အပေါက် အဖာ များပြီး နှစ်ပေါင်းများစွာကတည်းက ဖောက်လုပ်ထားဟန်ရှိသော မညီမညာ ကျောက်ခင်းလမ်း ပေါ်တွင် ကမ္ဘာစစ် လက်ကျန် တီအီး ကားကြီးက ခနော် ခနဲ့ဖြင့် တအိအိ ခရီးနှင် လာသည်။
တစ်ခါ တစ်ရံ လမ်းဘေးတွင် သစ်ခက်များဖြင့် အုပ်ထားသော မော်တော်် ဆိုင်ကယ် များအား တွေ့ရသည်။ ဘီးပေါက် သွားသဖြင့် ၊ စက်ချို့ယွင်း သွားသဖြင့် ဆိုင်ကယ်အား သစ်ခက် များဖြင့် အုပ်ထား ခဲ့ခြင်း ဖြစ်ကြောင်းလည်း အတူ ပါလာသူ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) မှ အမှတ် (၃) ခရိုင်မှူး ကိုလော်ရယ် က ရှင်းပြသည်။
တလိမ့်လိမ့် ထနေသော ဖေဖော်ဝါရီ၏ မြူခိုး များနှင့် ဖုံအလိပ် များကြားမှ ကယားပြည်နယ် အတွင်းရှိ ကယော လူမျိုးများ နေထိုင်ရာ ဟိုယာ၊ ကေကော၊ ခါးဘယ် ကျေးရွာ များမှ ဘုရားကျောင်း ခေါင်မိုး ချွန်ချွန် လေးတွေကို အဝေးက လှမ်းမြင် နေရသည်။
သဘာဝ တရားက ပေးထားသော အလှ အပနှင့် တိုင်းရင်းသား မျိုးနွယ် တို့၏ ချစ်စရာ ရိုးရာ ဓလေ့၊ ရိုးသား မှုများ ဖုံးလွှမ်း နေသော ဒီဒေသတွင် ရိုးရာ အစွဲ အလန်းများ နောက်ကွယ်မှ အကြောင်းပြချက် ခိုင်လုံခြင်း မရှိသော ကြောက်မက်ဖွယ် လူသတ်မှုများ ရှိနေသည် ကတော့ အကျည်းတန် နေသလိုလို။
ရှေ့တွင် ကားက ဆက်သွားရန် မဖြစ်နိုင် တော့ပေ။ ကျွန်တော်တို့နှင့် အတူ ပါလာသော ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမာတီးနို က ကားလမ်းပေါ် လမ်းလျှောက်ရင်း ကားရှေ့ဆက် သွားမရ တော့သည့် အကြောင်းကို ပြောပြသည်။
"ဟိုယာ ကျေးရွာ လူငယ် အဖွဲ့နဲ့ ကေကော ကျေးရွာ လူငယ် အဖွဲ့တို့ မနေ့က သစ်ခုတ်ရင်း နယ်မြေ လုကြပြီး ရန်ဖြစ် ကြတယ်။ တစ်ဖက်နဲ့ တစ်ဖက် ခုတ်ကြ ထစ်ကြနဲ့ ဒဏ်ရာ တွေလည်း ရသွား ကြတယ်ဗျ။ အခုတော့ ဟိုယာ လူငယ်က ကေကော ဘက်ကို ကားတွေ သွားလို့ မရအောင်…သစ်ပင် ကြီးတွေကို လမ်းပေါ် ခုတ်လှဲ ပစ်လိုက် ပြီလေ။ ကျွန်တော်တို့ ဒီကနေ သုံးမိုင် လောက်တော့ လမ်းလျှောက် ကြရ လိမ့်မယ်" ဒေသခံ အမျိုးသား ကြီး၏ စကား ၀ဲဝဲ သံထဲမှာ စိတ်ပျက် အားလျော့ မှုတွေကို ကျွန်တော် တွေ့ခဲ့ ရသည်။
