ပြီးခဲ့သည့် မေ ၁၄ တွင် မြစ်ကြီးနားမြို့ ဆွေးနွေးပွဲသို့ရောက်လာသော ကချင်လွပ်လပ်ရေးတပ်မတော် KIA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်မှ မိဘပြည်သူများနှင့် တွေ့ဆုံစဉ် ပြောဆိုရှင်းလင်းခဲ့သည်။
ကချင်ပြည်နယ်မှာ ရှမ်းတိုင်းရင်းသားများနဲ့ ကချင်တိုင်းရင်းသားများက အတူတူနေထိုင်ခဲ့ကြပါတယ်။ ရှမ်းပြည်နယ်မှာသော်လည်းကောင်း၊ တရုတ်ပြည်မှာသော်လည်းကောင်း၊ ထိုင်းနိုင်ငံသော်လည်းကောင်း၊ အိန္ဒိယနိုင်ငံမှာသော်လည်းကောင်း အတူတကွနေထိုင်ခဲ့ကြပါတယ်။ တကယ်တော့ ကျွန်တော်တို့ရဲ့ လက်နက်ကိုင်တော်လှန်ရေးဟာ အစကတည်းက ပေါ်ပေါက်လာတာမဟုတ်ပါဘူး။ ဗြိသိသျှလက်အောက်ကနေ လွတ်လပ်ရေးရဖို့ ဆွေးနွေးမှုတွေ အကြိမ်ကြိိမ်လုပ်ခဲ့တယ်။ တောင်းဆိုမှုတွေရှိခဲ့တယ်။ အဲ့ဒီနောက်ပိုင်းမှာ မြန်မာနိုင်ငံဟာ လွတ်လပ်ရေးရခဲ့ပါတယ်။ လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာ ယခင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်များ အတူတကွ သဘောတူထားတာကတော့ နိုင်ငံကို ပြည်ထောင်စုုနိုင်ငံအဖြစ် ဖွဲ့စည်းမယ်။ တန်းတူ အတူတကွနေထိုင်မယ်လို့ကတိ ထားခဲ့ကြပါတယ်။ အခု ကျနော်တို့ KIO က ပင်လုံ အကြောင်းကို ခဏခဏပြောတာကို ရှင်းပြချင်ပါတယ်။
ပင်လုံစာချုပ်ချုပ်တဲ့ အခါမှာ ကချင်၊ ချင်း၊ ရှမ်းတိုင်းရင်းသားခေါင်းဆောင်များနဲ့ ဗိုလ်ချုပ်အောင်ဆန်း အဓိက ဆွေးနွေးခဲ့ကြပါတယ်။ သို့သော်လည်း လေ့လာသူအဖြစ် အခြားတိုင်းရင်းသားခေါင်းဆောင်များပါပါတယ်။ အဲ့ဒီအချိန်မှာ ကချင်၊ ချင်း၊ ရှမ်း တိုင်းရင်းသားခေါင်းဆောင်များရဲ့ နောက်ကွယ်မှာ သက်ဆိုင်ရာ လူထုအသီး သီးက အားပေးမှု၊ ထောက်ခံအားပေးခဲ့ကြပါတယ်။ လုပ်ပိုင်ခွင့်တွေလည်း ပေးခဲ့ကြပါတယ်။ အဲ့ဒီအချိန်မှာ ဖဆပလ နေသူရိန်ညီလာခံကျင်းပတဲ့ အချိန်ဖြစ်ပါတယ်။ နေသူရိန်ညီလာခံကြီးကနေပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းကို လုပ်ပိုင်ခွင့်တွေ ပေးတယ်။ သဘောတူညီမှုတွေကို ဆုံးဖြတ်ပေးတယ်။ အဲ့ဒီတော့ ဗမာတိုင်းရင်းသားများရဲ့ သဘောဆန္ဒလည်းပါတယ်လို့ ကျွန်တော်တို့က မှတ်ယူပါတယ်။
