ကချင်ပြည် နှင့် သျှမ်းပြည်ပေါင်းကူး ရွှေလီမြစ်ကူး ကြိုးတံတားဖွင့်ပွဲကို မနေ့က မနက်ပိုင်းတွင်ဖွင့်လှစ်ခဲ့ရာ ၅ မြို့နယ်မှ ဒေသခံ လူထုတက်ရောက်ရန် ဆင့်ခေါ်ခံခဲ့ရကြောင်း တရုတ်နယ်စပ် သတင်းရပ်ကွက် ကဆိုပါသည်။
ဧပြီ ၂၇ ရက် ၂၀၀၉ မနက်ပိုင်းတွင် နမ့်ခမ်း - ဗန်မော်ကြား ရွှေလီမြစ်ကူး ကြိုးတံတားကို စစ်အစိုးရဖွင့်လှစ်ခဲ့ရာ သိန္နီ၊ ကွတ်ခိုင်၊ မူဆယ်၊ ပန်ဆိုင်းနှင့် နမ့်ခမ်းမြို့နယ်များမှ ဒေသခံလူထု အများအပြားတက်ရောက်ရန် ဆင့်ခေါ်ခံရကြောင်း မူဆယ် ဒေသခံတဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။
“ကျနော်တို့ မူဆယ်တမြို့ထဲဘဲ အယောက် ၅၀၀ ဆင့်ခေါ်တယ်။ ပလောင်၊ သျှမ်း၊ ကိုးကန့်၊ လီဆူး နဲ့ ကချင် စာပေယဉ် ကျေးမှု အဖွဲ့တွေ ထည့်မတွက်သေးဘူး။ သွားလာစရိတ် တရွာကို ဆီ ၅ ဂါလံ နဲ့ ပိုက်ဆံ တယောက် ၃၀၀ ပေးမယ်လို့ ပြောပေမဲ့ တရွာမှ မရသေးဘူး၊ ကိုယ့်စရိတ်နဲ့ကိုယ်ဘဲ။ ဒါတောင် ဟိုအထုပ် ဒီအထုပ် ယူမသွားဖို့ အမိန့်ထုတ်ထား သေးတယ်”
အဆိုပါ တံတားဖွင့်ပွဲ တက်ရောက်သူများအား အာဏာပိုင်များက ထီး၊ ထမင်းထုပ်၊ လွယ်အိတ်၊ ပိုက်ဆံအိတ်၊နှင့် လက်ကိုင် ဖုန်းများ ယူဆောင်ခွင့်ပိတ်ပင်ကြောင်း နမ့်ခမ်းဒေသခံ တဦးကလည်း သျှမ်းသံတော်ဆင့်အား ဤကဲ့သို့ ပြောပြပါသည်။
“တံတားဖွင့်ပွဲက မနက် ရ နာရီ၊ ကျနော်တို့သွားရတာက မနက် ၄ နာရီကတည်းက၊ ဘာမှယူသွားခွင့်မရှိဘူး၊ ထမင်းလဲ အိမ်မှာ အဝစားသွားလို့ ဥက္ကဌက ပြောခိုင်းတယ်တဲ့၊ အဲနေ့က အားလုံးထမင်းငတ်တယ်။ အစမ်းကျင့်တဲ့ ၂၅ ရက်နေ့က ဆို ပန်းပွါးကတဲ့ ကလေးမတွေ ထမင်းမစားရ၊ ရေမသောက်ရလို့ နေကလဲပူလွန်းတော့ ၃-၄ ယောက်မူးမေ့တဲ့အဆင့် တောင် ရောက်တယ်”
တံတားဖွင့်ပွဲ အခမ်းအနားသို့ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်ကိုယ်တိုင် တက်ရောက်မည်ဟု သတင်းထွက် သော်လည်း ဆောက်လုပ်ရေး ၀န်ကြီးဗိုလ်ချုပ်ခင်မောင်မြင့်၊ လားရှိုး ဒုတိုင်းမှူး ဒုဗိုလ်မှူးချုပ်လှမြင့် နှင့် အင်ဂျင်နီယာချုပ် ဦးစိန်မောင်တို့သာ တက်ရောက်ကြောင်း ဒေသခံတွေကဆိုပါသည်။
နမ့်ခမ်းမြို့ အနောက်ဘက် ၁ မိုင်ခွဲခန့်ဝေးသည့် ရွှေလီမြစ်ကြိးတံတားသည် အရှည်ပေ ၆၀၀၊ အမြင့် ၃၅ ပေ၊ အကျယ် ၄၅ ပေ ရှည်ပြီး ၂၀၀၄ နိုင်ဝင်ဘာ ကတည်းက စတင်တည်ဆောက်ခဲ့ဟုဆိုသည်။