(၂၀၀၈) အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စတွင် ပြဿနာတွေရှိနေသလို၊ တိုင်းရင်းသားလက်နက် ကိုင်အင်အား စုများနှင့် ဆွေးနွေး ရာတွင်လည်း အထစ်အငေါ့တွေ ပြွမ်းတီးနေသည်။ ထိုမပြေလည်မှုများသည် လက်ရှိ သမ္မတကြီး ဦးသိန်းစိန်၏ ကြံ့ဖွံ့အစိုးရ အပါ အဝင် အုပ်စိုးသူအစိုးရအဆက်ဆက်က စွဲကိုင်ပြောဆိုမြဲဖြစ်သည့် အတိုက်အခံ နိုင်ငံရေးပါတီများ/ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့အစည်းများ၏ ပါတီစွဲ၊ ဝါဒစွဲ၊ လူမျိုးစွဲများကြောင့်မဟုတ်။ ပြည်ပနိုင်ငံများ၏ သွေးထိုးလှုံ့ဆော်မှုကြောင့်လည်း မဟုတ် ချေ။
ယင်းသို့ ဖြစ်ပွားနေရသည့် ပြဿနာများ၊ အထစ်အငေါ့များ၏ ပင်မဇစ်မြစ်မှာ (၂၀၀၈) အခြေခံဥပဒေနှင့် ထို (၂၀၀၈) အခြေခံ ဥပဒေကို အလျော့မပေးစတမ်း ဆုပ်ကိုင်ထားကြသည့် ကြံ့ဖွံ့အစိုးရ၊ လွှတ်တော်နှင့် စစ်တပ်တို့ကြောင့်ပင်ဖြစ်သည်။
ကြံ့ဖွံ့အစိုးရ၊ လွှတ်တော်နှင့် စစ်တပ်တို့သည် (၂၀၀၈) အခြေခံဥပဒေကို အသေဆုပ်ကိုင်ထားပြီး အခြားသော နိုင်ငံရေး အင် အားစုများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအား (၂၀၀၈) အခြေခံဥပဒေဘောင်ထဲ သို့ ဇွတ်အတင်း သွတ်သွင်းနေ ကြသည့် သဘောထားနှင့် လက်တွေ့လုပ်ရပ်များကြောင့်လည်း ဖြစ်သည်။
ထိုသို့ ကြံ့ဖွံ့အစိုးရ၊ လွှတ်တော်နှင့် စစ်တပ်တို့သည် ထို (၂၀၀၈) အခြေခံဥပဒေကို အလျော့မပေးစတမ်း ဆုပ်ကိုင်ထားနေသမျှ ကာလပတ်လုံး မည်သည့်နိုင်ငံရေးအင်အားစုနှင့်မျှ နိုင်ငံရေးပြေလည်မှုအဖြေကို စားပွဲဝိုင်းပေါ်တွင် တန်းတူရည်တူ ဖြေရှင်းနိုင်/ အဖြေရှာနိုင်လိမ့်မည်ကား မဟုတ်ချေ။ ပြေလည်မှုရသည်ဟုဆို လျှင်လည်း တစ်ဖက်ပါတီ/အဖွဲ့အစည်းသည် လက်ရှိ ကြံ့ဖွံ့အစိုးရ ၏ မြှူဆွယ်အယုံသွင်း ခံရခြင်းကြောင့်သော်လည်းကောင်း (သို့တည်းမဟုတ်) သက်ဆိုင်ရာ ပါတီ/အဖွဲ့အစည်းကိုယ်တိုင်က အည့ံခံအလျော့ပေးခြင်း သော်လည်းကောင်း ဖြစ်ပေလိမ့်မည်။
ဤသို့သော ဖြစ်ရပ်များကို (ဖဆပလ)အစိုးရ၊ တော်လှန်ရေးကောင်စီအစိုးရ၊ (မဆလ) အစိုးရ၊ (နဝတ- နအဖ) စစ်အစိုးရတို့ အုပ်စိုးခဲ့သည့် ကာလအသီးသီးတွင် သက်ဆိုင်ရာ အာဏာရအစိုးရများထံ လက်နက်ချသွားကြသည့် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ် များက သက်သေခံနေပါသည်။ ပြည်တွင်းစစ်သည် တည်ရှိမြဲရှိနေပြီး မည်သည့်တိုင်းရင်းသားမျှ ဒီမိုကရေစီ၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် မရရှိခဲ့ပါ။