တိုင်းရင်းသားခေါင်းဆောင်များနှင့် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဆွေးနွေးခဲ့တဲ့ ထဲမှာ မြေပြန့်ဒေသနဲ့ မြေပြန့်ဒေသ မဟုတ်တဲ့ တောင်တန်းဒေသတွေကို ဘယ်လို ပေါင်းစည်းမလဲဆိုတဲ့ အယူအဆဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီဆွေးနွေးပွဲမှာ ကချင်၊ ချင်း၊ ရှမ်းတိုင်းရင်းသားများ ခေါင်းဆောင်တွေ အဓိက ဆွေးနွေးခဲ့သော်လည်း တစ်နိုင်ငံလုံးအတွက် မြေပြန့်နဲ့ တောင်တန်းဒေသပေါင်းစည်းရေးဆိုတဲ့ အဓိပါယ် အပြည့်အဝဆောင်ပါတယ်။ ထို့ကြောင့် ပင်လုံစာချုပ်ဟာ အင်မတန်မှ အဆင့်မြင့်တဲ့ ဆုံးဖြတ်ချက်၊ သဘောတူညီချက်ဖြစ်ပါတယ်။
ဒီစာချုပ်ကို ကျွန်တော်တို့ ကချင်ကပဲ သဘောမတူတော့ဘူးလို့ ကြေညာလို့မရပါဘူး။ ဒီစာချုပ်ထဲမှာ ပါတဲ့ တိုင်းရင်းသားတစ်ဖွဲ့ဖွဲ့သော်လည်းကောင်း လက်ရှိအစိုးရကသော်လည်းကောင်း ပင်လုံစာချုပ်ဟာ တရားမဝင် တော့ဘူးလို့ ကြေညာလို့မရပါဘူး။ အဲ့ဒီချိန်မှာပါတဲ့ ကျွန်တော်တို့ တိုင်းရင်းသားအဖွဲ့အားလုံး အတူတကွ အစည်းအဝေးထိုင်ပြီး ဒီကနေ့မှစပြီး ပင်လုံစာချုပ်ဟာ တရားမဝင်တော့ဘူးလို့ ကြေညာမှသာလျှင် ဒီစာချုပ်ပျက်ပြယ်မှာဖြစ်ပါတယ်။ ဒါကြောင့် KIO အနေနဲ့ တိုက်ပွဲတွေစဖြစ်ကတည်းက ပင်လုံစာချုပ် တရားဝင်ဖြစ်သေးသလားလို့ မေးတာဖြစ်ပါတယ်။ ဘာဖြစ်လို့ မေးရတာလဲဆိုတော့ အစိုးရဆီမှာ စိုးရိမ်ပူပန်မှုတွေရှိတာကိုတွေ့ရတယ်။ KIO က ဒီကနေ့ Kachin Independence Organization ဆိုတဲ့ အဖွဲ့အစည်းကို ဖွဲ့ပြီး တော်လှန်ရေးကိုလုပ်ခဲ့တာဖြစ်တယ်။ ကချင်လူထုကလည်း ဒီကနေ့ ‘လွတ်လပ်ရေး လွတ်လပ်ရေး’ လို့ ပြောနေတာတွေရှိတယ်။ ဒီတော့ အစိုးရက ပြည်ထောင်စုကနေ မခွဲထွက်ဖို့ လက်မှတ်ထိုး စေချင်တယ်။ ထိုးရင် ကချင်လူထုတွေ စိတ်ဆိုးမှာကိုလည်း အစိုးရက စဉ်းစားတယ်။ အဲ့တော့ အစိုးရက မပြောသေးဘူး။
ကျွန်တော်တို့ပြောတာက အတူတကွနေမယ်လို့ စာချုပ်ကို ၁၉၄၇ မှာ လက်မှတ်ထိုးခဲ့ပြီးသား ဖြစ်ပါတယ်။ အဲ့ဒီချိန််မှာ တိုင်းရင်းသားများအားလုံးပေါင်းပြီးတော့ တောင်းဆိုမှုတွေလုပ်တယ်။ တောင်ကြီးမှာ ညီလာခံလုပ်တယ်။ တောင်းဆိုမှုတွေမရတဲ့ အခါ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဆိုတာ ပေါ်ပေါက်လာ တာဖြစ်ပါတယ်။ အဲ့ချိန်တုန်းက လွတ်လပ်ရေးရဖို့ တာဝန်ထမ်းဆောင်ခဲ့တဲ့ ကျွန်တော်တို့ ကချင်ခေါင်းဆောင် များက ဆံပင်တောင်မညှပ်ဘူးလို့ ပြောတယ်။ လွတ်လပ်ရေးရဖို့ (၆)လ ပဲလိုတော့တယ်။ လွတ််လပ်ရေးရပြီး အိမ်ပြန်ရောက်မှ ဆံပင်ညှပ်တော့မယ်လို့ နေခဲ့ကြတယ်။ ခဏပြောသလို ကျွန်တော်တို့ ကချင်ပြည်နယ်မှာ ရှမ်းနဲ့ ကချင်ဟာ အတူတကွနေထိုင်တဲ့ ဌာနေသားများဖြစ်ကြတယ်။ အဲ့တော့ ကချင်နဲ့ ရှမ်းဟာ တမျိုးတည်းဖြစ်တယ်။ အဲ့ဒီအချိန်မှာ မဆလ ခေတ်ဖြစ်တယ်။ မဆလအစိုးရက ကချင်၊ ရှမ်း လူမျိုးများအပေါ် ဖိနှိပ်တယ်။ ကျွန်တော်တို့အားလုံးက ဒုက္ခရောက်နေကြတယ်လို့ မြင်တယ်။ အဲ့တော့ ကျွန်တော်တို့ ကချင်နဲ့ ရှမ်းတွေ အတူတကွ တော်လှန်ကြရမယ်လို့ အတူတကွခံယူခဲ့ကြတယ်။ ဒါကြောင့်မို့လို့ကချင်လူငယ်တွေ ကိုလည်း စုဆောင်းရေးလုပ်တယ်။ ရှမ်းလူငယ်တွေကိုလည်း စုဆောင်းရေးလုပ်တယ်။ ကချင်လူမျိုးတွေဆီမှာ တစ်လမှာ ဆန်တခွဲပေးရမယ်နော်ဆိုရင်လည်း ရှမ်းတွေဆီမှာလည်း ဆန်တခွဲပေးရမယ်နော်ဆိုပြီး သွားကောက်တယ်။ ဒါပေမဲ့ အခုဘာဖြစ်လာသလဲဆိုတော့ တဖြည်းဖြည်းနဲ့ ကျွန်တော်တို့ရဲ့နားလည်မှုကို ကျွန်တော်တို့က မရှင်းပြနိုင်တဲ့ အခါ ရှမ်းတိုင်းရင်းသားများက ရှမ်းများကို စုဆောင်းရေးခေါ်တယ်ဆိုပြီး ပြောလာကြပါတယ်။
မနေ့က ဒီမှာ အစည်းအဝေးလုပ်နေတဲ့ အချိန်မှာပဲ ရှမ်းတိုင်းရင်းသားများအယောက် (၂၀)၊ (၃၀)နဲ့ ကျွန်တော်တွေ့ပါတယ်။ တချို့ကတော့ အခုတလောစုဆောင်းရေးပါသွားတာရှိတယ်။ တချို့ကတေ့ာ အခုအရာရှိတောင် ဖြစ်နေပြီ။ အရာရှိသင်တန်းတက်နေတဲ့ အခါမှာ လာမပြောဘဲနဲ့ အခုမှ လာပြောတော့ အမေကြီးရဲ့သမီးက ဟိုမှာ အရာရှိတောင်ဖြစ်နေပြီ။ တချို့က ဟိုမှာ အိမ်ထောင်ကျနေပြီ သား၊ သမီးတွေနဲ့ပေါ့။ ဒါကြောင့့် အမေကြီးရယ် ဟိုမှာ မြေးတွေကို သွားကြည့်ပါအုံးလို့ ပြန်ပြောရတယ်။ ဒါတွေကတော့ ကျွန်တော်တို့ တစ်ယောက်နဲ့ တစ်ယောက် ဆက်ဆံရေးတွေနည်းပါးတဲ့အခါမှာအယူအဆတွေလွှဲမှားလာတာဖြစ်ပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေအရ ကျွန်တော်တို့ သတိထားဖို့ လုပ်အပ်တယ်ဆိုတာကို နားလည်ပါတယ်။
အခုတလော တပ်ရင်း(၄)ဒေသမှာ စုဆောင်းရေးလုပ်ခဲ့တာရှိတယ်။ ကျွန်တော်တို့ စီစစ်ပြီးမှ အားလုံး ပြန်လွှတ်ပေးတယ်။ အားလုံး (၁၆) ယောက်ထင်တယ်။ တပ်မတော်ဘက်ကနဲ့ PCG အဖွဲ့ကပါပြီး ဧရာဝတီမြစ် မြစ်ဆုံဘက်မှ သွားရောက်လက်ခံယူတာဖြစ်ပါတယ်။ မနေ့က မြဝတီက သတင်းထဲပါလာတာကတော့ ‘မြန်မာ့တပ်မတော်စစ်ကြောင်းက လိုက်လံရှာဖွေပြီး ကယ်ထုတ်ခဲ့တယ်’ လို့ သတင်းထဲမှာ ရေးထားတာကို တွေ့ရတယ်။ ဒါကြောင့် ကျွန်တော်ပြောတာ အစိုးရမီဒီယာပဲ ဖြစ်စေ KIO မီဒီယာပဲ ဖြစ်စေ လူထုက သေသေ ချာချာ ဖတ်ဖို့လိုပါတယ်။ ဒါကတော့ အခြေအနေကို ရှင်းပြတာပါ။ ဒါကြောင့်မို့ မြစ်ကြီးနားမှာ သော်လည်းကောင်း၊ ဗန်းမော်မှာသော်လည်းကောင်း၊ ဟူးကောင်းချိုင့်ဝှမ်းမှာ သော်လည်းကောင်း၊ ရှမ်းပြည်နယ်မှာ သော်လည်း အတူတကွနေထိုင်ကြတဲ့ ကျွန်တော်တို့ ကချင် နဲ့ ရှမ်းတိုင်းရင်းသားညီအစ်ကိုများ သည် ကျွန်တော်တို့အမြင်မှာကတော့ အတူတကွ ဖိနှိပ်ခံရတဲ့ သူတွေဖြစ်ပါတယ်။
