ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် မြန်မာ့နိုင်ငံရေး စိန်ခေါ်သံများ

ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် မြန်မာ့နိုင်ငံရေး စိန်ခေါ်သံများ
by -
မဇ္စျိမ

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် လှုပ်ရှားမှုများ၊ တောင်းဆိုမှုများ ယနေ့ မြန်မာ့စာနယ်ဇင်း စာမျက်နှာများတွင် နေရာအတော်များများ ယူလာကြပြီး နိုင်ငံရေး ရေချိန်မြင့်သည့်ကာလတစ်ခုဟု ဆိုနိုင်သည်။ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် အဓိကအင်အားစုနှစ်ရပ်အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် ကျောင်းသားများ အင်အားစုတို့ဖြစ်ပြီး တိုင်းရင်းသားခေါင်းဆောင်များကလည်း ပူးပေါင်းပါ၀င်ရန် ပြင်ဆင်မှုများပြုလုပ်လာခဲ့ကြသည်။

အင်အားစုများ ပေါင်းစည်းခြင်းနှင့်အတူ ဖွဲ့စည်းပုံပြင်ဆင်ရန် ဟောပြောပွဲများသို့ ပရိသတ် သိန်းနှင့်ချီ လာရောက်နားထောင်ကြ၊ ဟောပြောမှုများပြုလုပ်လာကြသည်ကိုလည်း တွေ့ရှိရသည်။ ဤသို့သော အခြေအနေများကြောင့် သမ္မတ၏ သတိပေးစကား ပထမဆုံးထွက်ပေါ်လာခဲ့ပြီး မြန်မာ့နိုင်ငံရေးစိန်ခေါ်သံများ ထွက်ပေါ်လာခဲ့သည်ဟု ဆိုနိုင်သည်။

အတိုက်အခံအင်အားစုတို့၏ ရှေ့တစ်လှမ်းတိုးလုပ်ဆောင်မှုဟုဆိုနိုင်ပြီး ဖွဲ့စည်းပုံ ပြင်ဆင်ရေးလက်မှတ်များ ကောက်ယူကာ အရှိန်မြှင့်ဆောင်ရွက်သွားမည်ဟုလည်း သတင်းစကားများ ပါးလိုက်ကြသည်။ ဤသို့သော လှုပ်ရှားမှုဆောင်ရွက်မှုများသည် စိုးရိမ်ဖွယ် အခြေအနေအဖြစ် ရှုမြင်သည်ကို သမ္မတက မန္တလေးတွင် ပြောခဲ့သည်ကို ထောက်ရှုယူဆနိုင်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ မန္တလေးမြို့တွင် ပြုလုပ်ရန်ရှိသော မေလ ၁၈ ရက် မတိုင်ခင် ဖွဲ့စည်းပုံအခြေခံ ဥပဒေဟောပြောပွဲမတိုင်ခင် သမ္မတ ဦးသိန်းစိန် မန္တလေးမြို့တွင် ရောက်ရှိစဉ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လှုပ်ရှားမှုများသည် တိုင်းပြည်ဆူပူရန် အခြေအနေသို့ ရောက်ရှိသွားနိုင်သည်ဟု အရိပ်အမြွက် ပြောဆိုခဲ့သည်မှ ဖွဲ့စည်းပုံ ပြင်ဆင်ရေးအပေါ် အစိုးရ၏ သဘောထားတစ်စိတ်တစ်ဒေသကို တွေ့ မြင်ရသည်။

သမ္မတ၏ ပြောဆိုမှုများအပေါ် ဒေါ်အောင်ဆန်းစုကြည်က အလိုကျပုံမရဘဲ ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပတ်သက်၍ သမ္မတက လိုလားဟန်မရှိမှုကို မေလ ၁၇ ရက် ရန်ကုန်မြို့ ဗိုလ်စိန်မှန်ကွင်းတွင် ပြုလုပ်သည့် ဟောပြောပွဲတွင် ဝေဖန်သွားခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပေးအပ်ထားသည့် အခွင့်အာဏာကို သုံးလျက် စစ်တပ်မှ အခွင့်ကောင်းယူနေမှုကိုလည်း ထောက်ပြ ပြောဆိုသွားခဲ့သည်။

မေ ၁၈ ရက် မန္တလေးမြို့ အောင်ပင်လယ်ကွင်းတွင်မူ ဖွဲ့စည်းပုံပြင်ဆင်ရေးတွင် တပ်မတော်ပူးပေါင်း ပါ၀င်ရန် တိုက်တွန်းသွားပြီး “စိန်ခေါ်သည်” ဟူသည့် စကားကို ပြောဆိုသည်အထိ တုံ့ပြန်မှုများ ဒေါ်အောင်ဆန်းစုကြည်ထံမှ ထွက်ပေါ်လာခဲ့သည်။ ဤအခြေအနေများကို ထောက်ရှုမည်ဆိုပါက မြန်မာ့နိုင်ငံရေးသည် အာဏာပိုင်နှင့် အတိုက်အခံအုပ်စုတို့အကြား တင်းမာမှုများကို တွေ့မြင်ရသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်၊ လွှတ်တော်နာယက၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ လေးပွင့်ဆိုင်ဆွေးနွေးရန် ဒေါ်အောင်ဆန်းစုကြည်၏ တောင်းဆိုထား မှုသည်လည်း လျစ်လျူရှုခံခဲ့ရပြီးနောက် တင်းမာမှုများ ဖြစ်ပေါ်လာခဲ့သည်ဟုလည်း ဆိုနိုင်သည်။

ဆုပ်ဆုပ်ကိုင်ကိုင် မပြနိုင်သေးသည့် မြန်မာ့ပြုပြင်ပြောင်းလဲရေးတွင် အကြီးမားဆုံး ပြုပြင်ပြောင်းလဲ ရေးဖြစ်သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မှုအခြေအနေများကို နိုင်ငံတကာက စောင့်ကြည့် နေသည်ဖြစ်ရာ ပြုပြင်ပြောင်းလဲရေးတွင် ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး အခြေအနေများသည် အဟန့်အတားများ မဖြစ်သင့်ပေ။ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ငြိမ်းချမ်းရေးလုပ်ငန်းများ အရေးတကြီးလိုအပ်နေချိန်တွင် အတိုက်အခံနှင့် အာဏာပိုင်တို့ကြား တင်းမာမှုများကို ဖြေလျှော့ရန်သည်လည်း နောက်ထပ် အရေးကိစ္စတစ်ခုအဖြစ် ထွက်ပေါ်လာခြင်းကြောင့် တွေ့ဆုံဆွေးနွေး အဖြေရှာကြရန် တိုက်တွန်းသည်

Most read this week