မိကျောင်းကန်သပိတ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်သဖြင့် ဆန္ဒဖော်ထုတ်

မိကျောင်းကန်သပိတ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်သဖြင့် ဆန္ဒဖော်ထုတ်
by -
မဇ္စျိမ

မိကျောင်းကန် သပိတ်စခန်းဖွင့်လှစ်သည့် ခေါင်းဆောင် ဦးစိန်သန်းကို ဖမ်းဝရမ်း ထုတ်ခြင်းအပေါ် ကျေနပ်မှုမရှိသဖြင့် လသာစည်ပင်တရားသူကြီးရုံးရှေ့တွင် သပိတ်စခန်းဖွင့်လှစ်သူများက လူအင်အား ၈ဝ ခန့်ဖြင့် မေ ၂၁ ရက်၊ နံနက်က ဆန္ဒဖော်ထုတ်လိုက်ကြသည်။

မိကျောင်းကန်သပိတ်စခန်းမှ ဆန္ဒပြသူများသည် ဆူးလေ မြို့တော်ခန်းမှရှေ့မှ စတင်ကာ မဟာဗန္ဓုလလမ်းအတိုင်း လမ်းလျှောက်ပြီး ကြွေးကြော်သံများဖြင့် ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။

21mkk

သပိတ်စခန်း ဖွင့်လှစ်ထားသည့်နေရာတွင် တဲထိုးပြီး အဆောက်အဦး ဆောက်သည့်အတွက်  သပိတ်ခေါင်းဆောင် ဦးစိန်သန်းကို စည်ပင်ဥပဒေအရ ပုဒ်မ ၆၈ ဖြင့် တရားစွဲဆိုထားပြီး ရုံးချိန်းကို မေ ၂၁ရက် ပေးထားသော်လည်း ယင်းမတိုင်မီ ဦးစိန်သန်းကို ဖမ်းဝရမ်းထုတ်ခဲ့သည်ဟု ကာယံရှင်ကိုယ်တိုင်က ဆိုသည်။

"ကျန်းမာရေးမကောင်းလို့ ဆေးရုံကြီးက ဆေးစာနဲ့ ခွင့်သွားတင်ထားတယ်။ တရားသူကြီး ဒေါ်ဌေးဌေးဝင်းက ၂၁ ရက်နေ့ ရုံးချိန်းပေးတယ်။ ပေးပြီးမှ ဘယ်လိုဖြစ်လဲမသိဘူး ကျောက်တံတားရဲစခန်းက ရုံးချိန်းပျက်ကွက်မှုနဲ့ ဖမ်းဝရမ်းထုတ်ခဲ့တယ်”ဟု ဆိုသည်။

ဦးစိန်သန်းသည် လသာစည်ပင်တရားရုံးသို့ မေ ၂၁ ရက်ရုံးချိန်းတွင် သွားရောက်ခဲ့ပြီး ခံဝန်ကတိဖြင့် ပြန်လွတ်ခဲ့ကာ မေ ၂၉ ရက်တွင် ၎င်းကို ရုံးချိန်း ပြန်ခေါ်ထားသည်။

“တရားရုံးကနေပြီး ထောင်ဒဏ်သော်လည်းကောင်း၊ ငွေဒဏ်ကို လည်းကောင်း မချမှတ်ရသေးဘူး။ သက်သေစစ်ပြီးမှ ပြစ်ဒဏ်တစ်ခုပေးမယ်။ အခုရုံးချိန်းမှာ ခံဝန်နဲ့ပဲ ပြန်လွှတ်လိုက်တာ။ ဖမ်းဝရမ်းထုတ်တာကို ရုတ်သိမ်းပေးခဲ့တယ်” ဟု ဦးစိန်သန်းက ဆိုသည်။

ဒေါ်စောစန္ဒာက “ရုံးချိန်းမပျက်ဘူး။ တရားရုံးကို ခေါင်းဆောင် ကျန်းမာရေးမကောင်းလို့ ခွင့်သွားသွားတင်တယ်။ အခု ရုံးချိန်းပျက်ကွက်မှုနဲ့ ဖမ်းဝရမ်းထုတ်တော့ မကျေနပ်လို့ ဆန္ဒဖော်ထုတ်တာ ”ဟု ပြောသည်။

မိကျောင်းကန်သပိတ်စခန်းမှ ဆန္ဒပြသူများသည် တူညီဝတ်စုံများဝတ်ဆင်ပြီး လမ်းလျှေက်ခဲ့ရာ လသာနှင့် ပန်းဘဲတန်းရဲစခန်းမှ ခွင့်ပြုချက်ယူရန် လမ်းတွင်သတိပေးခဲ့သည်။

မိကျောင်းကန်သပိတ်စခန်း တတိယအကြိမ် ဖွင့်လှစ်ခြင်းကို မတ်လ ၂၄ ရက်က မဟာဗန္ဓုလပန်းခြံဘေး၊ ရန်ကုန်တရားရုံးရှေ့တွင် စတင်ဖွင့်လှစ်ခဲ့ကာ ယခုချိန်အထိ ဖွင့်လှစ်ထားသည်မှာ ၃လ ခန့်ရှိပြီး ဖြစ်သည်။

Most read this week