ကျွန်တော့် အတွေး ထဲမှာတော့ ဟိုးတစ်ချိန်က ရက်အင်ဒီယန်း နယ်မြေများ အတွင်း အချင်းချင်း နယ်မြေလု တိုက်ပွဲ တွေကို သွားပြေးမြင် မိသည်။ ဒီဒေသ မှာက ဟိုးယခင် ကတော့ ရဲကင်း တစ်ခု ရှိခဲ့သည်။ အခုတော့ ရဲကင်းလည်း မရှိတော့၊ စစ်တပ်လည်း မရှိတော့၊ ငြိမ်းချမ်းရေး ရယူ ထားသော အဖွဲ့အစည်း တစ်ခုမှ မြို့နယ်မှူး ဆိုသူ တစ်ယောက်နှင့် ခရိုင်မှူး ဆိုသူ တို့က အုပ်ချုပ် နေသည်။
တကယ်တော့ မြို့နယ်မှူး ခရိုင်မှူး ဆိုသူ နှစ်ဦး မှာလည်း အဖွဲ့ အစည်းမှ လာခန့် ပေးထားသည့် ဒေသခံ များသာ ဖြစ်ပြီး ပြည်သူ့စစ် သာသာပင် အင်အား မရှိ။ ဒီတော့ တစ်ရွာနဲ့ တစ်ရွာ ကြားမှ လုံခြံုရေး အတွက် တူမီး သေနတ် ကိုင်ဆောင် ထားသည့် လူငယ် အဖွဲ့ များကို အားကိုး လာကြ တော့သည်။ လူငယ် အဖွဲ့များ အားကောင်း လာပြီး တရား စီရင်ရေး တွင်ပါ ကိုယ့်သဘော နှင့်ကိုယ် ဖြစ်လာ ကြသည်။
တစ်ဖက် ရွာနှင့် တစ်ဖက်ရွာ လူငယ် အုပ်စုများ အားပြိုင် လာကြသည်။ အဆိုးဆုံး အဖြစ်များ ထဲမှ အဖြစ်အပျက် တစ်ခု ခါးဘယ် ကျေးရွာတွင် လွန်ခဲ့သည့် တစ်လက ဖြစ်ပျက် သွားခဲ့သည်။ ခါးဘယ် ကျေးရွာတွင် ကိုဘောရယ် သည် လူပျိုကြီး တစ်ယောက် ဖြစ်ပြီး ရွာပြင်ရှိ ပြောင်းကောက် (ကယား ရိုးရာ ခေါင်ရည် ချက်သော နှံစားပြောင်း တစ်မျိုး) စိုက်ခင်း များတွင် တစ်ကိုယ်တည်း နေထိုင်သည်။
ကိုဘောရယ် သည် စကားပြော ဘုကျပြီး ရွာသူ ရွာသား များနှင့် အဆက်အဆံ မရှိပဲ ခပ်စိမ်းစိမ်း နေထိုင်သူ ဖြစ်သည်။ တစ်နေ့ ကိုဘောရယ်၏ ယာခင်း ထဲသို့ ကယော ကလေးငယ် (၂) ဦးမှ ၀င်ရောက်ပြီး ပြောင်းဖူးများ ချိုးယူ သွားကြသည်။ နောက်နှစ်ရက်ခန့် အကြာ အဆိုပါ ကလေးငယ် နှစ်ယောက်မှာ အမည်ဖော် မရသော ရောဂါ တစ်မျိုးဖြင့် ရှေ့ဆင့် နောက်ဆင့် သေဆုံး သွားကြ တော့သည်။
မကြာမီ ကိုဘောရယ်၏ ယာတဲသို့ တူမီးကိုင် လူငယ် အဖွဲ့များ ရောက်လာ တော့သည်။ လူငယ် အဖွဲ့များ နှင့်အတူ နတ်ဆရာလည်း ပါလာသည်။ လူငယ် အဖွဲ့မှ ကိုဘောရယ်ကို တဲထဲမှ ဆွဲထုတ်ပြီး ရွာပြင် သစ်တောအုပ် ထဲသို့ ကြိုးတုပ် ခေါ်ဆောင် သွားသည်။
