင်း သူကဆက်ပြောသည်။

ထို့အပြင် မီဒီယာလုပ်ငန်းကို လုပ်ကိုင်နေကြသော ချင်းသတင်းသမားများအနေဖြင့် နောင်တချိန် နိုင်ငံ၏ မျိူးဆက်သစ်များ ဖြစ်လာကြမည့် ချင်းလူငယ်များထံ မှန်ကန်သော အချက်အလက်၊ မှန်ကန်သော အတွေးအခေါ် မှန်ကန်သောစိတ်ဓာတ် ပွားများလာစေရေးအတွက် ရေးသားကြရန် တာဝန်ရှိသည်ဟုလည်း ၎င်းက ဆက်ပြောသည်။

ယခုကဲ့သို့ ချင်းမီဒီယာသမားများ ကိုယ်လိုရာစွဲပြီး သတင်းရေးသားနေကြသည်ဟု လွှတ်တော်ဥက္ကဌ၏ ပြောဆိုချက်အပေါ်  ချင်းမီဒီယာသမားများက လက်မခံကြောင်းသိရသည်။

မီဒီယာသမားများအနေဖြင့် သတင်းတစ်ခုတင်ဆက်သည့်နေရာတွင် ဘက်လိုက်မှုမရှိအောင်အတတ်နိုင် ဆုံးကြိုးစား တင်ပြ ကြကြောင်း၊ ဘက်လိုက်မှုမရှိအောင် ချင်းပြည်နယ် အစိုးရ တာဝန်ရှိသူတွေထံ ဆက်သွယ်မေးမြန်းမှုတွေပြုလုပ် လေ့ရှိကြသော်လည်း ကောင်းကောင်းမွန်မွန်ပြန် လည်ဖြေကြားမှု မရှိခြင်းကြောင့် တခါတရံတွင် အနီးစပ်ဆုံးသတင်း ရင်းမြစ်ကို အသုံးပြုကာ သတင်းရေးသားတင်ဆက် မှုများလည်းရှိသည်ဟု ချင်းဝေါလ်သတင်းဌာနမှ ဆလိုင်း ကျော်မိုးကပြောသည်။

“အများစုဖုန်းဆက်လို့ရှိရင် အစည်းအဝေးခန်းမထဲကိုရောက်တဲ့ဆိုပြီး အမြဲတမ်းကြားရတယ်၊ ကျနော်တို့က အနီးစပ်ဆုံး သူတို့အောက်ကတဆင့် ယူပြီးရေးတဲ့ ခါကြတော့ ၀န်ကြီးတွေကတော့ပြောတာပေါ့ သူတို့မသိဘူး ပြောရင်ပြောမှာပေါ့ ကျနော်တို့ကတော့ အနီးစပ်ဆုံး သူတို့ဆီကမရရင် ရတဲ့ကုတ်ကိုယူပြီးသုံး တယ်အတတ်နိုင်ဆုံး တိကျကျရေး ချင်တယ်၊ သတင်းရင်းမြစ်မရတဲ့အခါကျတော့ ဘယ်လိုမှအဆင်မပြေဘူး’’ ဟု ဆလိုင်းကျော်မိုးကပြောသည်။

ချင်းပြည်နယ်တွင် အပတ်စဉ်ထုတ် The Chinland Post အယ်ဒီတာချူပ် ဆလိုင်း မာန်ဟရဲလျန်ကလည်း လွှတ်တော် ဥက္ကဌ၏ပြောဆိုချက်နှင့် ပတ်သက်ပြီး ယခုကဲ့သို့ပြောဆိုသည်။

“အစိုးရကိစ္စနဲ့ပတ်သက်ပြီးတော့ သတင်းရေးတဲ့အချိန်မှာ ပြည်သူလူထုဘက်က သတင်းရတာလည်းရှိတယ်၊ သတင်းရေးတဲ့အခါမှာ အစိုးရရဲ့သတင်းရင်းမြစ်တွေလည်းပါအောင် အတတ်နိုင်ဆုံးမေးမြန်းပါတယ်၊ တခါတလေမှာ အအစိုးရဘက် တုံ့ပြန်မှုမလုပ်တာမျိူး၊ အထက်ကိုမေးမှဖြစ်မယ်ဆိုတာမျိူး အဲဒီချိန်မှာ သတင်းက လည်းရေးဖို့ လိုနေပြီ သူတို့ဘက်က ဖြေရှင်းချက်မျိူးမပေးတဲ့အခါကျတော့ တခါတလေ ဘက်လိုက်တဲ့သဘောမျိူးသက်ရောက်သွားတာလည်းရှိတယ်၊ အဲဒီလိုမျိူး ဘက်လိုက်မှု မျိူးမရှိရလေအောင် အစိုးရဘက် ကျနော်တို့ရဲ့မေးမြန်းချက်တွေကို ပွင့်ပွင့်လင်းလင်းနဲ့ ဖြေကြားပေးဖို့လိုပါတယ်’’ ဟု သူကပြောသည်။

မေလ ၂၁ ရက်မှ ၂၇ ရက်နေ့အထိ တစ်ပတ်ကြာ ကျင်းပမည့် ချင်းသတင်းသမားများတွေ့ဆုံပွဲကို ချင်းမီဒီယာ သမားများ အရည်အသွေးတိုးတက်လာစေရေး၊ တင်းမီဒီယာ လုပ်ငန်းပိုမိုအားကောင်းလာစေရေး၊ အချင်းချင်းအကြား ကောင်းမွန်သောကွန်ယက်ဖွဲ့စည်းနိုင်ရေးအတွက် ချင်းဂျာနယ်လစ်ကွန်ယက်အဖွဲ့မှ ဦးဆောင်ကျင်း ပခဲ့ခြင်းဖြစ် သည်။

ယင်းတွေ့ဆုံပွဲတွင် လက်ရှိမြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ဖက်ဒရယ်ပြည်ထောင်စုစနစ်၊ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စများကိုလည်း အဓိကဆွေးနွေးခဲ့ကြသည်။

ချင်းသတင်းသမားများတွေဆုံပွဲအခမ်းအနားကို ၂၀၁၂ ခုနှစ်က ထန်တလန်မြို့တွင်တကြိမ်၊ ၂၀၁၃ က ဖလမ်းမြို့မှာ တကြိမ် အသီးသီးကျင်းပခဲ့ကြပြီးဖြစ်သည်။ ယခု ဟားခါးတွင် ကျင်းပသော တတိယအကြိမ် မြောက် ချင်းသတင်းသမားများ တွေ့ဆုံပွဲတွင် ပြည်တွင်းပြည်ပရှိ ချင်းသတင်းသမားများ စုစုပေါင်း ၆၀ ကျာ်တက်ရောက် ခဲ့ကြသည်။