လက်ရှိ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ငြိမ်းချမ်းရေး၊ အပစ်ရပ်စဲရေး ဆွေးနွေးနေကြတဲ့နေရာမှာ ကာချုပ်ရဲ့ မူ ၆ ချက်က အဟန့်အတားဖြစ်နေတယ်လို့ ပြောကြဆိုကြတဲ့ အသံ ထွက်လာပါတယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ ကာချုပ်ရဲ့ မူဝါဒ ၆ ချက် ကတော့
ငြိမ်းချမ်းရေး ဘယ်လောက် ခရီးပေါက်ပြီလဲ
လက်ရှိ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ငြိမ်းချမ်းရေး၊ အပစ်ရပ်စဲရေး ဆွေးနွေးနေကြတဲ့နေရာမှာ ကာချုပ်ရဲ့ မူ ၆ ချက်က အဟန့်အတားဖြစ်နေတယ်လို့ ပြောကြဆိုကြတဲ့ အသံ ထွက်လာပါတယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ ကာချုပ်ရဲ့ မူဝါဒ ၆ ချက် ကတော့
(၁) ထာဝရငြိမ်းချမ်းရေး ရယူဖို့ အမှန်တကယ် ဆန္ဒရှိရမယ်။
(၂) သဘောတူကြတဲ့အတိုင်း ကတိတည်ရမယ်။
(၃) ဒီငြိမ်းချမ်းရေး သဘောတူညီချက်အပေါ် အမြတ်မထုတ်နဲ့။
(၄) ဒေသခံပြည်သူတွေအပေါ် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရဘူး။ သဘောကတော့ စစ်သား မကောက်နဲ့၊ ဆက်ကြေး မတောင်းနဲ့၊ တို့တွေပဲ တရားဝင် အခွန်ကောက်မယ်။
(၅) နိုင်ငံတော်ရဲ့ တည်ဆဲဥပဒေတွေကို တသွေမတိမ်း လိုက်နာရမယ်။
(၆) တို့တာဝန်အရေးသုံးပါးကို မထိနဲ့၊ ပြီးတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ခံရမယ် စတာတွေ ဖြစ်ပါတယ်။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး မူကြမ်းအတွင်း ထည့်ဖို့ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့ ၁၆ ဖွဲ့ ပါဝင်ဖွဲ့စည်းထားတဲ့ NCCT ဘက်က တင်ပြထားတဲ့ အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေး ဆိုတဲ့အချက်ကိုလည်း တပ်မတော်ဘက်က လက်မခံတာကို တွေ့ရပါတယ်။ ဒါ့အပြင် သဘောတူစာချုပ်ထဲမှာ ဖက်ဒရယ်ဆိုတဲ့ စကားလုံးကို ရှောင်ကွင်းပြီး ပတ်ပြေးနေတာ၊ တော်လှန်ရေးအဖွဲ့ ဆိုတဲ့ အသုံးအနှုံးကို သဘောမခွေ့တာ စတာတွေဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ စိတ်အားထက်သန်မှုနဲ့ ယုံကြည်မှုကို ပျက်ပြားစေပါတယ်။ ဒါကြောင့် တပ်မတော်ရဲ့ ရပ်တည်ချက်ဟာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် အတားအဆီး ဖြစ်နေတယ်လို့ NCCT အဖွဲ့ရဲ့ ဦးဆောင်သူတစ်ဦးဖြစ်တဲ့ နိုင်ဟံသာက ပြောပါတယ်။ ဒါပေမယ့်လည်း MPC က ဦးလှမောင်ရွှေကတော့ “တကယ်လက်မှတ်ထိုးတဲ့ အထဲမှာလည်း ဒီ ၆ ချက်က လုပ်ကိုလုပ်ရမယ်လို့ မပါပါဘူး၊ လုပ်ကိုလုပ်ရမယ် ဆိုတာမျိုး ရေးထားတာ မရှိဘူး” လို့ ကာကွယ်ပြောဆိုလိုက်ပါတယ်။