နတ်ဆရာမှ ကိုဘောရယ် ရှေ့တွင် ကြက်တစ်ကောင်၏ ဘယ်ဘက်ခြေထောက်အား ဓါးဖြင့် လှီးဖြတ်ကာ ခြေထောက် ရိုးအား စွဲထုတ် လိုက်သည်။ ယင်းနောက် ကြက်ရိုးမှ အပေါက် ကလေး များအား ကြည့်ကာ ကိုဘောရယ်သည် စုန်းတစ်ယောက် ဖြစ်ကြောင်း အတည်ပြု ပေးလိုက်သည်။
ယင်းနောက် လူငယ် များမှ ကိုဘောရယ်အား စုန်းကဝေ အတတ်ဖြင့် ကလေး၊ သူငယ် များအား ပြုစား သူဟု သတ်မှတ်ကာ တူမီး သေနတ် များဖြင့် အချက်ပေါင်း များစွာ ပစ်သတ်ကာ မြေမြုပ် လိုက်ကြ တော့သည်။ ကိုဘောရယ်၏ ၀ိဉာဉ်မဲ့ ခန္ဓာသည် ရိုးရာ ယုံကြည်မှု အစွဲ အလမ်း အချို့၏ အကျဉ်း တန်သော အစွန်းရောက် အယူအဆ များကြောင့် ကယော ဒေသ၏ မြေနီနီအောက်တွင် လူမသိ သူမသိ ပျောက်ဆုံး သွားရ လေတော့သည်။
"ဒီလိုတွေ ဖြစ်ပျက် နေတာ ဒီဆယ်စု နှစ်ပိုင်းမှာ အမှုပေါင်း (၂၀) ကျော်ပြီဗျ။ တစ်ချို့က အကြောင်း ပြချက် ခိုင်ခိုင်လုံလုံ မရှိဘဲ စုန်းကဝေ ဆိုပြီး သတ်ဖြတ်တာ ခံခဲ့ ရသလို၊ တစ်ချို့လည်း မိသားစုကို ရွာပြင် ထုတ်ပြီး စွန့်ပယ်တာ ခံခဲ့ ရတယ်။
တစ်ချို့ဆို ကိုယ်တိုင်တောင် ဘာမှန်း မသိဘဲ စုန်းဆိုပြီး အသတ်ခံ ခဲ့ရ တာလေ။ ငါတို့ ရိုးရာ ယုံကြည်မှု အရ ဒါမျိုးတွေ ရှိတယ် ဆိုတာ ယုံပေမယ့် ဒီလိုမျိုး အရမ်း ကာရော သတ်ဖြတ်မှု အချို့ ကိုတော့ ငါလက်ခံလို့ မရဘူး" ဟု လွိုင်ကော် တက္ကသိုလ်တွင် ဒုတိယနှစ် အထိ ကျောင်းတက်ရောက် ဖူးသူ ဒေသခံ ကိုအာကို စတီးနိုက ပြောကြားသည်။
ပြီးခဲ့သည့် နှစ်အနည်းငယ် အတွင်း ကလည်း ကယား ပြည်နယ် ဒီးမော့ဆို ကျေးရွာ အတွင်းရှိ ရွာတစ်ရွာတွင် စုန်းကဝေဟု စွပ်စွဲပြီး အမျိုးသမီး တစ်ဦးအား ရွာပြင်ထုတ် သတ်ဖြတ် ခဲ့သူ လူငယ် တစ်စုအား ဒီးမော့ဆို ရဲစခန်းမှ လူသတ် မှုဖြင့် အရေးယူ ခဲ့ဖူးကြောင်း သိရှိ ရသည်။
အဆိုပါ အမျိုးသမီး၏ ယောင်္ကျား ဖြစ်သူမှာ စင်္ကာပူ နိုင်ငံတွင် သွားရောက် အလုပ် လုပ်နေပြီး (၃) နှစ်် အရွယ် သမီး တစ်ယောက်၏ မိခင် ဖြစ်သည်။ ယင်း အမျိုး သမီးသည် အရပ်(၅) ပေ (၉) လက်မခန့် ရှိပြီး ယောင်္ကျား ဖြစ်သူ နိုင်ငံ ခြားသို့ ထွက်ခွာ ပြီးနောက် ခရုသင်း ၊ သမင်ဖြူ ရောဂါ စွဲကပ်ကာ တစ်ကိုယ်လုံး ဆွတ်ဆွတ် ဖြူဖွေး နေတော့သည်။
ယင်း၏ ထူးခြားသော ရောဂါ လက္ခဏာ ကပင် ထိုအမျိုး သမီးအား စုန်း ကဝေ အဖြစ်ရွာမှ သတ်မှတ်စရာ ဖြစ်လာကာ ၄င်း၏ ကံကြမ္မာအား အဆုံးအဖြတ် ပေးခဲ့ခြင်း ဖြစ်သည်။