ဒါကြောင့်မို့ုလို့ ကျွန်တော်တို့ဟာ အတူတကွ ဒီအရာတွေကို ဖြေရှင်းဖို့ ကြိုးစားနေတာဖြစ်တယ်။ ဒါကြောင့် အခု NCCT ဆိုတဲ့ အဖွဲ့မှာ တိုင်းရင်းသားအားလုံးပါတယ်။ ရှမ်းတိုင်းရင်းသားခေါင်းဆောင်တွေပါသလို ကချင်တိုင်းရင်းသားခေါင်းဆောင်တွေပါတယ်။ တစ်နိုင်ငံလုံးမှာ ရှိတဲ့ တိုင်းရင်းသားခေါင်းဆောင်များ အဖြေရှာ နေတာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီကနေ့ ကျွန်တော်တို့ သွားနေတဲ့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး၊ တစ်နိုင်ငံလုံးကို ဘယ်လိုအသစ် ပြန်တည်ဆောက်မလဲဆိုတဲ့ ဦးတည်ချက်နဲ့ သွားနေတဲ့ အပေါ်မှာ မျက်ခြေမပျက်ဘဲနဲ့ ပြည်နယ်သူ ပြည်နယ်သားများ၊ ဒေသခံပြည်သူများအနေနဲ့လည်း ၀ုိင်းဝန်းပြီး တော့ စုစုစည်းစည်းနဲ့ ကျွန်တော်တို့ကို အားပေးစေချင်တယ်။
NCCT နဲ့ တွေ့ဆုံဖို့လည်း မိဘပြည်သူများနဲ့ တွေ့ဆုံဖို့ရှိပါတယ်။ ဒီခေါင်းဆောင်ကြီးများအနေနဲ့ ဒီကနေ့ ဘာတွေလုပ်နေလဲဆိုတာကို ပြောပြသွားမှာဖြစ်ပါတယ်။ ပြီးနောက် ကျွန်တော်အပါအဝင် NCCT ခေါင်းဆောင် အချို့က မိဘပြည်သူများသိချင်သော မေးခွန်းများကို ဖြေကြားသွားမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့သွားနေတဲ့ လမ်းကြောင်းပေါ်မှာ မျက်ခြေမပျက်ဘဲနဲ့ အပြုသဘောဆောင်တဲ့ အမြင်မျိုးနဲ့
ပြည်သူများပါ၀င်စေချင်ပါတယ်။ ကျွန်တော်တို့ KIO အနေနဲ့ ငြိမ်းချမ်းရေးကို မလိုချင်လို့ အခုထိ အပစ်အခတ်ရပ်စဲရေး လက်မှတ်မရေးထိုးတာ မဟုတ်ပါဘူး။ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုတဲ့
ဖြစ်စဉ်ကို သွားနေတာ ဖြစ်ပါတယ်။ ဒီနေ့ ကျွန်တော်တို့ကချင်တွေကို မှန်ကန်တဲ့ လမ်းကြောင်းပေါ်သို့ မရောက်အောင် အမျိုးမျိုးလုပ်ဆောင်နေတာ တွေ့ရတယ်။ စစ်ကို ဖြစ်စေတာကလည်း KIO ပဲ။ ငြိမ်းချမ်းရေးကို မလိုချင်တာလဲ ကချင်တွေပဲလို့ပြောနေတယ်။ သို့သော် ဒီနေ့ လူထုရှေ့မှာ ကျွန်တော်တို့ အမှန်ကို ရဲရဲပြောတယ်။ ငြိမ်းချမ်းရေးကို လိုချင်တယ်။ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးဖို့အတွက် ကျွန်တော်တို့ ကြိုးစားနေတယ်။ ဘာမှ အကြိုးမရှိဘဲ နဲ့ လက်မှတ်ကို ထိုးမှာမဟုတ်ပါဘူး။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရေးကို သွားနေတာဖြစ်ပါတယ်။ ဒီတခေါက်ကတော့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး မူကြမ်းကို ရအောင်ရေးဆွဲနိုင်ဖို့ စီစဉ်ထားတာရှိပါတယ်။
