ယာဉ်တိမ်းမှောက်မှုများနှင့် လူသေဆုံးမှုများ မကြာခဏ ဖြစ်ပေါ်နေသည့် ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီးအတွက် အကူအညီပေးရန် အမျိုးသား ဒီမိုကရေစီပါတီသစ် ဥက်္ကဋ္ဌ ဦးသိန်းညွန့်က အမေရိကန် အစိုးရထံ မေတ်္တာရပ်ခံထားသည်ဟု သတင်းဖတ်ရသည်။ ၂၀၀၉ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည့် ၃၆၆ မိုင် ရှည်လျားသော အမြန်လမ်းတွင် သေဆုံးသူ ၃၆၇ ဦးရှိနေပြီဖြစ်သည်။ လမ်းတည်ဆောက်ပုံ မကောင်းသဖြင့် ယာဉ်များ မှောက်သည်ဟုလည်းကောင်း၊ ကွန်ကရစ်လမ်းကြောင့် တာယာများ ပွင့်ထွက်သည်ဟုလည်းကောင်း မှတ်ချက်များကို ဖတ်ခဲ့ရသည်။
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးကို ကတ္တရာထပ်ပိုးလွှာ ခင်းနိုင်ရေးအတွက် ဂျပန်နိုင်ငံက အကူအညီပေး မည်ဟူသော သတင်းလည်း ရှိခဲ့ဖူးသည်။ ကျွန်တော်တို့ မြန်မာနိုင်ငံတွင် ဖောက်လုပ်ခဲ့သော ဤအမြန်လမ်းနှင့် ပတ်သက်၍ သတင်းပေါင်းစုံက တစ်နေ့တစ်မျိုး မရိုးနိုင်အောင် ရှိနေသည်။ အမြန်လမ်းပေါ်တွင် ကားများ မှောက်စေရန် ကွန်ကရစ်တုံးချသော မသမာသူ လူစုကို ရဲတပ်ဖွဲ့က ဖော်ထုတ်အရေးယူသည်ကိုလည်း ကြားရသည်။
အမြန်လမ်းပေါ် မောင်းနှင်နေသော ကားများကို ခဲဖြင့်ပစ်သူများ ရှိကြောင်းလည်း ကြားရသည်။ အမြန်လမ်းပေါ်က ယာဉ်မတော်တဆမှုများ သတင်းကြားရတိုင်း စိတ်မချမ်းမြေ့ရသလို ကိုယ်တိုင်ပင် အဆိုပါအမြန်လမ်းပေါ်တွင် ခရီးသွားလျှင် ဘုရားစာဆို၊ မေတ္တာပို့၊ ကုသိုလ်များစွာ ရခဲ့သည်။ ကန့်သတ်မိုင်နှုန်းထက် ပိုမောင်းသော ယာဉ်မောင်းများကြောင့် ယာဉ်မတော်တဆမှု ပိုများသည်ဟု တာဝန်ရှိသူများက မှတ်ချက်ပြုကြသည်။
အဆိုပါ အမြန်လမ်းပေါ်တွင် ကိုယ်တိုင်မောင်းဖူးသော အတွေ့အကြံုအရ လမ်း၏ အားနည်းချက်အချို့ကို တွေ့ရှိရပါသည်။ ရန်ကုန်-နေပြည်တော် လမ်းပိုင်းတွင် အကွေ့အကောက်များလွန်းသည် ဆိုသော်လည်း အကွေ့များတွင် ကီလိုမီတာ ၈၀ (မိုင်-၅၀) နှုန်းသို့ လျှော့ချရန် လမ်းညွှန် ဆိုင်းဘုတ်များ ထားရှိထားပါသည်။ တကယ် မောင်းသည့်အခါတွင်လည်း ကီလိုမီတာ ၈၀ ထက်ပို၍ အကွေ့တွင်မောင်းပါက ယာဉ်သည် မိမိပြေးလမ်း ယာဉ်ကြောအတွင်းမှ အခြားယာဉ်ကြောသို့ တိမ်းပါးသွားသည်ကို သတိပြုမိပါသည်။
သို့သော် ယာဉ်ကြော အကွေ့များတွင် ညာဘက်ကွေ့လျှင် လမ်းဘယ်ဘက်က မြင့်ပြီး၊ လမ်းညာဘက်က နိမ့်သည့် ဆင်ခြေလျောပီပြင်စွာ မရှိသကဲ့သို့၊ ၀ဲဘက်ကွေ့လျှင် လမ်းညာဘက်ကမြင့်ကာ လမ်းဝဲဘက်က နိမ့်သည့် ဆင်ခြေလျောပီပြင်စွာမရှိသည်ကို တွေ့ရှိရပါသည်။ ယင်းသို့ ဆင်ခြေလျောကောင်းမွန်စွာ မရှိသည့် အလျောက် အရှိန်မြင့်စွာ မောင်းနှင်သောယာဉ်များ တိမ်းမှောက်ရန် ရာခိုင်နှုန်း ပို၍များပါသည်။