ဒါကြောင့်လည်း မြန်မာ့အရေးကို စောင့်ကြည့်လေ့လာနေတဲ့ ဆွီဒင်သတင်းစာဆရာ Bertil Linter က MPC ကို ငြိမ်းချမ်းရေးထက် အငြင်းပွားရေးကိုသာ ဦးတည်နေတယ်လို့ ဝေဖန်လိုက်ပါတယ်။ သူပြောတာက “တိုင်းရင်းသား လက်နက်ကိုင်နဲ့ မြန်မာအစိုးရကြားမှာ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ပေးနေတယ်ဆိုတဲ့ MPC က အကြွေစေ့ဂိမ်းစက်လိုပဲ လုပ်နေကြတယ်၊ စက်ထဲကို အကြွေစေ့ထည့်လို့ ဂဏန်းတွေတူသွားရင် အကြွေစေ့တွေ အများကြီးကျလာသလိုပဲ လက်နက်နဲ့ ငြိမ်းချမ်းရေး လဲတဲ့အချိန် သူတို့အကွက်ထဲကို ဝင်သွားရင် ငွေတွေ၊ လုပ်ပိုင်ခွင့်တွေ၊ ကားပါမစ်တွေ ကျလာတယ်၊ ငြိမ်းချမ်းရေးအတွက် ခေါင်းစဉ်တပ်ထားပေမယ့် တကယ်တမ်းကျတော့ အငြင်းပွားမှုတွေပဲ ဖြစ်လာတယ်” လို့ သူက ထောက်ပြပါတယ်။
ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်ဟာ အခက်အခဲအမျိုးမျိုး တွေ့နေရတယ်လို့ ဒီလအတွက် ဟောသွားတဲ့ သမ္မတမိန့်ခွန်းထဲမှာလည်း ဝန်ခံထားတာကို တွေ့နိုင်ပါတယ်။ သူ့ဟောချက်က ဂလိုပါ။ “ငြိမ်းချမ်းရေးကိစ္စဟာ အလွန်ခက်ခဲနက်ရှိုင်းပြီး နှစ်ပရိစ္ဆေဒ အလွန်ရှည်ကြာခဲ့ပြီဖြစ်တဲ့ ပြဿနာကို ကိုင်တွယ်ဖြေရှင်း ဆောင်ရွက်နေတာ ဖြစ်တဲ့အတွက် အခက်အခဲအမျိုးမျိုးနဲ့ ရင်ဆိုင်ကြုံတွေ့ရပါတယ်၊ သို့သော်လည်း ပြည်သူများ ဆန္ဒပြင်းပြနေတဲ့ ငြိမ်းချမ်းရေး ရရှိရေးကို ကျွန်တော့်အနေနဲ့ ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” လို့ ပါရှိတယ်။ သဘောကတော့ ငြိမ်းချမ်းရေး ရဖို့ဆိုတာ အဝေးကြီးမှန်းသိပေမယ့် သူ့အနေနဲ့ ခုရော နောင်ရော ဘယ်တော့မှ မလျှော့ပါဘူးပေါ့။
တစ်ဖက်ကို ပြန်စဉ်းစားကြည့်တဲ့အခါ တိုင်းရင်းသားတွေ လက်နက်ကိုင်ခဲ့ကြတာဟာ မနေ့တစ်နေ့ကမှ မဟုတ်တာ၊ နှစ်ပေါင်း ၆၀ ကျော် ကြာခဲ့ပြီပဲ၊ မြန်မာနိုင်ငံလောက် ပြည်တွင်းစစ် ရှည်ကြာနေတာ ကမ္ဘာမှာ မရှိတော့ဘူး။ အပေါ်ယံဖြေရှင်းရုံလောက်၊ ဟန်ပြလေး လုပ်ပြရုံလောက်နဲ့ ပြဿနာကို ဖြေရှင်းမရနိုင်ဘူး။ အဓိကကျတဲ့ အခြေခံကျတဲ့ အကြောင်းရင်းကို ဖြေရှင်းချင်တဲ့ စိတ်ရှိကြမှသာ အမှန်အကန် ငြိမ်းချမ်းရေးဆိုတာ ပေါ်ပေါက်လာမှာပါ။ ဒီကနေ့ဆိုရင် မြန်မာနိုင်ငံမှာ အစိုးရကို မတော်လှန်တဲ့ လက်နက်ကိုင် တိုင်းရင်းသားလူမျိုးဟာ မရှိသလောက်ပါပဲ။ ကမ္ဘာမှာမရှိတဲ့ မြန်မာတစ်နိုင်ငံတည်းမှာသာ ရှိတဲ့ ကျောင်းသားတပ်မတော် ဆိုတာတောင် ပေါ်လာသေးတာပဲ။
ပြဿနာရဲ့ အရင်းအမြစ်ကို ပြန်ကြည့်မယ်ဆိုရင် တန်းတူရေး မရှိခဲ့လို့၊ ကိုယ်ပိုင်ပြဌာန်းခွင့် မရခဲ့ကြလို့၊ လူ့အခွင့်အရေးတွေ ချိုးဖောက်ခံရလို့၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းအားဖြင့် ဖြေရှင်းခွင့်မရခဲ့လို့၊ ပင်လုံသဘောတူညီချက် ကတိကဝတ်တွေကို အကောင်အထည် မဖော်ဘဲ လစ်လျူရှုခဲ့ကြလို့ ဆိုတဲ့ အကြောင်းရင်း တသီတတန်းကြီးကို ရှင်းရှင်းလင်းလင်း တွေ့ရမှာဖြစ်ပါတယ်။ ဒါကို နားမလည်ဘဲ အာဏာကို မတရားရယူခဲ့ကြတဲ့ အုပ်စိုးသူ အဆက်ဆက်ဟာ အမှန်တရားကို ဖုံးကွယ်ပြီး လက်နက်ကိုင်အဖွဲ့တွေကြားမှာ သပ်လျှိုတာ၊ သွေးခွဲတာ၊ အားသေးတဲ့အဖွဲ့ဆိုရင် အခွင့်အရေးပေး မြှောက်ပင့်ပြီး အားကြီးတဲ့အဖွဲ့တွေကျတော့ အမြစ်ပြတ် ချေမှုန်းဖို့ ကြိုးပမ်းတာကိုပဲ တွေ့ရမှာဖြစ်ပါတယ်။ အစိုးရဟာ တိုင်းရင်းသားလက်နက်ကိုင် အတိုက်အခံတွေကို သဘောထားကြီးစွာ စေ့စပ်ဆွေးနွေး စည်းရုံးဖို့ဆိုတာထက် နည်းမျိုးစုံနဲ့ အနိုင်ယူချေမှုန်းနိုင်ဖို့ တစိုက်မတ်မတ် ကြိုးပမ်းနေခဲ့ကြတယ်။
ဒီလို Divide & Conquer လုပ်ခြင်းအားဖြင့်၊ Negotiated Surrender ဖြစ်အောင် ကျင့်သုံးပုံဖော်ခြင်းအားဖြင့် ပြဿနာကို ပြေလည်မသွားစေဘဲ ပိုမိုရှုပ်ထွေးလာစေတဲ့အပြင် ပြဿနာဟာ တဖြည်းဖြည်း ကြီးထွားလာပါတော့တယ်။ နိုင်ငံရေးနည်းလမ်းမပါဘဲနဲ့ လက်နက်နည်းနဲ့ ဖြေရှင်းလို့ မရဘူးဆိုတာ ကမ္ဘာ့ဖြစ်စဉ်တွေမှာ လေ့လာကြည့်ရင် တွေ့နိုင်ပါတယ်။ ကမ္ဘာပေါ်မှာ စစ်အင်အား အတောင့်တင်းဆုံး၊ အထက်မြက်ဆုံး၊ နည်းပညာအမြင့်ဆုံး ဆိုတဲ့ ပြိုင်ဖက်ကင်း အမေရိကန်စစ်တပ်တောင်မှ အင်အား ၂၅၀၀၀ လောက်ပဲရှိတဲ့ တာလီဘန် စစ်သွေးကြွတွေကို အမြစ်ပြတ် မချေမှုန်းနိုင်သေးတာဟာ ထင်ရှားတဲ့ သာဓကပါပဲ။
အတိုက်အခံဆိုသူတွေ ဘာထိုင်လုပ်