ဒါပေမဲ့ လက်တွေ့မှာ စစ်တွေဖြစ်နေတယ်။ စစ်ဖြစ်နေရင် ကျွန်တော်တို့ လုပ်ဆောင်ဖို့ လုပ်ငန်းတွေဟာ တော်တော့ကို ခက်ခဲပါတယ်။ ခဏက ပြောသလိုပဲ ဒီနေ့ ကျွန်တော်တို့မှာဖြစ်နေတဲ့ ဖြစ်စဉ်တွေမှာ နိုင်ငံတကာက ပါ၀င်လာတယ်။ အရင်က မရှိခဲ့ဘူး။ တရုတ်နိုင်ငံ နဲ့ UN ပါ၀င်လာတယ်။ အခုတလော အမေရိကား ရောက်တော့ အမေရိကန်အစိုးက အရမ်းကို စိတ်ဝင်စားကြတယ်။ ဒီတော့ မေးခွန်းတွေ အရမ်းမေးခဲ့တယ်။ ကချင်တွေရဲ့ အကြောင်းပဲမေးတယ်။ တခြားအကြောင်းဘာမှ မမေးဘူး။ KIO အနေနဲ့ ဘာတွေ လုပ်ဖို့စီစဉ်ထားတာရှိလဲလို့မေးလာတယ်။ ကျွန်တော်တို့ KIO နဲ့ တခြားတိုင်းရင်းသားလက်နက်ကို်င် များ အနေဖြင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးဖို့ လုပ်ဆောင်နေတာဖြစ်ပါတယ်။ ဒါပေမဲ့ ခက်တာကတော့ ကျွန်တော်တို့က လက်မှတ်ရေးထိုးပြီးရင် နိုင်ငံရေးဆွေးနွေးပွဲကိုလုပ်ချင်တယ်။ ဒါပေမဲ့ အစိုးရကတော့ အခုထိ “မင်းတို့ဟာ လူထုရဲ့ တရားဝင်အဖွဲ့အစည်း၊ ထောက်ခံတဲ့ အဖွဲ့ဟုတ်တယ်လို့” အခုထိ အသိအမှတ်မပြုသေးဘူး။
ထို့ကြောင့် ကျွန်တော်တို့ လက်မှတ်ရေးထိုးပြီး ဆွေးနွေးပွဲမှာ ကျွန်တော်တို့ လူမျိုးကိုယ်စားဘာမှ ပြောလို့မရရင် အဓိပါယ်မရှိတော့ဘူး။ ကိုယ့်လူမျိုးအတွက်ကိုယ်စားပြုတဲ့ အဖွဲ့အစည်းဖြစ်တယ်လို့ အသိအမှတ်ပြုရင် လက်မှတ်ထိုးလို့ရတယ် လို့ ပြောပြတယ်။ ပြီးတော့ ကျွန်တော်က မင်းတို့ အမေရိကန်တွေကရော ကျွန်တော်တို့ကို သောင်းကျန်းသူလို့ ထင်ပါသလား။ “မထင်ပါဘူး။ မင်းတို့ မြန်မာနိုင်ငံမှာ တော်လှန်ရေး လုပ်နေတဲ့ သူတွေအားလုံးဟာ ကိုယ့်လူမျိုးအတွက် ကိုယ်စားပြုတဲ့ အဖွဲ့အစည်းတွေပါလို့” ကျွန်တော်တို့ကို အသိအမှတ်ပြုပါတယ် ပြောတယ်။ ဒီနေ့မင်းတို့နဲ့ တွေ့ဆုံတာကလည်း “မြန်မာနိုင်ငံသား တစ်ယောက် နဲ့ တွေ့တာမဟုတ်ဘဲ တိုင်းရင်းသားခေါင်းဆောင်တစ်ယောက်နဲ့ တွေ့ဆုံတာပါလို့” အစည်းအဝေးခန်းမထဲမှာ ပြောပါတယ်။ ကျွန်တော်တို့ရဲ့ အရေးကို ဂျပန်အစိုးရတွေ၊ EU တွေ စိတ်ပါ၀င်စားလာတာကို တွေ့ရပါတယ်။ ဒီအပေါ် ကျွန်တော်တို့ အရမ်းလည်း အားရကျေနပ်မိပါတယ်။