ထို့အပြင် ယနေ့ကာလ၌ အဖွဲ့အစည်းအချို့အား အခြားအဖွဲ့အစည်းများမတူဘဲ အခွင့်ထူးရရှိထား သယောင်ယောင်၊ အခွင့်ထူး ပေးအပ်ထားသယောင်ယောင် သမ္မတ၊ ကာချုပ် စသူတို့က ခေါ်ယူတွေ့ဆုံနေသည်မှာ မလုပ်သင့်မလုပ်ထိုက်သော အပြုအမူ တစ်ရပ်ကို မျက်နှာပြောင်တိုက် ပြုမူနေခြင်းသာဖြစ်သည်။ ခွဲခြားနှိမ့်ချမှုနှင့် သွေးခွဲမှုသာဖြစ်သည်။ ယင်းသို့သော လုပ်ရပ်မျိုးနှင့် ပတ်သက်၍ ဗိုလ်စိန်မှန်ကွင်း၌ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဟောပြောရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်က ယခုကဲ့သို့ ထောက်ပြပြီး သတိပေးစကား ပြောကြားခဲ့ပါသည်။
“တကယ်အဓိကကျတဲ့ ကိစ္စတွေတော့ မပြင်ဘဲနဲ့ ကျမတို့ကြားမှာ စိတ်ဝမ်းကွဲအောင်လို့ ဟိုဟာလေးပြင်ပေး မယ်။ ဒီဟာလေး ပြင်ပေးမယ်လုပ်တာဟာ တိုင်းပြည်အပေါ်မှာ စေတနာမဲ့တယ်လို့ ကျမက မြင်တယ်။ ဒါဟာ ကျမတို့နဲ့ တိုင်းရင်းသားတွေကြားမှာ လည်း စိတ်ဝမ်းကွဲအောင်လုပ်တယ်လို့ ကျမမြင်တယ်”
“ဘာဖြစ်လို့လဲဆိုတော့ တချို့က ၄၃၆ကို ပြင်ချင်နေတာ၊ ၅၉ကိုပြင်ချင်နေတာ ဗမာတွေက ဗမာတွေအတွက် လုပ်နေတာ ဒါထက်ပိုပြီး ပြောလိုက်မယ်ဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၁၅ ရွေးကောက်ပွဲကို နိုင်ချင်လို့လုပ်နေတာ အဲဒီလိုပြော တာတွေ ရှိတယ်။ ဒါ တိုင်းရင်းသားတွေရဲ့အရေး မပါဘူး။ တိုင်းရင်းသားတွေဖက်တော့ လှည့်မကြည့်ဘူး”
“ဒီလိုသွေးခွဲတဲ့စကားတွေ ပြောနေတာကို ကျမတို့ အများကြီး သတိထားရမယ်”
“ဘာဖြစ်လို့လဲဆိုတော့ ကျမတို့တိုင်းရင်းသားတွေက ဘာလိုချင်လဲ၊ စစ်မှန်တဲ့ ဒီမိုကရေစီပြည်ထောင်စုပဲ လိုချင်တယ်။ စစ်မှန် တဲ့ ဒီမိုကရေစီပြည်ထောင်စုဆိုတာ ဖက်ဒရယ်မူကို အခြေခံတဲ့ပြည်ထောင်စု၊ ဒီဖက်ဒရယ်မူနဲ့ ပတ်သက်လို့ ကျမတို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က တစိုက်မတ်မတ် ကာကွယ်ခဲ့တယ်၊ ထောက်ခံခဲ့တယ်”
လက်ရှိ ကြံ့ဖွံ့အစိုးရအနေဖြင့် တိုင်းရင်းသားအင်အားစုများအား “ဒို့တာဝန်အရေးသုံးပါး”နှင့် “ခွဲမထွက်ရေး”ကို ဇွတ်အတင်း တောင်းဆို လက်မှတ်ရေးထိုးခိုင်းနေသော်လည်း၊ စစ်မှန်သောပြည်ထောင်စု (ဝါ) ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အတွက် လက်တွေ့ကျပြီး အာမခံချက်ရှိသည့် မည်သည့်သဘော ထား၊ မူ၊ ပေါ်လစီကိုမျှ ကြံ့ဖွံ့အစိုးရအဖွဲ့အနေဖြင့်သော်လည်း ကောင်း၊ သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌ၊ ကာချုပ်တို့အနေဖြင့်သော်လည်းကောင်း ထုတ်ပြန်ကြေညာခြင်း၊ ထုတ်ဖော်ပြောဆိုခြင်း (လုံးဝ) လုံးဝမရှိပါ။