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ကို ပြင််ဆင်ရေး ပြည်သူလူထု လက်မှတ်ရေးထိုး လှုပ်ရှားမှုကို NLD က ဦးဆောင်ပြီး တစ်နိုင်ငံလုံးအနှ့ံ ပြုလုပ်သွားမယ်လို့ မေလ ၂ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ထားတာ တွေ့ရပါတယ်။ ဦးဉာဏ်ဝင်း ခေါင်းဆောင်တဲ့ အဖွဲ့ဝင် ၆ ဦးပါ ဗဟိုကော်မတီကိုလည်း ဖွဲ့စည်းလိုက်ပါတယ်။ ဒါ့အပြင် NLD နဲ့ ၈၈ ငြိမ်း/ပွင့် ပူးပေါင်းပြီး သူတို့ အင်မတန်မှ စိတ်အားထက်သန်လှတဲ့ လူထုတစ်ရပ်လုံး လမ်းပေါ်ထွက်လာရေးကို ပြင်ဆင်လာကြတဲ့ အနေအထားမှာ တွေ့နေရပါတယ်။ ဒီလထဲမှာပဲ ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်မှာ ကြံ့ဖွ့ံပါတီက ဦးစီးပြီး ပုဒ်မ ၅၉ (စ) မပြင်ရေးအတွက် လူအင်အား ၁၇၀၀ လောက်ပါတဲ့ လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော် စီတန်းလှည့်လည်ပွဲတစ်ခုကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာလို ရှပ်နီ၊ ရှပ်ဝါ အုပ်စုဖွဲ့ပြီး တန်ပြန် ဆန္ဒပြကြသလိုမျိုး မြန်မာပြည်မှာလည်းပဲ ခွပ်ဒေါင်းနဲ့ ခြင်္သေ့ တိုက်ပွဲ ဘယ်တော့စမလဲဆိုတာ စိတ်ဝင်စားစရာပါ။
နိုင်ငံရေးစောင့်ကြည့်ဝေဖန်သူတွေကတော့ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ one lady show တိုက်စစ်ကို စွန့်လွှတ်ချိန်တန်ပြီလို့ ပြောနေကြပါတယ်။ သမ္မတကြီးရဲ့ တူတာတွဲလုပ်၊ မတူတာခွဲလုပ် ဆိုတဲ့ ပေါ်လစီကလည်း အဆင်မပြေ၊ လွှတ်တော်ဥက္ကဋ္ဌရဲ့ မနဲ့မောင်လေး ဆက်ဆံရေးကလည်း သိပ်ပြီး မထိရောက်၊ အရေးထဲ ရွေးကောက်ပွဲကော်မရှင် ဆိုတာကြီးကလည်း မဆီမဆိုင် ဝင်ကြပ်နဲ့ အမေစုခမျာ အဖော်ပြုစရာ တစ်နေ့တခြား ပါးလျားလာတာကို တွေ့မြင်နေရပါတယ်။ ငါ့မြင်း ငါစိုင်း စစ်ကိုင်းကိုလည်း ရောက်ခဲ့ပြီးပြီ၊ င့ါလှေ ငါထိုး ပဲခူးကိုလည်း ရောက်ခဲ့ပြီးပြီ၊ ခုဆိုရင် ငါ့ကား ငါမောင်း လက်ပံတောင်းလည်း ရောက်ခဲ့ပြီးပါပြီ။ တရားဥပဒေစိုးမိုးရေးကော်မတီ ဥက္ကဋ္ဌ တာဝန်ယူထားသူက တရားဥပဒေစိုးမိုးရေး အတွက် ဘာမှမတတ်နိုင်ချိန်မှာ သန့်ရှင်းသောအစိုးရ (clean government)၊ ကောင်းမွန်သော အုပ်ချုပ်ရေး (good governance) ဖြစ်စေရမယ်လို့ ကြွေးကြော်နေတဲ့ သမ္မတကြီးက ၃ သိန်းအောက်မှာပဲ လာဘ်ယူရမယ်လို့ ဥပဒေထုတ်ပြန်ပြီး လက်မှတ်ရေးထိုးလိုက်ပါတယ်။ ၃ သိန်းထက်ပိုသွားရင် အရေးယူမှုကို ပြုလုပ်မယ်လို့ ဆိုပါတယ်။ ထို့အတူပဲ အစိုးရသစ်ဟာ တက်လာလာချင်းကိုပဲ ရန်ကုန်မြို့ကို စင်ကာပူနဲ့ တူအောင် ၅ နှစ်အတွင်း ကျုပ်တို့ လုပ်ဆောင်ပြမယ်လို့လည်း ကြွေးကြော်ခဲ့ဘူးပါသေးတယ်။ ယနေ့မှာတော့ အဲဒီ စင်ကာပူနဲ့တူအောင် လုပ်ပြမယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေရဲ့ အိမ်တွေခြံတွေပဲ စင်ကာပူနဲ့ တူလာတာကို တွေ့ရပါတယ်။