ရွာအတွင်း ကလေး ငယ်များ အသေအပျောက် ဖြစ်သည့် အခါတိုင်း အမျိုးသမီး၏ မယ်တော်မာရိဘုရားစင်တွင် တင်ထားသော ပန်းတစ်ပွင့်မှာ ညှိးရော် သွားတတ်ကြောင်း ၊ အချို့ ညများတွင် ယင်းအမျိုးသမီး၏ ခြံဝန်း အတွင်းမှ မီးလုံးများ ပျံတတ် သွားတတ်ကြောင်း ကောလဟလများ ထွက်ပေါ် ပြီးနောက် မကြာမီ ရွာအတွင်း ၀မ်းရောဂါဖြင့် ကလေးငယ် (၃) ဦးခန့် ဆက်တိုက် သေဆုံးသွား ကြတော့သည်။
ယင်းနောက် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာ လူငယ် တို့မှ စုန်းမဟု ရွာမှ ပြောဆိုနေသော အဆိုပါ အမျိုးသမီးအား နေအိမ် အပေါ်မှ ဆွဲချပြီး လည်ပင်းတွင် ကြိုးချည်ကာ (၅) ဖာလုံခန့် ရှိသည့် ရွာလည် လမ်းအတိုင်း ဒရွတ်တိုက် ဆွဲသွား ကြပြီး ရွာအပြင်ရှိ ကျောက်ဂူ တစ်ခု အတွင်း အရှင် လတ်လတ် ပိတ်ပစ် ခဲ့ကြသည်။
၄င်း၏ (၃) နှစ် အရွယ် ကလေး မှာမူ အဖွား ဖြစ်သူမှ ခေါ်ဆောင်ပြီး အခြား တစ်ရွာသို့ တိမ်းရှောင် သွားသဖြင့် သက်သာရာ ရခဲ့သည်။ အသတ်ခံ ရသူ အမျိုး သမီး၏ ခင်ပွန်း ဖြစ်သူမှ နိုင်ငံခြားမှ ပြန်လာသော အခါ ယင်းဖြစ်ရပ်အား ဒီးမော့ဆို ရဲစခန်းသို့ တိုင်ကြား ခဲ့သဖြင့် ရဲတပ်ဖွဲ့ ၀င်များမှ ကျောက်ဂူ အတွင်းတွင် အရိုးကျ နေပြီ ဖြစ်သော အလောင်းအား ထုတ်ယူကာ တရားခံ များအား အရေးယူနိုင်ခဲ့သည်။
နေအိမ်များနှင့် တောင်ထိပ် များတွင် တော်တော်များများ တွေ့ရသည့် လက်ဝါး ကပ်တိုင် အမှတ်တံဆိပ်များကို ကြည့်ခြင်းဖြင့် ကက်သလစ် ခရစ်ယာန် ဘာသာ ထွန်းကားသည့် ဒေသ တစ်ခုမှန်း အလိုလို သိနိုင် လေသည်။
သို့သော် ကက်သလစ် ခရစ်ယာန် ဘာသာ နှင့်အတူ ရိုးရာ ယုံကြည်မှု များကလည်း မတိမ်ကော မပပျောက်ဘဲ ပါးစပ် ရာဇဝင် အဖြစ် တည်ရှိ နေကြပြန်သည်။ စုန်း၊ ကဝေ၊ နတ်ဆိုး အဖြစ် ရွာမှ သတ်မှတ် ထားသူ အချို့နှင့် သူတို့၏ မိသားစု များမှာ ရွာသူ ရွာသား များမှ ဖယ်ကြဉ် ခြင်းကို ခံရပြီး စိတ်ပိုင်းဆိုင်ရာ ဝေဒနာ များကို ခံစား လာရတော့သည်။