အမြန်လမ်းပေါ်သို့ ခွေးနှင့် အခြားတိရစ္ဆာန်များ ဖြတ်သန်းသွားလာမှုကလည်း ယာဉ်အန္တရာယ်ကို ဖိတ်ခေါ်နေသကဲ့သို့ ဖြစ်နေသည်။ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးက အမြန်လမ်းအဆင့်ထိ မတည်ဆောက်ရသေးတာကြောင့် အပြည့်အဝ ထိန်းချုပ်လို့ မရသေးပါဘူး။ အမြန်မောင်းလို့ရအောင် ခြံစည်းရိုးကာတာတွေ၊ သတိပေး Flash Light လေးတွေ၊ အဲဒါတွေ အကုန်လုံး ပြီးပြည့်စုံအောင် မတပ်ဆင်ရသေးဘူး။ အကြံပြုချက်အတိုင်းသာ ကားကိုမောင်းပါ။ အက်ဆီးဒင့်ဖြစ်ဖို့ အခွင့်အရေးက အရမ်းနည်းပါတယ်”ဟု အမြန်လမ်းဆောက်လုပ်ရေး အင်ဂျင်နီယာမှူးကြီး ဦးကြည်ဇော်မြင့်က ပြောထားသည်။
အင်ဂျင်နီယာမှူးကြီး ပြောကြားချက်အပေါ် တကယ်လို့ မပြီးသေးဘူးလို့ဆိုရင်လည်း အကုန်ပြီးမှ ဖွင့်ပေါ့။ သူတို့ ညွှန်ကြားချက်တွေကိုလည်း ယာဉ်မောင်းတွေ သိအောင် သေချာ ရှင်းပြရဲ့လား။ ဒါဟာ တစ်နည်းအားဖြင့် လမ်းကြောင့် ခုလို (ယာဉ်မတော်တဆမှုများ) ဖြစ်တာလို့ ၀န်ခံလိုက်တာပါပဲ”ဟု အဝေးပြေး ယာဉ်မောင်းတစ်ဦးက ဝေဖန်ပြောဆိုသည်။
အမြန်ရဲတပ်ဖွဲ့၊ ရဲမှူးကြီးနေဝင်းက ယာဉ်မတော်တဆမှုများပို၍ မြင့်တက်လာခြင်းသည် လမ်းချို့ယွင်းမှုထက် ယာဉ်မောင်းများကြောင့် ပို၍ များလာခြင်းဖြစ်သည်ဟု ဆိုသည်။ ဥပမာတစ်ခုအဖြစ် ညနေ ၅ နာရီခွဲ ပြင်ဦးလွင်မှ ထွက်သည့် ရွှေစင်စကြာ အမြန်ယာဉ် (YUTONG ယာဉ်) သည် ရန်ကုန်မြို့ အောင်မင်္ဂလာ အဝေးပြေးသို့ နံနက် ၃ နာရီ ရောက်သည်။ ပြင်ဦးလွင်မှာလည်း ကုန်တင်တာ နာရီဝက်၊ မိတ်္ထီလာ ယာဉ်ရပ်နားစခန်းမှာ ထမင်းစားတာ နာရီဝက်၊ လမ်းမှာ ခေတ္တရပ်နားပေးတာ ၁၅ မိနစ်ကို နုတ်လိုက်လျှင် ယာဉ်မောင်းချိန် ၈ နာရီ ၁၅ မိနစ် ရှိသည်။
ခရီးမိုင် ၄၀၀ ကျော်ကို ရှစ်နာရီကျော်မောင်းသဖြင့် ပျမ်းမျှမိုင်နှုန်း တစ်နာရီ မိုင် ၅၀ (ကီလိုမီတာ ၈၀) ခရီးတွင်သည်ဟု ဆိုနိုင်သည်။ အန္တရာယ်မရှိသည့် မောင်းနှုန်းဟု မှတ်ယူနိုင်ပါသည်။ အမြန်လမ်း ပိုမိုကောင်းမွန်ရေးအတွက် ဂျပန်နိုင်ငံကို အကူအညီတောင်းတောင်း၊ အမေရိကန်နိုင်ငံကို အကူအညီတောင်း တောင်း၊ ယာဉ်မောင်းသူများ သတ်မှတ်မိုင်နှုန်းအတိုင်း မောင်းနှင်ရန် အားနည်းသရွေ့ ယာဉ်မတော်တဆမှုများ ရှိနေဦးမည်သာဖြစ်သည်ဟု ယူဆမိပါသည်။
မြန်မာနိုင်ငံ၏ ပထမဆုံးသော အမြန်လမ်းပေါ်တွင် မောင်းနှင်နေသော ယာဉ်မောင်းများသည် အရှိန်မြှင့်မောင်းနေသရွေ့ ယာဉ်မတော်တဆမှုများ ဖြစ်နေဦးမည်ဖြစ်သည်။ လမ်းကိုလည်း အပြစ်ဖို့မနေဘဲ၊ ယာဉ်မောင်းများကိုယ်တိုင်က မိမိ၏ အသက်ကို သာမက ယာဉ်စီးသူများ၏ အသက်ကိုပါ ငဲ့ကွက်ကာ စည်းကမ်းလိုက်နာပြီး အရှိန်လျှော့မောင်းကြဖို့ မဇ္ဈိမက တိုက်တွန်းလိုက်ပါသည်