ဒါကြောင့်လည်း အမျိုးသားလွှတ်တော်အမတ် ဒေါက်တာအေးမောင်က လူထုယုံကြည်တဲ့ အစိုးရနဲ့ လွှတ်တော် ဖြစ်မလာဘူးဆိုရင် ရခိုင်တစ်မျိုးသားလုံး ပါဝင်တဲ့ ခေတ်ပြောင်းတော်လှန်ရေးတစ်ရပ် ဆင်နွှဲသွားမယ်လို့ ကျောက်ဖြူမြို့မှာ မကြာခင်က ကျင်းပပြီးစီးသွားတဲ့ ရခိုင်ညီလာခံမှာ ရခိုင်လူထုက မေးတဲ့မေးခွန်းအပေါ် အဲဒီလို ဖြေကြားခဲ့ပါတယ်။ သူလည်းပဲ လွှတ်တော်သက်တမ်း ငါးနှစ်သာ ဖင်နားကပ်လာတယ် မျှော်သလို ဘာမှဖြစ်မလာရှာတော့ စိတ်မရှည်လို့ ပြောလိုက်မိတယ် ထင်ပါရဲ့။
ခြေ/ဥ နဲ့ ပြင်/သစ် ပြဿနာ
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် တိုင်းပြည် တည်ငြိမ်အေးချမ်းနေတယ်လို့ ယူဆထားတဲ့သူတွေ ရှိသလို၊ ဒီ ဖွဲ့စည်းပုံအခြေခံဥပဒေကပဲ တိုင်းရင်းသားပြဿနာ၊ နိုင်ငံရေးပြဿနာတွေကို ဖန်တီးနေပြီး တိုင်းပြည်ကို ဆင်းရဲတွင်းဆီ ခေါ်ဆောင်နေတယ်လို့ ရှုမြင်တဲ့သူလည်း ရှိပါတယ်။ သေချာတာတစ်ခုကတော့ မြန်မာနိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အကျပ်အတည်း (Constitutional Crisis) တစ်ရပ်ဆီကို ဦးတည်နေပြီဆိုတာပါပဲ။ ဥပဒေရေးရာကျွမ်းကျင်သူတွေကတော့ ဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပြင်ဆင်ရန် အင်မတိအင်မတန် ခက်ခဲတဲ့ ဥပဒေဖြစ်တယ်။ သိကြားမင်း မိုးပေါ်ကဆင်းလာပြီး ပြင်ခိုင်းရင်တောင် ဒါကြီးကို ပြင်ဖို့မလွယ်ဘူးလို့ ထောက်ပြကြပါတယ်။ တကယ်လည်း ခုချိန်ထိ ဝစ္စနှစ်လုံးပေါက်လေး တစ်ခုတောင် လွှတ်တော်ထဲက လူတွေ ပြင်နိုင်သေးတာ မဟုတ်ပါဘူး။ တချို့ကလည်း အသစ်ပြန်ရေးဆွဲဖို့ လိုလားနေကြပါတယ်။ ဒီကြားထဲ အသစ်ပြန်ရေးမယ့်ဘက်က အမာခံတစ်ဦးဖြစ်တဲ့ NLD နာယကကြီး ဦးဝင်းတင် ပြီးခဲ့တဲ့ ဧပြီလထဲမှာ ကွယ်လွန်သွားရှာတော့ အသစ်ရေးဂိုဏ်းအတွက် တစ်အား လျော့သွားရှာတာပေါ့။
၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေါ်ပေါက်လာတဲ့ လွှတ်တော်နှစ်ရပ်ကို ကြည့်ရင် ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲတဲ့အခါ ပြည်သူ့လွှတ်တော်ဘက်ကပဲ အမြဲတမ်း အခွင့်အလမ်းသာနေတာ၊ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေရဲ့ ဝန်ကြီးချုပ်ကို သမ္မတကပဲ စိတ်ကြိုက်ခန့်အပ် ရွေးချယ်နေတာ၊ ပြည်နယ်လွှတ်တော်တွေက ဘာဥပဒေမှ မပြဌာန်းနိုင်သေးတာ၊ ပြည်နယ်အစိုးရအနေနဲ့ သူတို့လုပ်ပိုင်ခွင့်က ဘာဆိုတာကို သဲသဲကွဲကွဲ မသိတာ၊ ပြည်နယ်အစိုးရရဲ့ လုပ်ပိုင်ခွင့်ကလည်း ကျောင်းဆရာတစ်ယောက်တောင် ခန့်ပိုင်ခွင့်မရှိ၊ ဆရာဝန်တစ်ယောက် ခေါ်ပိုင်ခွင့် မရှိ၊ ပြည်နယ်ဘတ်ဂျက်က မလုံမလောက်၊ ပြည်ထောင်စုအစိုးရအနေနဲ့ ဗဟိုချုပ်ကိုင်မှု လျော့ချပေးမယ်လို့ ပြောတာလည်း လက်တွေ့မှာ ဘာတစ်ခုမှ ဖြစ်မလာ။ ပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားရေးရာဝန်ကြီးတွေခမျာ ရာထူးထမ်းဆောင်လာတာ သက်တမ်းတစ်ဝက်ကျော်မှ ခင်ဗျားတို့လည်း အစိုးရအဖွဲ့နဲ့ ဆိုင်ပါတယ်လို့ အသိအမှတ်ပြုတာ ခံရရှာတယ်။
နောက် သတင်းလွတ်လပ်ခွင့် ဆိုတာကလည်း မေးခွန်းထုတ်ချင်စရာ ဖြစ်လာပါတယ်။ သတင်းထောက်တွေ ခြိမ်းခြောက်ခံနေရတာ၊ သတင်းသမားတွေကို တရားစွဲတာ၊ ထောင်ချတာတွေကိုလည်း ခပ်စိတ်စိတ်လေး တွေ့မြင်နေရပြီး အရင် စစ်အစိုးရခေတ်တုန်းကလို တဖြည်းဖြည်း ဆင်တူလာနေပါတယ်။ သမ္မတကြီး မကြာခဏ ပြောပြောနေတဲ့ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးတို့၊ အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးတို့၊ ပြည်သူ့ဘဝ လုံခြံုမှုနဲ့ လူမှုစီးပွားတိုးတက်ရေးတို့ ပြည်သူဗဟိုပြု ဖွ့ံဖြိုးတိုးတက်ရေး မဟာဗျူဟာတို့ ဆိုတာတွေလည်း မိဘပြည်သူတွေခမျာ ဘကြီးအောင် ညာတယ်လို့ပဲ ခံစားနေရပါတယ်။ မိန့်ခွန်းပြောတာလောက်နဲ့ တိုင်းပြည်မတိုးတက်နိုင်သေးဘူး ဆိုတာကိုလည်း သိလာရပါတယ်။ မိဘပြည်သူတစ်ရပ်လုံးရဲ့ လက်တွေ့ဘဝမှာတော့ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ စားဝတ်နေရေး ပြေလည်ရေး ဆိုတဲ့ အရေးသုံးပါးကသာ အရေးတကြီး လိုအပ်လျက်ရှိနေတယ် ဆိုတဲ့အကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။
စိုင်းနေမင်း
ကိုးကား - နေ့စဉ်ထုတ် ပြည်တွင်းသတင်းစာများ
ဝန်ခံချက် - ဤဆောင်းပါး၏ ခေါင်းစဉ်သည် စိုင်းဝင်းမြင့်၏ ကဗျာစာအုပ်ထဲမှ ယူသုံးထားခြင်းဖြစ်ပါသည်။