ငြိမ်းချမ်းရေး ဆိုင်ရာ အရပ်ဘက် အဖွဲ့အစည်းများ အခန်း ကဏ္ဍ ဆွေးနွေးပွဲ တောင်ကြီးမြို့ တွင် ကျင်းပ

ငြိမ်းချမ်းရေး ဆိုင်ရာ အရပ်ဘက် အဖွဲ့အစည်းများ အခန်း ကဏ္ဍ ဆွေးနွေးပွဲ တောင်ကြီးမြို့ တွင် ကျင်းပ
by -
သျှမ်းသံတော်ဆင့်

တောင်ကြီးမြို့  စိန့်ဂျိုးဇက် အောက်မေ့ဘွယ် ဓမ္မာရုံ ခန်းမတွင် မျိုးဆက်သစ်(ရှမ်းပြည်) ၊BCN (Burma Campaign Netherlands ) နှင့်အလင်းသစ် အဖွဲ့မှ ပူးပေါင်း၍  ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ အရပ်ဘက် လူ့အဖွဲ့ အစည်းများ ၏အခန်းကဏ္ဍ အလုပ်ရုံ ဆွေးနွေးပွဲ အားမေလ(၂၀)ရက်နေ့မှ (၂၂) ရက်နေ့အထိ ကျင်းပခဲ့သည်။

ငြိမ်းချမ်းရေးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများအခန်းကဏ္ဍဆွေးနွေးပွဲ

သျှမ်းပြည်နယ် အရှေ့ပိုင်း၊ တောင်ပိုင်း၊ မြှောက်ပိုင်းရှိလူမှုအဖွဲ့အစည်းအသီးသီး နှင့်စာပေယဉ်ကျေးမှု အသင်းအဖွဲ့(၅၈)ဖွဲ့မှ ကိုယ်စားလှယ်ပေါင်း(၁၃၃)ဦးတို့က ငြိမ်းချမ်းရေး ၊တရားဥပဒေစိုးမိုးရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေးနှင့် အမျိုးသမီး များ၏အခန်းကဏ္ဍ အစရှိသော ခေါင်းစဉ်များဖြင့် အကျယ်တဝင့်ဆွေးနွေးကြသည်။

ဆွေးနွေးပွဲနောက်ဆုံးနေ့ဖြစ်သော မေလ(၂၂)ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင် စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ၊သျှမ်းပြည်လွတ်လပ်ရေးတပ်မတော် ၊ သျှမ်းပြည်နယ်မြောက်ပိုင်း ကျောင်းသားတပ်မတော် အင်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ၊ သျှမ်းပြည်နယ်အစိုးရ လျှပ်စစ်နှင့်စက်မှု လက်မှုဝန်ကြီး နှင့် စည်ပင်သာယာရေး ၀န်ကြီးတို့ကပွင့်ပွင့် လင်းလင်းပူးပေါင်းပါ၀င် ဆွေးနွေးသွားကြသည်။

ဆွေးနွေးပွဲနောက်ဆုံးရက် တွင် ကြေငြာချက်တစ်စောင်လည်း ထုတ်ပြန်ရာ- စစ်ပွဲများအား ချက်ချင်းရပ်စဲပြီး တိကျခိုင်မာသော အပစ်အခတ်ရပ်စဲရေးကို အလျင်အမြန် အကောင်အထည်ဖော်ဆောင်ရွက်ရန် ပထမအချက်ဖြစ်ပြီး  ငြိမ်းချမ်းရေးအတွက် အဟန့်အတားဖြစ်စေသော ဥပဒေများအားပြင်ဆင်ရန် နှင့် ပယ်ဖျက်ပေးရန်၊ ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းများတွင် အရပ်ဘက်လူ့အဖွဲ့အစည်းများ၏ ပါ၀င်ဆောင်ရွက်ခွင့်ကို အားပေးရန်၊ ငြိမ်းချမ်းပြီးဖွံ့ဖြိုးတိုးတက်သည့် ပြည်ထောင်စုမြန်မာနိုင်ငံဖြစ်ပေါ်လာရန် တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံး လက်ခံယုံကြည်သည့် အခြေခံဥပဒေပေါ်ပေါက်လာအောင် ဆောင်ရွက်ရန် တို့ကိုထည့်သွင်းထားသည်။

ငြိမ်းချမ်းရေးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများအခန်းကဏ္ဍဆွေးနွေးပွဲ

ထို့ပြင် နိုင်ငံရေး ၊ စီးပွားရေး နှင့် လူမှုရေးကိစ္စများတွင် အမျိုးသမီး နှင့် ကလေးငယ်များအား ခုတုံးလုပ်အသုံးချမှုများအား ထိရောက်စွာဟန့်တားအရေးယူဆောင်ရွက်ပေးရန်၊ တိုင်းရင်းသားဒေသများတွင် ကြီးထွားလာနေသော မူးယစ်ဆေးဝါးပြဿနာများအား ထိရောက်စွာ အရေးယူဆောင်ရွက်ပေးရန်နှင့် အရပ်ဖက်လူ့မှုအဖွဲ့အစည်းများအားပူးပေါင်း ပါဝင်ဆောင်ရွက်ခွင့်ပြုရန်၊ တိုင်းရင်းသားဒေသများတွင် သယံဇာတထုတ်လုပ်ခြင်း နှင့် စီမံကိန်းများအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာမှုရှိပြီး ဥပဒေ နှင့် အညီလုပ်ဆောင်ရန် ၊ ဒေသခံများနှင့် ပူးပေါင်းဆောင်ရွက်ရန် စသည်တို့ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ သောအလုပ်ရုံဆွေးနွေးပွဲမျိုးကို လာမည့် ဂျူလိုင်လအတွင်း လွိုကော်မြို့တွင် ထပ်မံ ကျင်းပ သွားရန်ရှိ ကြောင်းသိ ရှိရသည်။