“ဖက်ဒရယ်တပ်မတော်၊ ပြည်ထောင်စုတပ်မတော်ဖွဲ့စည်းရန်” တိုင်းရင်းသားလက်နက်ကိုင်အင်အားစု များဘက်မှ တောင်းဆိုလာ သည့်အခါမှသာ လက်ရှိစစ်တပ်သည် ချက်ချင်းလက်ငင်း “ပြည်ထောင်စုတပ်မတော်”ဖြစ်ကြောင်း ပြောကြားနေသည်မှာလည်း ရိုးသားမှုမရှိသည့် အပြုအမူတစ်ရပ်ပင် ဖြစ်ပါသည်။
တကယ်တော့ “နိုင်ငံရေးယဉ်ကျေးမှု” ဆိုသည်မှာ နိုင်ငံရေးရေးအရ အဖွဲ့အစည်း တစ်ခုနှင့်တစ်ခု တန်းတူရည်တူ ဆွေးနွေးဖြေ ရှင်းခြင်း၊ အဖြေရှာခြင်းသာလျှင် ဖြစ်သည်။ ယင်းသို့သော နည်းလမ်းဖြင့် ဖြေရှင်းမှသာလျှင် ရေရှည််အာမခံချက်ရှိသော အဖြေ ကောင်း၊ ရလဒ်ကောင်းကို ရရှိနိုင်ပေလိမ့်မည်။
ယခုကဲ့သို့ အဖွဲ့အစည်းတစ်ခု (သို့မဟုတ်) လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်စီအား သီးခြားခွဲထုတ်ဆက်ဆံ နေသည့်လုပ်ရပ်မျိုးဖြင့် အရှည်တည်တံ့ခိုင်မြဲသည့် နိုင်ငံရေးရလဒ်ကောင်းကို ရှာဖွေနိုင်လိမ့် မည်မဟုတ်ပါ။
ယနေ့အခါတွင် “လွှတ်တော်တွင်းဖြေရှင်းမှု”ဆိုသည်ကလည်း ဒီမိုကရေစီစံနှုန်းပြည့်ဝပြီး ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက် ရေးခရီးသည် အင်မတန်မှ ဝေးကွာလှသည်ဟူသော အချက်မှာ ပီပြင်သည် ထက်ပီပြင်၊ ထင်ရှားသည်ထက် ထင်ရှားလာနေပြီ ဖြစ်သည်။
ထို့အပြင် တစ်ချိန်က “အမျိုးသားဒီမိုကရေစီတော်လှန်ရေး”၊ “ပြည်သူ့ဒီမိုကရေစီတော်လှန်ရေး” အောင်လံလွှင့်ထူခဲ့ကြဖူးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့ / ခွဲထွက်ကြသူအချို့မှာ ကြံ့ဖွံ့အစိုးရနှင့်စစ်တပ်ထံ “သစ္စာခံများ”အဖြစ် အသွင် ပြောင်းခဲ့ကြသည်။ သူတို့တစ်ဦးချင်း အမြင့်ဆုံးရသည်မှာ “ဂုဏ်ထူးဆောင် ပြန်တမ်းဝင်ဗိုလ်မှူးကြီး” အဆင့်သာဖြစ်ပြီး အဖွဲ့အ စည်းအလိုက် အမြင့်ဆုံးရသည့် အဆင့်နေရာမှာမူ “နယ်ခြားစောင့်တပ်(BGF)နှင့် ပြည်သူ့စစ်”သာ ဖြစ်ပါသည်။ “ဒီမိုကရေစီရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး တော်လှန်ရေး”တွင် တစ်ချိန်က ပါဝင်ဆင်နွှဲခဲ့ဖူး သော သူတို့၏ သမိုင်းဖြတ်သန်းမှု သည် ရေစုန်မျောခဲ့လေပြီ။
ဤဖြစ်ရပ်များက ညွှန်ပြနေသည်မှာ (၂၀၀၈) အခြေခံဥပဒေတည်ရှိနေသမျှ၊ ကာချုပ်၏ မူဝါဒ ၆ချက်ဆိုသည့် အချက်များကို ကြံ့ဖွံ့အစိုးရ၊ လွှတ်တော်၊ စစ်တပ်တို့က စွဲကိုင်ထားနေသမျှ ကာလပတ်လုံး လူမျိုးပေါင်းစုံ ပြည်သူများအတွက်လည်း နိုင်ငံရေး ရလဒ်ကောင်း ရရှိနိုင်လိမ့်မည်မဟုတ်။ ပြည်တွင်းစစ်ကို ရပ်စဲနိုင်လိမ့်မည် မဟုတ်ပါ။ ဒါ့အပြင် စံချိန်စံညွှန်းပြည့်ဝသော ဒီမိုကရေ စီလည်း မရရှိနိုင်သလို တိုင်းရင်းသားများ လိုလားသော ဖက်ဒရယ်ပြည်ထောင်စုကိုလည်း တည်ဆောက်နိုင်လိမ့်မည်မဟုတ်ပါ။