ထို့ပြင် ကျေးရွာ များတွင် စိတ်ရောဂါ ဝေဒနာသည် များလည်း ပိုမို များပြား လာသည်ကို တွေ့ရသည်။ ပြီးခဲ့သည့် လအနည်းငယ်က ဒီးမော့ဆို မြို့နယ် ဒေါဆော်ဖျ ကျေးရွာတွင် စိတ်ရောဂါ ဝေဒနာသည် တစ်ဦး၏ မီးရှို့ မှုကြောင့် အိမ်ခြေ အများအပြား မီးလောင် ခဲ့သည်။
ယင်း မီးလောင် မှုတွင် အိမ်သူ အိမ်သား များမှ တောင်ယာ သွားနေစဉ် အတွင်း စိတ်ဖောက်ပြန် မှုကြောင့် နေအိမ်တွင် ကျန်ခဲ့သည့် စိတ်ဝေဒနာရှင် တစ်ဦးမှ နေအိမ်အား မီးရှို့ခဲ့သဖြင့် ရွာအတွင်း အခြား နေအိမ် များအတွင်း ကြိုးနှင့် တုပ်ထား ခဲ့သည့် စိတ်ရောဂါ ဝေဒနာရှင် (၂) ဦးလည်း မီးလောင် သေဆုံး ခဲ့ရသည်။
ဖွံဖြိုးမှု နောက်ကျ လွန်းသည့် ယာဧပရား ၊ ဟိုယာ ၊ ဘီယာ၊ ကေကော ၊ ခါးဘယ် ဒေသ များတွင် ငြိမ်းချမ်းရေး အဖွဲ့ အစည်း အချို့၏ ခဲသတ္တု တူးဖော် မှုနှင့် သတ္တု သန့်စင် စက်ရုံများ တည်ဆောက် လည်ပတ် ရာတွင် ရေဆိုး များအား Recycle နည်း မသုံးဘဲ ဖြစ်သလို စွန့်ထုတ် မှုများကြောင့် ခဲသတ္တု အဆိပ် သင့်နေသော ရေများအား သောက်သုံး ရသဖြင့် ကလေးငယ်များ အမည်မဖော် နိုင်သော ရောဂါဖြင့် သေဆုံး ခဲ့ရသည်။
သို့သော် ပြည်တွင်း စစ်၏ ဘေးထွက် ဆိုးကျိုးကြောင့် ရုပ်ပိုင်း ဆိုင်ရာ စိတ်ပိုင်း ဆိုင်ရာ ဖွံ့ဖြိုးမှု နောက်ကျ ခဲ့ရရှာသော ဒေသခံ တို့တွင် စုန်းကဝေ ဟူသော ခေတ်နောက်ပြန် ဆွဲသည့် ယုံကြည်ချက် အစွန်း တစ်ခုကြောင့် အပြစ်မဲ့ ဒေသခံ ဘယ်နှစ်ယောက်များ စတေး ခံခဲ့ရ ပြီလဲ။ အပြစ်မဲ့ ဒေသခံ ဘယ်နှစ်ယောက်ရော လူသတ် သမားများ အဖြစ် သွေးပေ ခဲ့ပြီလဲ။
ကယော လူမျိုးတို့ စားသုံးသော ဆန်နီနီနှင့် မက်ခါသီး ရနံ့ သင်းနေသော ၀က်သားချက်ကို စားသုံးရင်း ဟိုးအဝေး တောင်ယာ များမှ ပလိုင်း ကိုယ်စီနှင့် တောင်ယာ ပြန်လာ ကြသော ကယော အမျိုးသား အမျိုးသမီး များအား လှမ်းငေး ကြည့်လိုက် မိသည်။
လည်ပင်း ၀တွင် တစ်နေသော ထမင်း ကြမ်းကြမ်းအား ဘေးနားရှိ ၀ါးကျူ ပိုက်တပ် အိုးထဲမှ ကယော ရိုးရာ စုပ်ခေါင် တစ်ကျိုက်ဖြင့် မျောချရင်း ကျွန်တော့် အတွေးများ ကတော့၊ ၁၆ ရာစု ဥရောပ အမှောင်ခေတ် ကာလ အတွင်းက စုန်းကဝေ အဖြစ် လူသား များအား စွပ်စွဲပြီး အရှင်လတ်လတ် မီးရှိူ့် သတ်ခဲ့သည့်် အဖြစ်များ ဆီသို့ တွေးမိ ရင်းက --- ။